သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဟောပွဲအချို့ကို မြန်မာအာဏာပိုင်များ ပိတ်ပင်


မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာတွေရဲ့ သင်္ကန်းရောင်လှုပ်ရှားမှုကြီး ပြီးတဲ့နောက် တရားဟောဆရာတော်အချို့က အစိုးရ ဝေဖန်ရေးတွေပါ ထည့်သွင်းတရားဟောလာတာကြောင့် ဆရာတော်အချို့ တရားဟောခွင့် ပိတ်ပင်ခံခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောနေပါတယ်။

ဒီတော့ အခုလို စက်တင်ဘာလှုပ်ရှားမှုအပြီး သံဃာတွေ၊ ဆရာတော်တွေ၊ သွားလာလှုပ်ရှားမှု ကန့်သတ်ခံရ ပိတ်ဆို့ခံရတာတွေကို ပြည်ပမှာရှိတဲ့ သာသနာတော် ကာကွယ်ရေးအတွက်လို့ ဆိုပြီး ဖွဲ့စည်းထားတဲ့ သာသနာ့ ဥသျှောင်အဖွဲ့ကရော ဘယ်လိုများ ပြင်ဆင်ဆောင်ရွက်မှုတွေ ရှိနေပါသလဲ၊ သာသနာ့ဥသျှောင်အဖွဲ့ တာဝန်ရှိ ရဟန်းတစ်ပါးကို ဦးသားညွှန့်ဦးက ဆက်သွယ်မေးမြန်းပြီး အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ စက်တင်ဘာ သံဃာလှုပ်ရှားမှုတွေအပြီးမှာ ရပ်ကွက်အလိုက်၊ နယ်အလိုက်လုပ်တဲ့ တရားပွဲတွေမှာ ဆရာတော်တချို့က ပြီးခဲ့တဲ့ ဆန္ဒပြမှုနဲ့ပတ်သက်လို့ တချို့ ပြောဆိုတာတွေ ရှိတယ်၊ တရားဟောတဲ့အထဲမှာ အစိုးရကို ဝေဖန်တာတွေ ပါရှိတယ်ဆိုပြီးတော့ သတင်းတွေထွက်နေတာ အတော်ကြာပါပြီ။ တရားခွေတွေ ဆိုလို့ရှိရင်လည်း အင်တာနက် စာမျက်နှာတွေ ဝဒ်ဆိုက်တွေမှာ တင်ထားတာမိုလို့ ကျနော်တို့ နားထောင်လို့ ရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ ဆရာတော် အတော်များများ အထူးသဖြင့်ဆိုလို့ရှိရင် ရန်ကုန် ပဏ္ဍိတရာမ ဆယ်မိုင်ကုန်း ဆရာတော်၊ မဇ္ဇျိမဂုဏ်ရည် ဆရာတော်၊ ဖြူးဆရာတော်၊ တွံတေး ဆရာတော် အစရှိတဲ့ ဆရာတော် အတော်များများကို တရားပွဲတွေမှာ တရားဟောတာကို တားမြစ်ပိတ်ပင်နေတယ်လို့ ကျနော်တို့ ကြားနေရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ သာသနာ့ ဥသျှောင်အနေနဲ့ ဘယ်လောက်အထိ သိထားလဲ၊ သာသနာ့ဥသျှောင်အဖွဲ့က ရဟန်းတစ်ပါးဖြစ်တဲ့ အရှင် ဂုနိသရ ကို ကျနော် မေးမြန်းကြည့်ပါတယ်။

“တရားဟောတဲ့ ဆရာတော် အနည်းဆုံး ၅ ပါးကို သူတို့ ပိတ်ထားတယ်တဲ့၊ နောက် မဟောပါဘူး ဆိုတဲ့ ဝန်ခံချက်တွေ လက်မှတ်ထိုးရတယ်တဲ့၊ အဲဒီလို ကြားပါတယ်ဗျာ။ အစိုးရနဲ့ မလွတ်ကင်းတဲ့အကြောင်းအရာတွေ မဟောပါဘူးလို့ သူတို့ကနေ
ဝန်ခံဂတိ ပြုခိုင်းတယ်လို့ ကြားပါတယ်။ အမှန်က မြတ်စွာဘုရားရဲ့ တရားတော်မှာ သတ္တဝါဝေနေယျ အားလုံးအတွက်ကို ဟောထားတယ်ဆိုတော့ ဒီအစိုးရတစ်ခုတည်းအတွက် ရည်ရွယ်ပြီး ဟောထားတာမဟုတ်ဘူးလေ။ သူတို့နဲ့ တိုက်ဆိုင်တဲ့ဟာ ပါချင်လဲ ပါမယ်။ မပါချင်လည်း မပါဘူး။ ဆိုတော့ ဒါက ဓမ္မဓိဌာန်ကျကျ ဘုရားက ဟောထားတာ၊ ဆိုတော့ သူတို့ တားလို့မရဘူး။ ဒါပေမယ့် သူတို့က တားတယ်တဲ့၊ ဒါတွေကို။”

တင်ပါဘုရား၊ အခုလိုမျိုး ဒီ တရားပွဲတွေ မြန်မာနိုင်ငံမှာ အပိတ်ခံရတာနဲ့ ပတ်သက်လို့ရော အရှင်ဘုရားတို့ သံဃာ့ သာသနာ့ဥသျှောင်အနေနဲ့ ဘာတွေများ လုပ်ပေးနိုင်ဖို့ ကြိုးစားနေလဲခင်ဗျ။ -

“ဦးပဉ္ဇင်းတို့အနေနဲ့ကတော့ မြတ်စွာဘုရားရဲ့ သာသနာတော်ကို မြတ်စွာဘုရား ချထားတဲ့အတိုင်း သာသနာပြုခွင့် ပေးဖို့ကိုပဲ ဆက်လက်ပြီးတော့ တောင်းဆိုသွားမှာပါ။ အရင်ကလည်း တောင်းဆို ထားပါတယ်။ သာသနာပြုတဲ့ ရဟန်းတွေကို မပိတ်ပင်ဖို့၊ သာသနာပြုတဲ့ရဟန်းတွေကို မဖမ်းဖို့၊ မထိဖို့ မသတ်ဖို့ ဦးပဉ္ဇင်းတို့ တောင်းဆိုသွားတာ၊ နောင်လည်း ဆက်ပြီးတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့ အလားတူ ဦးပဉ္ဇင်းတို့က တောင်းဆိုသွားအုံးမှာပါ။”

တင်ပါဘုရား၊ အခု အရှင်ဘုရားတို့ သာသနာ့ဥသျှောင်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာကို ကာကွယ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဖွဲ့စည်းထားတယ်ဆိုတော့ အခု တပည့်တော်တို့လည်း ကြားနေရပါတယ်။ နေရာအတော်များများမှာ ဌာနခွဲတွေ ဖွင့်နေတာကြားရပါတယ်။ မြန်မာနိုင်ငံထဲမှာရော အခုလို ဖြစ်နေတဲ့ ဘာသာရေးအရ ပိတ်ဆို့မှုတွေ၊ ပိတ်ပင်မှုတွေ တားမြစ်မှုတွေ၊ ကန့်သတ်မှုတွေနဲ့ ပတ်သက်လို့ရော ကျော်လွှားနိုင်အောင်လို့ အရှင်ဘုရားတို့ ဘာတွေများ စဉ်းစားမိလဲဘုရား။ -

“အဓိက ကတော့ ဦးပဉ္ဇင်းတို့ ပဋိယတ္တိသာသနာပေါ့ဗျာ၊ ပဋိယတ္တိသာသနာကို ဦးပဉ္ဇင်းတို့ အစဉ်အလာ ပျက်မသွားအောင် အရှိန်ပျက်မသွားအောင် ထိန်းဖို့ကိုတော့ အမျိုးသားစာမေးပွဲတွေ ကျင်းပဖို့ ဦးပဉ္ဇင်းတို့ အတတ်နိုင်ဆုံး တိုက်တွန်းနေပါတယ် ဒကာကြီး။ ပဋိယတ္တိသာသနာလေး ရှိနေအုံးမယ်ဆိုရင် ပဋိပတ်တို့ ပဋိဝေဒ တို့ဆိုတာ ရှိနေအုံးမှာပဲလေ ဒကာကြီး၊ အဲဒါလေးကို ဦးပဉ္ဇင်းတို့က အဆင်ပြေပြေ လုပ်နိုင်ဖို့ကိုပဲ အရှိန်ယူနေတယ် ဒကာကြီး။ အဲဒါလေး အဆင်ပြေပြေ လုပ်နိုင်လို့ရှိရင် ဦးပဉ္ဇင်းတို့ ကျန်တဲ့ဟာတွေ ကျော်လွှားသွားနိုင်မယ်လို့ ဦးပဉ္ဇင်းတို့ ယုံကြည်ထားပါတယ် ဒကာကြီး။”

အရှင်ဘုရား၊ ခုနက ပြောတဲ့ အမျိုးသားစာမေးပွဲဆိုတာ ဘယ်လို ပြောတာလဲဘုရား။ -

“အမျိုးသား စာမေးပွဲဆိုတာ အစိုးရကျင်းပတဲ့ စာမေးပွဲကို မဖြေဖြစ်ရင်တောင်မှ ရဟန်းသံဃာတွေဟာ ဦးပဉ္ဇင်းတို့ ရှင်ရဟန်းတွေဟာ သူတို့အတွက် ပဋိယတ္တိစာပေတွေနဲ့ ပညာရေးနဲ့ မချို့တဲ့အောင်၊ ပညာရေး အနှောက်အယှက် မဖြစ်ရအောင် မြို့နယ်တွေ၊ တိုင်းနဲ့ပြည်နယ်တွေ အသီးသီးမှာ ရှိနေတဲ့ အသင်း စာမေးပွဲ၊ အမျိုးသားစာမေးပွဲတွေ ဆိုတာရှိပါတယ်၊ အစိုးရ စာမေးပွဲအပြင်။ အဲဒီစာမေးပွဲတွေကို ဖြေမယ်ဆိုလို့ရှိရင်လည်း အရည်အချင်းဟာ အစိုးရ စာမေးပွဲထက်ကို မနှိမ့်ပါဘူး၊ မြင့်ပါတယ်ဗျာ။ အဲဒီစာမေးပွဲတွေ ဖြေမယ် ဆိုလို့ရှိရင်လည်း ဒါ သံဃာတွေအတွက် သာသနာ ဆက်လက်တည်နိုင်ခြင်းရဲ့ အကြောင်းပါပဲ၊ သိပ်အရေးကြီးပါတယ် ဒကာကြီး။”

သာသနာ့ဥသျှောင်အဖွဲ့က အရှင် ဂုနိသရ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG