သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘူတို လုပ်ကြံခံရခြင်းအပေါ် AHRC ပြစ်တင်ဝေဖန်


ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံလိုက်ရတာဟာ ပါကစ္စတန်နိုင်ငံထဲမှာ တရားဥပဒေ စိုးမိုးမှုနဲ့ လူ့အခွင့်အရေးတွေ မရှိဘူးဆိုတာ ပြသလိုက်တာ ဖြစ်တယ်လို့လည်း အာရှလူ့အခွင့်အရေးကော်မရှင်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အာရှလူ့အခွင့်အရေးကော်မရှင်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ နော်ဝေနိုင်ငံ အခြေစိုက် ရှေ့နေဦးမင်းလွင်ဦးကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ အတိုက်အခံပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုကို လုပ်ကြံလိုက်တာဟာဖြင့် ပါတီစုံစနစ်ကို အခြေခံမယ့် လွှတ်တော်တစ်ရပ် ထူထောင်မယ့် ကြိုးပမ်းမှုကို ဖျက်လိုဖျက်ဆီး လုပ်လိုက်တာပဲလို့ အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အစိုးရကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုသလို ပြင်ဆင်နေတာကြောင့်မိုလို့ တရားဥပဒေစိုးမိုးမှုမရှိတာဟာ တကယ်တော့ အံသြစရာအကြောင်းမရှိဘူးလို့ အာရှ လူ့အခွင့်အရေးကော်မရှင်မှာ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပြပါတယ်။

“ဒီစစ်အစိုးရ တက်လာတဲ့အခါမှာ မူရှာရက်ဖ် ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့်၊ ဖြည့်စွက်ခွင့်တွေကို ပါလီမန်ရဲ့ သဘောထားမပါဘဲနဲ့ စစ်ဦးစီးချုပ်ရဲ့ အမိန့်အာဏာနဲ့ ပြင်ဆင်ဖို့ကြိုးစားခဲ့တယ်။ ဒါကြောင့် ပါကစ္စတန်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကာအကွယ် ပေးနိုင်မှုအားနည်းသွားတယ်။ ထိုနည်းတူစွာပဲ ပါကစ္စတန်နိုင်ငံမှာ ရှိနေတဲ့ တရားသူကြီးချုပ်ကို ရာထူးကနေဖြုတ်ပစ်လိုက်တယ်။ တခါ အတိုက်အခံဖက်က တောင်းဆိုလာတဲ့အခါမှာ ရာထူးကိုပြန်လည်ခန့်အပ်ရတယ်၊ ဘနာဇီယာ ဘူတိုနဲ့ နဝပ် ရှာရစ်ဖ်ကို ပြန်လာဖို့ခွင့်ပေးတဲ့အတွက် နောက်ဆုံးမှာ တရားသူကြီးချုပ်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်။ ရှေ့နေ တော်တော်များများလည်း နှိပ်စက်ညှင်းပမ်းခြင်း ခံရတယ်။ အခုချိန်ထိ ထောင်သွင်းအကျဉ်းချတာကို ခံနေရတယ်။ ပါကစ္စတန်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုဟာ စစ်တပ်ရဲ့ ခြယ်လှယ်မှုအောက်မှာ ဖြစ်နေတယ်၊ အခုကိစ္စမှာလည်း ဘနာဇီယာ ဘူတိုကို အကာအကွယ် ပေးနိုင်ရဲ့သားနဲ့ တမင်သက်သက် ဒီလို အခွင့်အရေးမျိုးကို ဖန်တီးပြီးတော့ လုပ်ဆောင်တယ်လို့ ကျနော်တို့က ထင်မြင်ယူဆပါတယ်။”

နိုင်ငံရဲ့လွှတ်တော်နဲ့ တရားရေးစနစ်ကို စစ်တပ်က လိုသလိုကြိုးကိုင်နိုင်ဖို့အတွက် မဟာဗျူဟာ ချမှတ်ပြီးတော့ စစ်တပ်ကို ဆန့်ကျင်နေသူတွေကို ဖမ်းဆီး ထောင်ချနေတယ်လို့လည်း AHRC ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ လွတ်လပ်တဲ့ သတင်းလောကကိုလည်း ချုပ်ချယ်ထားပြီးတော့ တရားသူကြီးတွေ၊ သတင်းစာဆရာတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ပျောက်ဆုံးနေတာကိုလည်း စုံစမ်းစစ်ဆေး အရေးယူခြင်း မရှိဘူးလို့ ဆိုပါတယ်။ စစ်သွေးကြွ အကြမ်းဖက်သမားတွေရဲ့ သတင်းအချက်အလက်တွေကို ထောက်လှမ်းပြီးတော့ ရှာဖွေအရေးယူ အပြစ်ပေးရမယ့်အစား ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုသာ ပြစ်မှတ်ထားပြီး ဖမ်းဆီးနေတယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်လိုက်ပါတယ်။

