သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါဘုရင်စနစ် ဇာတ်သိမ်းခန်းရောက်ပြီ


ဟိမဝန္တာတောင်တန်းပေါ်က နီပေါနိုင်ငံကို နီပေါပါလီမန်ရဲ့ မဲခွဲဆုံးဖြတ်မှုနဲ့ သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်မှုစနစ် ဖျက်သိမ်းလိုက်ပြီး နိုင်ငံကို ပြည်သူတွေရဲ့ လက်ထဲ ပြန်လည်အပ်နှင်းလိုက်ပြီ။ ဒီဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီဖြစ်ထွန်းဖို့နဲ့ ရှေ့လာမယ့်နှစ်အတွင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ လမ်းကြောင်းကို စွဲကိုင်နိုင်ဖို့ရာ မျော်လင့်ချက်ဖြစ်တဲ့အကြောင်း နယူးဒေလီမြို့ကနေ ဗီအိုအေ သတင်းထောက် Anjana Pasricha ပေးပို့တဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒေါ်ညိုညိုလွင်က အစီရင်ခံထားပါတယ်။

နီပေါနိုင်ငံရဲ့ ကြားဖြတ်ပါလီမန်က သက်ဦးဆံပိုင်အုပ်ချုပ်မှုစနစ် ဖျက်သိမ်းဖို့နဲ့ Federal Democratic Republican State ပြည်ထောင်စုဒီမိုကရက်တစ် သမ္မတ နိုင်ငံအဖြစ် ထူထောင်ဖို့ လူများစု မဲအပြတ်အသတ်နဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဖွဲ့ဝင်ပေါင်း ၃၂၉ ဦး ပါဝင်တဲ့လွှတ်တော်ကနေ အဖွဲ့ဝင် ၂၇၀ ရဲ့ မဲဦးရေနဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းဖို့ သောကြာနေ့က ဆုံးဖြတ်ခဲ့ကြတာပါ၊ ဒီလုပ်ဆောင်ချက်အပေါ်မှာ ကန့်ကွက်မဲ ၃ မဲသာရှိခဲ့ပြီး ကျန်တဲ့မဲတွေကတော့ ကြားနေ ဖြစ်ခဲ့ပါတယ်။ ဒီမဲဆန္ဒအပေါ် နီပေါနိုင်ငံအနေနဲ့ ထူးခြားအံ့သြမှုတွေတော့ မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်းက အစိုးရအနေနဲ့ သက်ဦးဆံပိုင်ဘုရင်စံနစ်ကို ဖျက်သိမ်းပေးပါမယ်ဆိုပြီး မော်စီတုန်းဝါဒီ သူပုန်ဟောင်းတွေကို ဂတိပေးထားတဲ့အတိုင်း ဖြစ်လာခဲ့တာပါ။

လွန်ခဲ့တဲ့ ၃ လက မော်စီတုန်း ဝါဒီသူပုန်တွေအနေနဲ့ ရှေးရိုးစွဲ သက်ဦးဆံပိုင်ဘုရင်စနစ်ကို အမြန်ဆုံးဖျက်သိမ်းပေးဖို့အတွက် အစိုးရကို တောင်းဆိုခဲ့ကြတာပါ။ မော်စီတုန်းဝါဒီတွေဟာ ပြည်တွင်းစစ်ပွဲတွေနဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတာဟာ ဆယ်စုနှစ်ချီနေပြီ ဖြစ်ပါတယ်။

သောကြာနေ့က မဲပေးဆုံးဖြတ်မှုဟာ စောစောပိုင်းက ဂတိကို အတည်ပြု လိုက်ရာကြပြီး သူပုန်တွေနဲ့ နိုင်ငံရေးပါတီတွေအကြား ညှိနှိုင်းမှုတွေရဲ့ အကျိုးရလဒ်လည်း ဖြစ်ပါတယ်။ ရှေ့လာမယ့်နှစ် ဧပြီလလယ်လောက်မှာ ကျင်းပနိုင်ချေရှိတဲ့ ရွေးကောက်ပွဲတွေအပြီး ဒီလုပ်ငန်းစဉ်တွေကို ပြီးမြောက်အောင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နီပေါနိုင်ငံ ခေတ်ပြိုင် လေ့လာရေးဌာနရဲ့ ပါမောက္ခ လူ့ခ်ရာ ချနာရား ကတော့ ရွေးကောက်ပွဲ လုပ်ဖို့ဆုံးဖြတ်ချက်ဟာ မကြာခင် ထွက်ပေါ်လာမှာပါလို့ ပြောဆိုလိုက်ပါတယ်။

“အခုပါတီတွေအားလုံးက သဘောတူညီပြီး သူတို့ ပျော်ပျော်ရွှင်ရွှင် ရှိနေကြပါပြီ၊ မကြာခင်ရက်ပိုင်းမှာ အစိုးရအနေနဲ့ကလည်း ရွေးကောက်ပွဲလုပ်မယ့် ရက်ကို ကြေညာတော့မှာပါ။” - လို့ ပြောဆိုခဲ့တာပါ။

ဘုရင်ဆိုတာ ဟိန္ဒူဘုရား ဗိဿနိုး ပြန်ဝင်စားတာဖြစ်တယ်ဆိုတဲ့ ရိုးရာ ထုံးတမ်းစဉ်လာ
အယူဝါဒ ရှိပါတယ်။ လက်ရှိဘုရင် ဂျန်နင်ဒရာဟာ လွန်ခဲ့တဲ့ ၁၈ ရာစုမင်းဆက်ကို ဆက်ခံအုပ်ချုပ်နေသူ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က သူ့ရဲ့ မိသားစုတွေ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရပြီးနောက်ပိုင်း ဘုရင်ဖြစ်လာခဲ့တဲ့သူပါ။ ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ အစိုးရအဖွဲ့ကို ဖြုတ်ချလိုက်ပြီး နိုင်ငံရဲ့ အာဏာအလုံးစုံကို ချုပ်ကိုင်ခဲ့တာကြောင့် ထောက်ခံမှုတွေ ကျဆင်းခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သွေးထွက်သံယိုမှုတွေဖြစ်ခဲ့တဲ့ လူထု ဆန္ဒပြမှုတွေအပြီး နိုင်ငံရဲ့အာဏာကို နိုင်ငံရေးပါတီတွေလက်ထဲ ပြန်လည်လွှဲပြောင်းခဲ့ရပါတယ်။

ဘုရင်ရဲ့ အာဏာချုပ်ကိုင်မှုတွေကြောင့် မော်စီတုန်းဝါဒီ သူပုန်တွေနဲ့ နိုင်ငံရေးပါတီတွေအကြား ငြိမ်းချမ်းရေးတွေရရှိဖို့ ဆွေးနွေးမှုတွေနဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းဖို့အတွက် ဖိအားပေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လမ်းစတွေဖြစ်ခဲ့ရပါတယ်။ ရွေးကောက်ပွဲဟာ နိုင်ငံအတွင်းမှာ ဗရုတ်သုက္ခ ဖြစ်နေမှုတွေနဲ့ ဒီမိုကရေစီစနစ် ပြန်လည်ဖြစ်ထွန်းစေဖို့အတွက် မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG