သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုပ်ပုံကို အတွင်းခံဘောင်းဘီများဖြင့် မြှုပ်နှံ


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ရရှိဖို့၊ ဒီမိုကရေစီစနစ် ထွန်းကားဖို့ နိုင်ငံတကာရဲ့ ဖိအားပေး လှုပ်ရှားနေမှုတွေ သွေးအေးမသွားစေဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ The Lanna Action For Burma ဆိုတဲ့အဖွဲ့က မနေ့ကပဲ စစ်အစိုးရဆန့်ကျင်ရေး အခမ်းအနားတစ်ရပ် ကျင်းပခဲ့ပါတယ်။

ဒီအဖွဲ့က ထူးခြားတဲ့ မြန်မာ့အရေးလှုပ်ရှားမှုတွေ လုပ်တတ်တယ်ဆိုတော့ ဒီတစ်ခေါက်ရော ဘယ်လိုများပါလဲ၊ အပြည့်စုံကို ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဒီတစ်ခေါက် သူတို့က Panty Power Party ဆိုပြီးတော့ အခမ်းအနား လုပ်တာပါ။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က ကန်ဘို ဘားဆိုင်မှာလုပ်တာပါ။ ဒီတစ်ခေါက်တော့ မြန်မာ့အရေး လှုပ်ရှားတဲ့အမျိုးသမီးတွေက မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုပ်ပုံကားချပ်ကို ကြမ်းပြင်ပေါ်မှာ ချပြီးတော့ သူတို့ ယူလာတဲ့ အတွင်းခံဘောင်းဘီတွေနဲ့ ဖုံးအုပ်ကြပါတယ်။ ပြီးတော့ Take me Home Country Road ဆိုတဲ့ သီချင်းတေးသွားအလိုက်နဲ့ - ဟေး - သန်းရွှေ ဆိုပြီးတော့ သီချင်းဆိုပြီးတော့ ကကြပါတယ်။

ဒီအခမ်းအနားနဲ့ပတ်သက်ပြီးတော့ The Lanna Action for Burma အဖွဲ့ရဲ့
အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ မယ်ရီ ဂရင်း က အခုလို ပြောပါတယ်။

သူတို့က အောက်တိုဘာလကတည်းကစပြီးတော့ အမျိုးသမီးအတွင်းခံ လှုပ်ရှားမှု လုပ်နေခဲ့တာ အခု နှစ်လည်း ကုန်ပြီဆိုတော့ သူတို့ လှုပ်ရှားမှု အခြေအနေ ဘယ်လို ရှိလဲ၊ ဘယ်လောက်ထိ အောင်မြင်မှုရလဲ ဒါတွေကို ပြန်သုံးသပ်ဖို့ ပြီးတော့ သူတို့အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ ဆက်လက် ရှိနေဆဲပဲဆိုတာ ထပ်ပြီးတော့ အသိပေးဖို့ အခုအခမ်းအနားကို လုပ်ဆောင်တာပါလို့ မယ်ရီ ဂရင်းက ပြောသွားပါတယ်။

သူကပဲ ဆက်ပြီးတော့ -

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ကာတွန်းတွေ၊ မြန်မာနိုင်ငံ အခြေအနေကို ရှင်းလင်း ပြောဆိုမှုတွေနဲ့ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေ ဒီ အတွင်းခံလှုပ်ရှားမှုမှာ ဘယ်လို
ပါဝင်ကြလဲဆိုတာ ပြောပြတာတွေကို မနေ့က အခမ်းအနားမှာ လုပ်ဆောင်ခဲ့ပါတယ်။” - လို့ မယ်ရီ ဂရင်းကပဲ ပြောပါတယ်။

သူတို့အဖွဲ့ရဲ့ အဆိုအရ ဆိုရင်တော့ မြန်မာစစ်ဗိုလ်ချုပ်တွေက အယူသည်းတယ်။ အမျိုးသမီးရဲ့ အတွင်းခံဘောင်းဘီနဲ့ ဖုံးအုပ်ခံရရင် သူတို့ ဖုန်းနိမ့်ပြီးတော့ ရာထူးအာဏာ လျောကျနိုင်တယ်လို့ အယူရှိကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မိုလို့ သူတို့ရဲ့ အယူစွဲပေါ်မှာ အခုလိုမျိုး လှုပ်ရှားမှု လုပ်ဆောင်ရတာပါလို့လည်း Lanna Action အဖွဲ့က ပြောပါတယ်။

Lanna Action အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချမ်တောင်း ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရက်စက်တဲ့စစ်အစိုးရကို အမျိုးသမီးအားနဲ့ ဖြိုခွဲပြစ်ရမယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့က မယ်ရီဂရင်း ကလည်း -

“မနေ့က အခမ်းအနားမှာ အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတာ၊ နောက် လှုပ်ရှားမှုက ဘာဖြစ်မလဲဆိုတာတော့ နှစ်ဆန်းရင် သိရပါမယ်။ ဒီတခါလည်း ထူးခြားတာ အသေအချာပဲ။” - လို့ ပြောသွားပါတယ်။

The Lanna Action for Burma အဖွဲ့ရဲ့ လှုပ်ရှားမှုဟာ ကမ္ဘာတလွှားမှာရှိတဲ့ အမျိုးသမီးတွေ သူတို့နေထိုင်ရာအရပ်နဲ့ အနီးဆုံး မြန်မာသံရုံးကို အတွင်းခံ ဘောင်းဘီတွေ ပို့ပေးကြဖို့ လှုံ့ဆော်တိုက်တွန်းတဲ့လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ တိုက်တွန်းမှုအတိုင်း အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဂျာမဏီ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ပိုလန်၊ ဘရာဇီးလ်၊ သြစတြေးလျ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က အမျိုးသမီးတွေက မြန်မာသံရုံးတွေကို အတွင်းခံဘောင်းဘီတွေကို ပေးပို့ခဲ့ကြပါတယ်။ စက်တင်ဘာလ အတွင်းမှာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မြန်မာစစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက်ပိုင်းမှာ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီလှုပ်ရှားမှုကို စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်။

XS
SM
MD
LG