သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူများ မိမိကြမ္မာ မိမိဖန်တီးကြရန်နှင့် သံဃာများအနေဖြင့် ကံဆောင်မှုဆက်လက်ပြုလုပ်ကြရန် သံဃာ့တပ်ပေါင်းစုနှိုးဆော်


နှစ်သစ်ရဲ့ ပထမဆုံးထူးခြားချက်ကတော့ သံဃာ့တပ်ပေါင်းစုက ကြေညာချက်တစောင် ထုတ်ပြန်လိုက်တာပါ။ မြန်မာပြည်သူတွေအနေနဲ့ မိမိကံကြမ္မာ မိမိဖန်တီးကြဖို့နဲ့ ရဟန်း သံဃာတော်တွေအနေနဲ့ သပိတ်မှောက်ကံဆောင်ခြင်းတွေကို ဆက်လုပ်ကြဖို့ မြန်မာ
နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးက ပြောကြားလိုက်ပါတယ်။

ရဟန်းသံဃာတွေကို ရဲဘက်စခန်းပို့တာ၊ တရားပွဲတွေပိတ်ပင်တာကို မဖြစ်သင့်တဲ့
အကြောင်းကိုလည်း အဲဒီကြေညာချက်ထဲမှာ ထုတ်ပြန်ထားပါတယ်။ သံဃာ့တပ်ပေါင်း
စုရဲ့ ပြောရေးဆိုခွင့်ရှိသူ အရှင်ဥက္ကဋ္ဌကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ် ထိုင်းအခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ မိမိတို့ရဲ့ကံကြမ္မာကို မိမိတို့ဖန်တီးဖို့၊ သံဃာတွေအနေနဲ့ သပိတ်မှောက်ကံဆောင်မှုတွေကို ဆက်လုပ်ဖို့ မြန်မာနိုင်ငံလုံးဆိုင်
ရာ သံဃာ့တပ်ပေါင်းစုကြီးက ၂၀၀၈ ခုနှစ် နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ မိန့်ကြားလိုက်
ပါတယ်။
“အကြမ်းမဖက်၊ မေတ္တာမပျက်၊ ငြိမ်းချမ်းညီညွတ်စွာဖြင့် မိမိတို့အနာဂတ်ကို မိမိတို့
ကိုယ်တိုင် ဖန်တီးသွားရန်နှင့် ရဟန်းသံဃာတော်များအနေဖြင့်လည်း မပြီးဆုံးသေး
သော ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို ဆက်လက်ဆောက်တည် ထိန်းသိမ်းကြပြီး တိုင်းပြည်မနစ်မွန်းစေရေး၊ သာသနာမဆုတ်ယုတ်ရေးအတွက် သွေးစည်းညီညွတ်စွာ
ဖြင့် ထကြွလုံ့လရှိကြပါရန် နှိုးဆော်လိုက်ရပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု”

သံဃာ့တပ်ပေါင်းစုရဲ့ မိန့်ကြားချက်ထဲမှာတော့ ရဟန်းသံဃာတွေဟာ ပြည်သူတွေရဲ့
စားဝတ်နေရေး မပြေလည်တာကြောင့် စစ်အစိုးရသိစေဖို့အတွက် သပိတ်မှောက်
ကံဆောင်တာ၊ ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလမ်းလျှောက်တာတွေ လုပ်ဆောင်ခဲ့မှုကို အာဏာပိုင်တွေက လက်နက်နဲ့ ဖြိုခွင်းခဲ့ကြောင်းတွေကိုလည်း ရေးသားထားပါတယ်။

သံဃာတွေကို ဂိုဏ်းခွဲတာ၊ သံဃာအတုတွေလို့ စွပ်စွဲတာ၊ ဘုန်းကြီးကျောင်းတွေကို
စစ်ဖိနပ်တွေနဲ့ ဝင်ရောက်ဖျက်ဆီးခဲ့တာ၊ ဘုန်းကြီးတွေကို အတင်းလူဝတ်လဲပြီး
ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးတာတွေလုပ်ခဲ့တာ၊ လွတ်လပ်စွာသွားလာခွင့်တွေ မရခဲ့တာ၊ ကန့်သတ်ချုပ်ချယ်တာတွေလုပ်နေတာ၊ ဘာသာရေးဆိုင်ရာ တရားပွဲတွေကို ပိတ်ပင်
တာ၊ သပိတ်မှောက်ကံဆောင်မှု ပျက်ပြားအောင် ဆက်လက်လုပ်နေတာကိုလည်း သံဃာ့တပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ အရှင်ဥက္ကဋ္ဌက မိန့်ကြားသွားပါတယ်။

