သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားသုံးဦး ထိုင်းနိုင်ငံတောင်ပိုင်းတွင် အသတ်ခံရ


ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့နယ်တွင်းက ဆီအုန်းခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို မူးယစ်ဆေးဝါးစွဲနေတဲ့ ထိုင်းလူငယ် ၆ ယောက်က ဝင်ရောက် သတ်ဖြတ်ခဲ့တာကြောင့် နှစ်ယောက်ပွဲချင်းပြီး သေဆုံးပြီး၊ တစ်ယောက်ကိုတော့ ဆေးရုံ တင်ထားရပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ဦးမိုးဇော်က အစီရင်ခံထားပါတယ်။

ဒီသတ်ဖြတ်မှု လွန်ခဲ့တဲ့ ၂၄ ရက်နေ့ သန်းခေါင်ယံအချိန်လောက်မှာ ဖြစ်ပွားခဲ့တာပါ။ သတ်ဖြတ်သူတွေဟာ ဆီအုန်းခြံအတွင်းကို ငှက်လာဖမ်းတတ်သူ မူးယစ်ဆေးဝါး သုံးစွဲသူ ထိုင်းလူငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို အခင်းဖြစ်ပွားပုံကိုတော့ သေဆုံးသွားသူတွေရဲ့ မိတ်ဆွေဖြစ်တဲ့ ကိုဖိုးဇော်က အခုလိုပြောပါတယ်။

“ပထမ သူတို့တက်လာတော့ အိပ်မပျော်သေးဘူးပေါ့နော်၊ ပူတယ်ဆိုပြီးမှ အပြင်ထွက်ပြီးတော့ တစ်ယောက်က လေညှင်းခံနေတယ်။ နောက်နှစ်ယောက်ကတော့ အိပ်ပျော်နေတယ်ပေါ့နော်။ အဲဒီ ရှမ်း (ထိုင်း) ကောင်လေးတစ်ယောက်က တဲပေါ်တက်လာပြီးတော့ - ဟေ့ ရေသောက်ချင်တယ်၊ ငါ့ကို ရေတစ်ခွက်ပေးလို့ ပြောတယ်။ သူကလည်း ကောင်းကောင်းမွန်မွန်ပေါ့နော်၊ သောက်ရေအိုးက ခပ်ပြီးပေးဖို့လုပ်တာ ရေခပ်နေတဲ့အချိန်မှာ ပုဆိန်နဲ့ ခုတ်တော့၊ ဒီကောင် ငါ့ကိုခုတ်တယ်ဆိုပြီးတော့ အောက်ကို ခုန်ဆင်းပြေးတာပေါ့နော်၊ ပြေးတော့ အောက်က နောက်ထပ် ရှမ်းလေးငါးယောက်က အောက်ကနေ ဝိုင်းရိုက်တယ်တဲ့။ ရိုက်ပြီးမှ သူသေပြီးမှ တဲပေါ်တက်ပြီး ဝိုင်းရိုက်တယ်။ တဲပေါ်တက်ပြီး ရိုက်တော့ ဟိုကောင်လေးတစ်ယောက်ကတော့ မသေဘူးပေါ့နော်။ လည်ပင်းကို ခုတ်သတ်တာမှာ လည်ပင်းကို မထိဘဲနဲ့ ခေါင်းမှာလျှပ်ပြီးမှ ထိတယ်။ ထိတော့ သူကလည်း နည်းနည်းတော့ မေ့သွားတာပေါ့နော်၊ မေ့သွားတော့ အဲဒီကောင်လေးကိုထားပြီးမှ နောက်တစ်ယောက်ကို လိုက်ခုတ်တယ်တဲ့။ ခုတ်တော့ အဲဒီကောင်လေး သေ၊ သေပြီးမှ မသေသေးတဲ့ ကောင်လေးကိုတော့ အပြန်မှာ လက်ပြန်ပြီးတော့ တချက်ခုတ်လိုက်တာ ကျောကုန်းက ပေါက်ထွက်သွားတယ်လို့ ပြောတယ်၊ ပုဆိန်နဲ့လေ။”

မနက်မိုးလင်းမှ အလုပ်မဆင်းလို့ အလုပ်ရှင်က သူတို့နေတဲ့ တဲကို လိုက်သွားတော့မှ ဒဏ်ရာရသူတွေနဲ့ သေဆုံးနေသူတွေကို တွေ့ရတယ်လို့ပြောပါတယ်။ အသက်ရှင်လျက် ကျန်ရှိနေသူကတော့ ကျုံဖော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ လူနာရဲ့ လက်ရှိ နောက်ဆုံးအခြေအနေကို ဆေးရုံပေါ်မှာ ရောက်ရှိနေတဲ့ ကိုရွှေမောင်းက အခုလို ပြောပြပါတယ်။

“ဒဏ်ရာက လက်မှာတစ်ခုရှိတယ်။ နောက် ကျောကုန်းမှာလည်း ရှိတယ်အစ်ကိုရယ်။ လက်ရှိကတော့ ကျနော်မြင်တာ လက်မှာရယ်၊ ခြေမှာရယ်၊ ခြေထောက်ကျောကုန်းမှာရယ်၊ ခေါင်းမှာရယ်။ အခုအခြေအနေက ချုပ်ထားပြီးပြီတဲ့ အစ်ကိုရေ၊ ပြီးတော့ ခြေတွေမှာလည်း ပတ်တီးတွေ ပတ်ထားတယ်။ ဘယ်ဘက် ခြေရယ်၊ ညာဘက် လက်ရယ်၊ ခေါင်းရယ် ပတ်တီးပတ်ထားတယ်ခင်ဗျ။”

အခုလို ဆေးကုသမှု ခံယူနေသူကတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာက ဦးသန်းလှိုင် ဖြစ်ပါတယ်။ သေဆုံးသူ နှစ်ယောက်ကတော့ တင်းမသစ်ရွာက ကျော်ကျော်ဝင်းနဲ့ နေပူခံရွာက ကိုမောင်မောင်တို့ ဖြစ်ပြီး သူတို့အားလုံးဟာ အသက် ၂၀ ကျော်အရွယ် ရခိုင် လူငယ်တွေ ဖြစ်ပါတယ်။ အခုအခါ သတ်ဖြတ်ခဲ့တဲ့ ထိုင်းလူငယ် ၆ ယောက်အနက်က ၄ ယောက်ကို ဖမ်းဆီးရမိထားပြီလို့ ဆိုပါတယ်။ သူတို့တွေဟာ မူးယစ်ဆေးဝါး သုံးစွဲဖို့ ဓါးမြလာတိုက်ကြတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အခုလို သတ်ပြီးတဲ့နောက်မှာ လက်ကိုင်ဖုန်း သုံးလုံးနဲ့ ထိုင်းဘတ်ငွေ တစ်ရာ ယူသွားတယ်လို့လည်း ပြောပြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့နယ်အတွင်းမှာ မြန်မာပြည်သား အလုပ်သမားတွေဟာ အခုလိုပဲ မကြာခဏ အသတ်ခံကြရပြီး သူတို့ကို ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်း မရှိတာနဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိတာကြောင့် ထိထိရောက်ရောက် အရေးယူနိုင်တာမျိုး မရှိဘူးလို့ အဲဒီဒေသမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ကိုရွှေမောင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ လအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းအလုပ်ရှင်နဲ့ သူ့နောက်လိုက်တွေက မြန်မာအလုပ်သမား ၄ ယောက်ကို ပြောင်ဖူး ခိုးတယ်လို့ စွပ်စွဲပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG