အာဏာပိုင်တွေက ဂြိုဟ်တု ရုပ်မြင် သံကြားစက် လိုင်စင်ကြေးတွေ အဆရာကျော် တိုးမြှင့် ကောက်ခံလိုက်တဲ့ အပေါ် နိုင်ငံတကာ သတင်းစာ လွတ်လပ်ခွင့် လှုပ်ရှားမှု အဖွဲ့ကြီးတခုဖြစ်တဲ့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က ဒါဟာ သတင်းလွတ်လပ်ခွင့်အပေါ် နောက်ထပ် ဖိနှိပ်မှုအဖြစ် ဝေဖန်ပြောဆို လိုက်ပါတယ်။ အကြောင်းစုံကို RSF နဲ့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ပြည်ပရုပ်သံလွှင့် အစီအစဉ်တွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့ ဂြိုဟ်တုဆက်သွယ်ရေး စလောင်းတွေ အသုံးပြုခွင့် လိုင်စင်ကြေးတွေကို မူလက မြန်မာငွေ ကျပ် ၆ ထောင် ကောက်ခံနေရာက အခုတော့ တသန်းအထိ တိုးမြှင့် ကောက်ခံ လိုက်တာဟာ မြန်မာနိုင်ငံသားတွေ လွတ်လပ်တဲ့ သတင်းတွေ ရရှိနိုင်မယ့် အခွင့်အလမ်းတွေကို ကန့်သတ် လိုက်တာလို့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာရေး အဖွဲ့တခုဖြစ်တဲ့ RSF က ပြောဆိုလိုက်တာပါ။ မကြာသေးခင်ကစလို့ လွတ်လပ်တဲ့ သတင်းတွေကို ပြည်ပမီဒီယာတွေဆီက ဆက်သွယ်ရေး ရုပ်မြင်သံကြားကတဆင့် ကြည့်ရှုတာတွေ ရေပန်းစားလာတာနဲ့အမျှ အခုလို မြန်မာစစ်အစိုးရဖက်က ချုပ်ကိုင်ဖို့ ကြိုးစားလာတာဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် နောက်ထပ် တိုးမြှင့် ထိန်းချုပ်မှုအဖြစ် RSF ရဲ့ အာရှနဲ့ ပစိဖိတ်ရေးရာ တာဝန်ခံ ဗင်းဆင့် ဘရော့ဆဲလ် (Vincent Brossel) က ဝေဖန် ပြောဆိုလိုက်တာပါ။
“ဒါဟာ အဓိပါယ်ရှိပါတယ်၊ သူတို့အနေနဲ့ အင်တာနက်ကို ထိန်းချုပ်ဖို့၊ သတင်းစာတွေကို ဆင်ဆာဖြတ်တောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ရုပ်မြင်သံကြားတွေ၊ ရေဒီယိုတွေ အားလုံးကိုလည်း အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။ ဒီလို အခြေအနေမျိုးမှာ ဂြိုဟ်တုစလောင်းကတဆင့် ရုပ်မြင်သံကြား ကြည့်ရှုတာတွေကိုလည်း ကန့်သတ်ဖို့ လွတ်လပ်တဲ့ သတင်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားတာဟာ အဓိပါယ်ရှိနေပါတယ်။ တကယ်တော့ ဒါတွေအားလုံးဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး၊ အစိုးရက သူ့ရဲ့ ဝါဒဖြန့်ချီမှုကို ရောင်ပြန်မဟပ်တဲ့ သတင်းအချက်အလက်တွေကို တားဆီးဖို့ အမြဲ ကြိုးပမ်းနေတာပါ။”
အခုလို မြန်မာစစ်အစိုးရက လိုင်စင်ကြေး တိုးမြှင့်ကောက်ခံဖို့ ဆုံးဖြတ် လိုက်တာဟာ ပြည်ပ ရုပ်သံလွှင့် ဌာနတွေကို မြန်မာနိုင်ငံသားတွေ အလွယ်တကူကြည့်ရှုနိုင်တာကို တားမြစ်ဖို့ ကြိုးပမ်းမှုတခုအဖြစ်လည်း မစ္စတာ ဗင်းဆင့် က မြင်ပါတယ်။
“အခုဆိုရင် လွတ်လပ်တဲ့ သတင်းဌာန အမျိုးမျိုးကို မြန်မာနိုင်ငံမှာ အလွယ်တကူ ကြည့်ရှုနိုင်တဲ့ အခြေအနေမှာ ရှိနေတာဟာလည်း အခုဆုံးဖြတ်ချက်နဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ကျနော် ခံစားမိပါတယ်။ ဒါဟာ အစိုးရအတွက် တကယ့်ကို စိမ်ခေါ်မှုပါပဲ။ အစိုးရက မီဒီယာအားလုံးကို ချုပ်ကိုင်ဖို့ မျှော်လင့်ထားတာပါ။ အစိုးရနဲ့ စစ်တပ်က အားလုံးကို ပိုင်ဆိုင်ထားတာပါ။ ဒါတွေကို လွတ်လပ်တဲ့ သတင်းဌာနတွေက စိမ်ခေါ်နေတာပါ။”
အခုလို လုပ်ဆောင်လိုက်တာဟာ ပြည်ပအခြေစိုက် ရုပ်သံလွှင့်ဌာနတွေ နော်ဝေးနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) လို ရေပန်းစားနေတဲ့ ရုပ်သံ အစီအစဉ်တွေကို မြန်မာနိုင်ငံသားတွေ လွတ်လွတ်လပ်လပ် ကြည့်ရှုခံစားနိုင်တဲ့ အခြေအနေတွေကို ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း သူက သုံးသပ်ပါသေးတယ်။
“အကျိုးသက်ရောက်မှုတွေတော့ တကယ်ဖြစ်လာမှာပေါ့ခင်ဗျာ၊ ဒီဗွီဘီ ဆိုရင် အခုက ပိုလို့ပိုလို့ ရေပန်းစားလာနေတာပါ။ ဂြိုဟ်တုစလောင်း ပိုင်ရှင်တွေဟာ ဆိုရင်လည်း တခြားရုပ်သံ အစီအစဉ်တွေဖြစ်တဲ့ ဘီဘီစီတို့၊ အယ်လ်ဂျာဇီးရား တို့ကို ကျေကျေနပ်နပ် ကြည့်ရှုနေကြတာပါ။ ဒီတော့ ဂြိုဟ်တုစလောင်း အသုံးပြုခတွေ တိုးလာမယ်ဆိုရင်၊ အသုံးပြုဖို့ ခက်လာမယ် ဆိုရင်တော့ လူတွေလည်း စိတ်ပျက်လက်ပျက် ဖြစ်ကြရမှာပေါ့ခင်ဗျာ။”
နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF ရဲ့ အာရှနဲ့ ပစိဖိတ်ရေးရာ တာဝန်ခံ ဗင်းဆင့် ဘရော့ဆဲလ် ပြောသွားတာ ဖြစ်ပါတယ်။ RSF အဖွဲ့ကြီးက မြန်မာနိုင်ငံကို ကမ္ဘာမှာ သတင်းစာလွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံတွေအနက် တနိုင်ငံအဖြစ် သတ်မှတ်ထားတာပါ။ မကြာသေးခင်က သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေအတွင်း သတင်းမီဒီယာ သမားတွေ အပေါ် တိုက်ခိုက်မှု၊ လွတ်လပ်တဲ့ သတင်းတွေအပေါ် ကန့်သတ်မှုတွေ အတွက်လည်း RSF က ဝေဖန် ပြစ်တင် ထားတာပါ။