မြန်မာနိုင်ငံမှာ သတင်းလွှတ်လပ်ခွင့်အပေါ် ချုပ်ချယ်မှုနဲ့ သတင်းစာ ဆရာတွေအပေါ် နှိပ်ကွပ်မှုတွေ ပိုပြီးတော့ များလာတာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွှတ်လပ်ခွင့် အဆင့်အတန်းဟာ ပိုပြီးတော့ ကျဆင်းသွားတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF တာဝန်ရှိသူ တဦးက ဗီအိုအေကို ပြောခဲ့ပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ၂၀၀၇ ခုနှစ် သတင်းလွှတ်လပ်ခွင့် ဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ RSF ရဲ့ အာရှ ပစိဖိတ်ဒေသ တာဝန်ခံ Vincent Brossel ကို ဦးကျော်ဇော်ညွန့် က ဆက်သွယ် မေးမြန်းထားပါတယ်။
၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းစာ ဆရာများ နှိပ်ကွပ်ခံရမှု အခြေအနေကို မေးမြန်းရာမှာ Vincent Brossel က ကမ္ဘာနဲ့ယှဉ်ပြီး အခုလို ဖြေကြားပါတယ်။
“၂၀၀၇ ခုနှစ်အတွင်းမှာ ကမ္ဘာတလွှား သတင်းစာဆရာပေါင်း ၈၆ ဦး အသတ် ခံရပါတယ်။ အဲဒီအထဲမှာ ရန်ကုန်မြို့မှာ စက်တင်ဘာလ အတွင်းက မြန်မာစစ်သား တဦးရဲ့ ပစ်သတ်ခြင်း ခံရလို့ အသက် ဆုံးရှုံးသွားခဲ့ရတဲ့ ဂျပန်သတင်းထောက် ခန်းဂျိ နာဂအိ ဖြစ်ပါတယ်။ အင်မတန်မှ တုန်လှုပ် ခြောက်ခြားစရာ ကောင်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။”
နောက်ပြီး ၂၀၀၇ ခုနှစ် အတွင်းမှာဆိုရင် သတင်းစာ ဆရာများ ဖမ်းဆီးခံခဲ့ရတဲ့ နှုန်းဟာ ကမ္ဘာနဲ့ ယှဉ်ပြီး တနေ့မှာ နှစ်ယောက်ထက်မနည်း ရှိပါတယ်လို့ သူက ပြောကြားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်အတွင်း သတင်းစာ ဆရာများ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မစ္စတာ Vincent Brossel က -
“သတင်းစာ ဆရာများကို ဖမ်းဆီးထားတဲ့ မှတ်တမ်း မှတ်ရာ မကောင်းတဲ့ နိုင်ငံများစာရင်းမှာ မြန်မာ နိုင်ငံလည်း ဒီတခါမှာ ပါဝင်နေပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ အောက်တိုဘာလ များကဆိုရင် ရဟန်း သံဃာတော်များ အပေါ် စစ်အစိုးရက နှိပ်ကွပ် ဖြိုခွင်းရာမှာ အဲဒီ သတင်းကို အမှောင်ချ ပိတ်ထားလိုတဲ့အတွက် စစ်တပ်ဟာ သတင်းစာ ဆရာ တဒါဇင်ထက် မနည်းကို ဖမ်းဆီးခဲ့ပါတယ်။”
ဒါ့အပြင် အစီရင်ခံစာက ၂၀၀၇ ခုနှစ် အတွင်းမှာဆိုရင် ကမ္ဘာနဲ့တလွှား Websites နဲ့ Bloggers ပေါင်း ၂၆၀၀ အပိတ် ခံခဲ့ရာမှာ မြန်မာနိုင်ငံလည်း ပါဝင်တဲ့အကြောင်း ပြောပါတယ်။ ဘာကြောင့်လည်း ဆိုတော့ မြန်မာနိုင်ငံ စစ်အစိုးရက စက်တင်ဘာ အရေးအခင်းမှာ စစ်တပ်ရဲ့ နှိပ်ကွပ် ဖြိုခွင်းမှု သတင်းတွေ၊ သက်သေ ထွက်ချက်တွေ၊ ဓါတ်ပုံတွေကို မြန်မာပြည်သူအများ မသိနိုင်အောင်၊ မကြည့်နိုင်အောင် အင်တာနက်ကို ပိတ်ပစ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ အဲဒီ အချက် အလက် တွေကြောင့် သတင်း လွှတ်လပ်ခွင့်မှာ နံမည်ပျက်တဲ့ စာရင်းတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခြင်း ဖြစ်ပါတယ်လို့ သူက ဆက်လက် ပြောကြားပါတယ်။
ဒါ့အပြင် မြန်မာ၊ တရုတ်နဲ့ ဆီးရီးယား အစိုးရတို့ဟာ အင်တာနက်ကို အင်ထရာနက် (Intranet) အသွင်ပြောင်းပြီး ချုပ်ကိုင်ဖို့ ကြိုးစားနေတယ် လို့လည်း အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စစ်အစိုးရအပေါ် မစ္စတာ Vincent Brossel က အခုလို မှတ်ချက် ပေးပါတယ်။
“အင်တာနက်ဟာ ဒီမိုကရေစီရေးအတွက်၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ သတင်းစာ ဆရာတွေအတွက် အင်မတန် အသုံးဝင်တဲ့ နည်းပညာ တခုဖြစ်နေတယ် ဆိုတာကို မြန်မာစစ်အစိုးရက သိပါတယ်။ အဲဒါကြောင့်လည်း စစ်အစိုးရဟာ အင်တာနက်ကို စက်တင်ဘာ အရေးအခင်း နောက်ပိုင်းမှာ ထိန်းချုပ် လာပါတယ်။ သဘောကတော့ မြန်မာစစ်အစိုးရဟာ မြန်မာပြည်သူတွေကို အင်တာနက်နဲ့ ဆိုင်လာရင် လွတ်လွတ် လပ်လပ် အသုံးပြုခွင့်ကို ပေးလိုတဲ့ဆန္ဒ မရှိဘူး ဆိုတာပါပဲ။ အင်တာနက် ဆိုတာက လုပ်ငန်းကိစ္စတွေ၊ ဆက်သွယ်ရေး ကိစ္စ၊ လူမှုရေးနဲ့ နိုင်ငံရေးမှာလည်း အထူးသဖြင့် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုတွေအတွက် အလွန်တရာမှ အသုံးဝင်တဲ့ နည်းပညာ တရပ်ဖြစ်ပါတယ်။”
၂၀၀၇ ခု မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ပိတ်ပင် တားဆီးမှုများကို ၂၀၀၆ ခုနှစ်ထက်စာရင် ဘယ်လို မြင်ပါသလဲလို့ မေးမြန်းတာကိုတော့ သူက -
“စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း စစ်အစိုးရ ပြုလုပ်ခဲ့တဲ့ နှိပ်ကွပ်မှုတွေကြောင့် မြန်မာ နိုင်ငံရဲ့ အဆင့်ဟာ အရင်နှစ်များကထက် စာရင် ပိုပြီးတော့ ဆိုးဝါးတဲ့အတွက် ထပ်ပြီးတော့ အဆင့် နိမ့်ကျသွားတာဖြစ်တယ်” လို့ သူက ပြောသွားတာ ဖြစ်ပါတယ်။