“မူရှာရက်ဖ်အနေနဲ့ စပြီးတက်လာကတည်းက ကြွေးကြော်လာတာက အကြမ်းဖက်သမားတွေကို သူ နှိမ်နင်းမယ်၊ ဘာသာရေး အစွန်းရောက်တွေကို သူ ဖိနှိပ်မယ်၊ တိုင်းပြည် အေးချမ်းအောင် လုပ်မယ်ဆိုပြီးတော့ သူ တက်လာတာဖြစ်တယ်၊ အဲဒီအတိုင်း လက်တွေ့ အကောင်အထည် ဖေါ်နိုင်ခြင်းမရှိဘူးဆိုတာ ကျနော်တို့ တွေ့ရှိရတယ်။ အမေရိကန်ဆီက အထောက်အပံ့ ယူတယ်၊ နိုင်ငံတကာ ဖိအားတွေပေးလာလို့ရှိရင် ဘန်းပြပြီးတော့ နည်းနည်းနှိမ်နင်းလိုက်တယ်၊ ဒါပေမယ့် တကယ်တမ်း နှိမ်နင်းမှု မရှိဘူးဆိုတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ အကြမ်းဖက်သမားတွေ အာဖဂ္ဂန်နဲ့ ပါကစ္စတန် နယ်စပ်တွေမှာ ထကြွနေတယ်လို့ပြောရင်တော့ သူ့အနေနဲ့ နှိမ်နင်းတာတို့၊ ဖမ်းဆီးတာတို့ ဟန်ပြလုပ်ပြတာပေါ့ဗျာ၊ ရှင်းရှင်းပြောရရင် ကျနော်တို့ မြန်မာနိုင်ငံက စစ်အစိုးရနဲ့တော့ ခပ်ဆင်ဆင်ပဲဗျ၊ အဲဒီတော့ နိုင်ငံတကာကနေ ဖိအားပေးပြီး တောင်းဆိုလာပြီ ဆိုရင်တော့ နည်းနည်း လှုပ်ရှားမှုလေးတွေ လုပ်ပြမယ်။ ဖမ်းဆီးမှုလေးတွေ လုပ်ပြမယ် ဒါတွေတော့ ရှိတာပေါ့။”

နိုင်ငံအတွင်းမှာ တရားဥပဒေ စိုးမိုးမှုမရှိတော့ တကယ့် ရာဇဝတ်သားတွေ၊ စစ်သွေးကြွတွေက သက်တောင့်သက်သာ နေနိုင်သလိုနေနိုင်ကြတယ်လို့လည်း AHRC ရဲ့ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။ ဒါကြောင့်မိုလို့ အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံရတဲ့ကိစ္စမှာလည်း ထူးထူးခြားခြား အရေးယူစရာအကြောင်း ရှိလိမ့်မယ်လို့ မယုံကြည်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။ လုပ်ကြံခံလိုက်ရတဲ့ ဘနာဇီယာ ဘူတိုဟာ ခေတ်ပညာတတ်၊ ထက်မြက်တဲ့ နိုင်ငံကိုခေါင်းဆောင်နိုင်တဲ့ လေးစားထိုက်တဲ့ အမျိုးသမီးခေါင်းဆောင် တစ်ယောက်ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံရေးမှာလည်း သက်တမ်း နှစ်ကြိမ်နီးပါးမျှ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့တာ ကျနော်တို့တွေ့ရတယ်။ အမျိုးသမီး ဝန်ကြီးချုပ်အနေနဲ့ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ နိုင်ငံတွေမှာ တက်လာတာ သူက ထိပ်ဆုံးဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ အရည်အချင်းက ဒီမိုကရေစီရယ်၊ လွတ်လပ်ခွင့်ရယ်၊ တရားမျှတမှုတွေကို ဖေါ်ဆောင်ပေးနိုင်တဲ့ အမျိုးသမီးခေါင်းဆောင်တစ်ယောက်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။”

ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အကြောင်းပြ၊ စစ်အင်အားကို ခိုင်မာတောင့်တင်းအောင် လုပ်ပြီးတော့ ဥပဒေမဲ့လုပ်ဆောင်နေတယ်လို့ AHRC ရဲ့ ကြေညာချက်မှာ စွပ်စွဲထားပါတယ်။ အစိုးရကိုယ်တိုင်က တရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာမှု မရှိမချင်း အစွန်းရောက် စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှု အန္တရာယ်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ ကြေညာချက်မှာ နိဂုံးချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG