သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စဘူတိုရဲ့ သား ပါတီ ဥက္ကဋ္ဌဖြစ်လာ ရွေးကောက်ပွဲ ဝင်မည်


ကွယ်လွန်သူ ပါကစ္စတန် ဝန်ကြီး ချုပ်ဟောင်း မစ္စ ဘနာဇီယာ ဘူတိုရဲ့ သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူ တို့ကို ပါကစ္စတန်ပြည်သူ့ ပါတီရဲ့ ပူးတွဲ ခေါင်းဆောင်တွေအဖြစ် ပါတီ ခေါင်းဆောင်နေရာကို ပူးတွဲ ဆက်ခံကြဖို့ ပါကစ္စတန် ပြည်သူ့အာဏာပါတီ PPPက ဒီကနေ့ ရွေးချယ်တင်မြှောက်လိုက်ကြပါတယ်။ မစ္စဘူတိုရဲ့ သား ၁၉နှစ်အရွယ် အောက်စဖို့ဒ် တက္ကသိုလ် ဥပဒေကျောင်းသား ဘီလာဝဲလ် ဘူတို Bilawal Bhutto ဟာ ပါကစ္စတန် ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီးတော့၊ မစ္စဘူတိုရဲ့ ခင်ပွန်း အာဆစ်ဖ် ဇာဒါရီ Asif Zardari ကတော့ ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဘီလာဝဲလ် ဘူတို အောက်စဖို့ဒ် တက္ကသိုလ်က ဘွဲ့ရတဲ့အထိ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

ပါကစ္စတန် အထွေထွေ ရွေးကောက်ပွဲဟာ သတ်မှတ်ရက် ဇန်နဝါရီ ၈ ရက်နေ့ထက် နောက်ထပ် သုံးလ ရွေ့ဆိုင်း သွားနိုင်တယ်လို့ ပါကစ္စတန် သမ္မတ မူရှရတ်ဖ်ရဲ့ အာဏာရပါတီ ပါကစ္စတန် မူဆလင် အဖွဲ့ချုပ် Pakistan Muslim League ရဲ့ ထိပ်တန်းအရာရှိက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဟာ အရေးပေါ် အစည်းအဝေး တရပ်ကို မနက်ဖြန်မှာ ပြုလုပ်ပြီး ရွေးကောက်ပွဲနေ့ကို ပြန်လည် သတ်မှတ်ဖွယ်ရာ ရှိနေပါတယ်။ ရွေးကောက်ပွဲမှာ ကွယ်လွန်သူ မစ္စဘူတိုရဲ့ PPPပါတီက ဝင်ရောက် ယှဉ်ပြိုင်မှုမရှိရင် ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ခြင်း ရှိမရှိကို PPPပါတီခေါင်းဆောင်တွေ အခုချိန်မှာ ဆွေးနွေးနေကြပါတယ်။ PPPက ရွေးကောက်ပွဲကို ဝင်မယ်လို့ ဆုံးဖြတ်ရင် မိမိရဲ့ ပါတီက ရွေးကောက်ပွဲကို သပိတ်မှေက်ထားတာကို ပြန်လည်သုံးသပ်မယ်လို့ တခြားဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ နာဝတ်ဇ် ရှရစ်ဖ် Nawaz Sharifက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG