သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဆန္ဒပြသူများကို တင်တင်းကြပ်ကြပ်ကိုင်တွယ်ရန် ပါကစ္စတန် သမ္မတ အမိန့်ထုတ်


ပါကစ္စတန် အတိုက်အခံခေါင်းဆောင် ဘနာဇီယာ ဘူတို လုပ်ကြံ သတ်ဖြတ်ခံရတဲ့နောက်ဖြစ်လာတဲ့ ဆူပူသောင်းကျန်းမှုတွေကို တင်းတင်းကြပ်ကြပ် အရေးယူကိုင်တွယ်ဖို့ ပါကစ္စတန်သမ္မတ ပါဗာဇ် မူရှရတ်ဖ်က လုံခြုံရေးတပ်တွေကို ညွှန်ကြားလိုက်ပါတယ်။ ဒီအကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး ၃၈ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ပါကစ္စတန်မှာတော့ အသက် ၅၄ နှစ်အရွယ် အတိုက်အခံခေါင်းဆာင် မစ္စဘူတို ဘယ်လို လုပ်ကြံသတ်ဖြတ်ခံရသလဲ။ ဒီလုပ်ကြံမှုနောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေသလဲ ဆိုတာတွေ အတော်လေးကို အချေအတင် အငြင်းပွားမှုတွေ ဖြစ်နေတယ်လို့ အစ္စလာမ်မာဘတ် မြို့ကနေ ဗွီအိုအေ သတင်းထောက် Ayaz Gul က ရေးသားပေးပို့ခဲ့ပါတယ်။ အကြောင်းစုံ ကိုသားညွန့်ဦးက အစီရင်ခံထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ မစ္စဘူတို လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတာကြောင့် ပါကစ္စတန်နိုင်ငံတလွှား ဆန္ဒပြမှုတွေ သွေးမြေကျမှုတွေ ထပ်ဖြစ်ပြီး အကြပ်အတည်း အခြေအနေကို ဆိုက်ရောက်လာပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဒေါ်လာသန်း ဆယ်ဂဏန်းနဲ့ချီပြီး ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသေအပျောက် အများဆုံး နေရာကတော့ မစ္စဘူတိုရဲ့ နိုင်ငံရေး အမာခံနယ်မြေဖြစ်တဲ့ တောင်ပိုင်း ဆင့်ဒ် ပြည်နယ်ထဲမှာဖြစ်ပါတယ်။

အခုလို လုံခြုံရေးအခြေအနေတွေ ဆိုးဝါးလာတာကြောင့် သမ္မတ မူရှရတ်ဖ် ကနေ ဒီအကြမ်းဖက် ဆန္ဒပြသူတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ သူရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေကို မနေ့က အမိန့်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက မစ္စဘူတို ရဝယ်လ်ပင်ဒီ နယ်ထဲက ရွေးကောက်ပွဲ လူထုစုဝေးပွဲတစ်ခုကနေ ပြန်အထွက် - အမည်မသိ တိုက်ခိုက်သူရဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဒီနောက်တော့ အဲဒီသူလည်း ကိုယ့်ကိုကိုယ် အသေခံပြီးတော့ ဗုံးဖောက်ခွဲလိုက်ပါတယ်။ ဒီလို အသေခံ ဖောက်ခွဲမှုကြောင့် ပေါက်ကွဲအားအရှိန်နဲ့ မစ္စဘူတို ဟာ သူစီးနင်းလာတဲ့ကား အမိုးနေကာမှာရှိတဲ့ လက်ကိုင်နဲ့ ခေါင်းတိုက်မိပြီး သေဆုံးခဲ့တာလို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောနေပါတယ်။ တရားဝင် စုံစမ်းစစ်ဆေးမှုတွေကိုတော့ လုပ်နေဆဲပါ။ ဒါပေမယ့်လည်း မစ္စဘူတို သေဆုံးတာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေရဲ့ ဒီပြောဆိုချက်တွေဟာ လီဆယ် လုပ်ကြံတာဆိုပြီး ဘူတို ပါတီရဲ့ ခေါင်းဆောင်တွေက ဒါကို ငြင်းပယ်ပါတယ်။

မစ္စဘူတိုရဲ့ အကြီးတန်းအကြံပေး ရှရီ ရာမန် (Sherry Rehman) ကတော့ သူမဟာ မစ္စဘူတို အလောင်း မြေမချခင် ဆေးကြောသုတ်သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ မစ္စဘူတိုကို အကာအကွယ် မပေးနိုင်ခဲ့တာကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ သူမက ပြောပါတယ်။

“အခု ပါကစ္စတန် ရုပ်မြင်သံကြားဌာနတွေအားလုံးက လွှင့်ထုတ်ပေးနေတာ ရှင်းနေတာပဲလေ။ လုပ်ကြံသူက သူ့သေနက်နဲ့ မစ္စဘူတိုကို သက်သက် ပစ်လိုက်တာပါ။ ကျည်က ခေါင်းကို ဖောက်ထွက်သွားတယ်။ ဒီကျည်ဆံ ဒဏ်ရာကို ကျမကိုယ်တိုင် မြင်လိုက်ရပါတယ်။ သူ့အလောင်းကို ဆေးကြောပေးတော့လည်း ကျမ ရှိနေပါတယ်။ သူမဟာ ဒီဒဏ်ရာနဲ့ကို သွေးလွန်ပြီးတော့ သေဆုံးသွားတာပါ။”

ဒါပေမယ့် ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ဂျာဗက် ချီးမား (Javed Cheema) က အစ္စလာမ် မာဘတ်မြို့မှာ သတင်းထောက်တွေကို မနေ့က သတင်းစာ ရှင်းလင်းပွဲလုပ်တော့ ဆေးစစ်ချက်နဲ့ အခင်းဖြစ်ပွားရာနေရာက အထောက်အထားတွေကနေ အစိုးရက အခုလို ထုတ်ပြန် ပြောဆိုခဲ့တာပါလို့ ဆိုပါတယ်။

“ကျည်ဆံဒဏ်ရာနဲ့ သေဆုံးတယ်ဆိုပြီး သံသယတွေ ဖြစ်နေကြရင်လဲ ကျနော်တို့ ဘာမှ မတတ်နိုင်ပါဘူး။ PPP ပါတီခေါင်းဆောင်တွေက အလိုရှိလို့ရှိရင် သူမ အလောင်းကို ပြန်ပြီးတော့ စစ်ဆေးနိုင်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ ရထားတဲ့ အချက်အလက်တွေကို ပြောပြနေတာပါ။”

အယ်လ်ခိုင်းဒါး လိုလားသူ မျိုးနွယ်စုခေါင်းဆောင် Baitullah Mehsud ကနေ မစ္စဘူတိုကို လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

ဒါပေမယ့်လည်း Mehsud ရဲ့ ပြောခွင့်ရသူကတော့ အခု လုပ်ကြံသတ်ဖြတ်မှုမှာ သူတို့ ခေါင်းဆောင်နဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆန်ပါတယ်။ ဒါပေမယ့်လို့ အစိုးရပြောခွင့်ရသူ Cheema ကတော့ မစ္စဘူတိုကို လုပ်ကြံ တိုက်ခိုက်ရာမှာ Mehsud ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ငြင်းမရတဲ့ အထောက်အထားတွေ ရထားတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အခုလာမယ့်လမှာ ပါလီမန်ရွေးကောက်ပွဲတွေလုပ်ဖို့ နဂိုက အစီအစဉ် လုပ်ထားပါတယ်။ ဒါပေမယ့် အခုလို နိုင်ငံအဝှမ်း အကြမ်းဖက်မှုတွေ မငြိမ်မသက်မှုတွေကြောင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေကို ထိခိုက်စေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ
တာဝန်ရှိသူတွေက ပြောနေပါတယ်။

ပါကစ္စတန်ရဲ့ နောက်ထပ် အတိုက်အခံခေါင်းဆောင် နဝဇ် ရှာရစ်ဖ် ကတော့ လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ဆိုနေပါတယ်။ မစ္စ ဘူတိုဟာ ရှစ်နှစ်ကြာ ပြည်ပမှာ နေထိုင်ခဲ့ရာကနေ အောက်တိုဘာလအတွင်းကမှ ပါကစ္စတန်နိုင်ငံကို ပြန်လာခဲ့တာပါ။ သူဟာ တတိယအကြိမ်မြောက် ဝန်ကြီးချုပ် ဖြစ်လာနိုင်တယ်လို့လည်း မျှော်လင့်ထားပါတယ်။ ပါကစ္စတန်ကို ရောက်ရောက်ချင်းပါပဲ၊ နာရီပိုင်းအတွင်း ကရာချီမြို့မှာ သူ့ကို လူအုပ်ကြီးက ကြိုဆို နှုတ်ဆက်နေစဉ် အသေခံတိုက်ခိုက်မှုတစ်ခုကို ကြုံခဲ့ရပါသေးတယ်။ အဲဒီတုန်းကတော့ သူမဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့်လို့ ဒီတစ်ခေါက်မှာတော့ အသေခံ တိုက်ခိုက်သူလက်ချက်နဲ့ ဆေးရုံအရောက် သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

XS
SM
MD
LG