လက်ရှိအဖမ်းခံနေရတဲ့ ရဟန်းသံဃာတော်တွေကို စစ်အစိုးရအနေနဲ့ စစ်ပေါ်တာအဖြစ် အသုံးပြုနေတာ၊ ရဲဘက်စခန်းတွေကို ပို့နေတာတွေကိုလည်း မလုပ်သင့်တဲ့အကြောင်း အခုလိုဆက်ပြောသွားပါတယ်။
“သံဃာ့တပ်ပေါင်းစုက ဦးဇင်းတို့အနေနဲ့ ဒကာ၊ ဒကာမတွေရဲ့ စားဝတ်နေရေး အခက်
အခဲ ဖြေရှင်းဖို့ရန်အတွက် မေတ္တာသက်သက်နဲ့ မေတ္တာသုတ်ရွတ်ပြီး စားဝတ်နေရေး ပြေလည်ရေးအတွက် အဓိကထားပြီး လုပ်ဆောင်ပေးတဲ့အတွက် သူတို့ရဲ့ ဘုန်းကြီး
ကျောင်းတွေ ချိပ်ပိတ်ခြင်း၊ မောင်းထုတ်ခြင်း၊ အကျဉ်းချခြင်း၊ ချုပ်နှောင်ထားခြင်း ဒါ မလုပ်သင့်တဲ့အရာတွေပေါ့။ ဥပမာ အခု ရဲဘက်စခန်း ပို့တာတို့ဆိုတာ မလုပ်သင့်တဲ့
အရာတွေ။ ဦးဇင်းတို့က မေတ္တာသက်သက်ဖြင့်သာလျှင် လုပ်တာပါ။ အဲဒါကြောင့် ဒါတွေမလုပ်သင့်ဘူးလို့ ဦးဇင်းတို့အနေနဲ့ ပြောချင်ပါတယ်”

လက်ရှိ ဘာသာရေးတရားဟောပြောတွေကို ပိတ်ပင်နေတာတွေနဲ့ပတ်သက်ပြီးတော့
လည်း အရှင်ဥက္ကဋ္ဌက ဆက်ပြီးမိန့်ကြားရာမှာ …
“တရားပွဲတွေကို ဘယ်လိုပိတ်ပင်တားဆီးသလဲဆိုတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့
တရား မဟောရဘူးတဲ့၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တရားပွဲမှန်လို့ရှိရင် သူတို့က ရပ်ကွက်
တွေမှာ ဘယ်လိုပြောလဲဆိုတော့ နိုင်ငံရေးတရားဟောမယ့်ဘုန်းကြီး မဆင်းရဘူးဆိုပြီး တော့ပြောတယ်။ ဦးဇင်းတို့က ပါဠိတော်လာတဲ့အတိုင်း ဟောတာပဲရှိတယ်။ အဲဒါတွေ
ဆိုရင်လည်း နအဖစစ်အစိုးရအနေနဲ့ မလုပ်သင့်ဘူး။ နိုင်ငံရေးတရားဟောတာမှမဟုတ်
ဘဲ၊ အရှိကိုအရှိအတိုင်း၊ ပါဠိတော်ကလာတဲ့အတိုင်းဟောတာ။ အဲဒါကို သူတို့က
တားမြစ်ပိတ်ပင်တာ မကောင်းဘူးပေါ့”

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးအနေနဲ့ မြန်မာပြည်သူတွေရဲ့ စားဝတ်
နေရေးကို ပြေလည်စေဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့၊ ကျောင်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို အမြန်ဆုံးလွှတ်ပေး
ဖို့၊ တွေ့ဆုံဆွေးနွေးရေးနဲ့ တိုင်းပြည်ပြဿနာကို ဖြေရှင်းပေးဖို့အတွက်လည်း စစ်အစိုးရ
ထံကို တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG