သုံးရလွယ်ကူစေသည့် Link များ

“ငွေမျက်နှာကြောင့် မြန်မာစစ်အစိုးရနှင့် ဆက်သွယ်နေခြင်းမှာ အိန္ဒိယအတွက် ရှက်ဖွယ်” - အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ဟောင်း


အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ်ဟာ မြန်မာ့ ဒီမိုကရေစီရေးကိစ္စ မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို
တိုက်တွန်း ပြောဆိုခဲ့ပုံရတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်
အိန္ဒိယက မြန်မာ့ ဒီမိုကရေစီ အရေးမှာ အင်တိုက်
အားတိုက် မပါတဲ့အတွက် အိန္ဒိယအတွက်
ရှက်စရာပဲလို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး
ဟောင်း ဂျော့ချ် ဖာနန်းဒက်စ် (George
Fernandes) ကတော့ ပြစ်တင် ဝေဖန်ပါတယ်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းဟာ
အိန္ဒိယဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တာပါ။ ဒီအကြောင်းကိုတော့ ထိုင်းနိုင်ငံရောက် ဗွီအိုအေ
ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံကို မနေ့က ရောက်ရှိခဲ့တဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ ဒီကနေ့ မနက် ၁၀ နာရီခွဲက တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တိုက်တွန်းချက်တွေကို လျစ်လျှူရှုနေတဲ့ မြန်မာ စစ်အစိုးရအပေါ် တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှုကို ချိန်ခွင်လျှာ ညှိဖို့ ကြိုးစားရင်းနဲ့ ဆက်ဆံနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဟောင်း ဂျော့ချ် ဖာနန်းဒက်စ် က အခုလို ဝေဖန်လိုက်ပါတယ် -

“ဆက်ဆံရေးကတော့ စီးပွားရေး ဆန်ဆန်ပါဘဲတဲ့၊ ကုန်သွယ်ရေးနဲ့ ရေနံစတဲ့ ငွေရေးကြေးရေး စီးပွားရေး အဓိကထား ဆက်ဆံနေရတာကြောင့် အိန္ဒိယနိုင်ငံ သိက္ခာကျတယ်လို့ သူအမြဲ ပြောခဲ့တာ ဖြစ်ပါတယ်တဲ့။ အိန္ဒိယက မြန်မာနိုင်ငံအပေါ် အခုလို ဆက်ဆံနေတာကြောင့် သူ သိပ်ရှက်မိပါတယ်လို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။”

ဒေသတွင်း သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံဟာ ၂၀၀၈ ခုှနှစ် အိုလံပစ် အားကစား ပြိုင်ပွဲ လက်ခံ ကျင်းပတဲ့အခါ အိုလံပစ် မီးရှုးတိုင် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး သယ်ဆောင်ဖို့ ခရီးစဉ်ကို ကန့်ကွက်ဖို့ စဉ်းစားနေတယ်လို့လည်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဟောင်း ဂျော့ချ် ဖာနန်းဒက်စ်က စကားမစပ်ပြောပြပါသေးတယ် -

“အိုလံပစ် မီးရှုးတိုင် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကိုဖြတ်ပြီး တခြားနိုင်ငံတွေကို သယ်ဆောင်ဖို့ စီစဉ်တဲ့အခါ အဲဒီ အိုလံပစ် မီးရှုးတိုင် အိန္ဒိယနိုင်ငံကနေ ဖြတ်ခွင့်မရအောင် ကန့်ကွက်ဖို့အတွက် သူဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ပြောပြသွားတာ ဖြစ်ပါတယ်။”

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဟောင်း ဂျော့ချ် ဖာနန်းဒက်စ်ဟာ မြန်မာ့ ဒီမိုကရေစီအရေး အတွက် တစိုက်မတ်မတ် ထောက်ခံ အားပေးနေတဲ့သူ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ ဒီကနေ့ အိန္ဒိယဝန်ကြီးချုပ် မန် မိုဟန်ဆင်းဂ် နဲ့ တွေ့ဆုံပြီးတော့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ပရာနတ် မူခါဂျီး နဲ့လည်း အလွတ်သဘော နေ့လည်စာ စားခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယ ဒု-သမ္မတ မိုဟာမက် ဟာမစ် အင်စာရီ (Mohammad Hamid Ansari) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဦးဉာဏ်ဝင်းရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရ ဝန်ကြီး ဒေါက်တာတင့်ဆွေ က အခုလိုပြောပြပါတယ် -

“မှန်းကြည့်သလောက်ပေါ့လေ၊ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အထူးသဖြင့်ကတော့ အိန္ဒိယကနေ ဗမာပြည်အတွက် ကူညီဖို့ ကိစ္စကို လက်မှတ်ထိုးဖို့ ရှိတယ်လို့ ကျနော်တို့ နားလည်ပါတယ်။ အထူးသဖြင့်ကတော့ ဒီ ကုလားတန် (စီမံကိန်း) Project ကိစ္စတွေ ဖြစ်နိုင်ပါတယ် ခင်ဗျ။”

နောက်ဆုံးသတင်းပေါ့လေ၊ ဒီ အိန္ဒိယနိုင်ငံကနေ လက်နက်မရောင်းတဲ့ ကိစ္စကော ဆရာ ဘာကြားပါသေးလဲ -

“အိန္ဒိယ သတင်းလောကမှာတော့ ခပ်မှိန်မှိန်ပဲ ဖေါ်ပြကြပါတယ် ခင်ဗျ။ ဒီသတင်း ထွက်လာတာ လည်း ၃ ပတ်နီးနီးလောက် ရှိပါပြီ။ အဲဒီတုံးက စထွက်တုံးကလည်း ဒါ ၂ လလောက် ဆိုင်းထားမယ် ဆိုတဲ့ တချက်နဲ့ ဒါကိုလည်း သတင်းစာလောက က ကျယ်ကျယ် ပြန့်ပြန့် မပြောတဲ့ အခါ ဘယ်လောက်ထိ မှန်ကန်မှာလဲ၊ ဘယ်လောက်ထိ လေးနက်မှာလဲဆိုတာ ပြောဖို့ ခက်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ စရောင်းတုံးကလည်း အိန္ဒိယအစိုးရက မပြောဘဲ ရောင်းခဲ့တယ်။ ပိတ်မယ်ဆိုတော့မှ သတင်းက ထွက်လာတယ်ဆိုတော့ တနည်းအားဖြင့် အတိုက် အခံတွေရဲ့ ဝေဖန်မှုကို သက်သာအောင် လုပ်နည်းလားလို့ ကျနော်တို့ သံသယရှိပါတယ် ခင်ဗျ။ ဘာလို့ ဆိုတော့ အခုပြောပြီးမှ ကျနော်တို့ မသိအောင်လည်း ရောင်းရင်လည်း ရောင်းနိုင်တယ် ဆိုတော့ ကျနော်တို့ စိုးရိမ်သောကနဲ့ပဲ စောင့်ကြည့်ရမယ့် အနေအထားရှိပါတယ် ခင်ဗျ။”

အိန္ဒိယ ဝန်ကြီးချုပ်မက်မိုဟန်ဆင်းကနေ သူ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တိုက်တွန်းမယ် ဆိုပြီးတော့ သတင်းထွက်ပါတယ်။ ဆရာ အဲဒီအခြေအနေကော ပြောနိုင်မယ့် အလားအလာရှိလား၊ သူစင်ကာပူမှာတော့ ဗိုလ်ချုပ်ကြီး သိန်းစိန် ကို ပြောတယ်လို့ ကြားပါတယ်ဆရာ -

“ဟုတ်ကဲ့ခင်ဗျ၊ အဲဒီအတွက်ကတော့ အိန္ဒိယကတော့ အစိုးရကောင်းလို့ ပြောရမယ်ပေါ့လေ၊ နိုင်ငံတကာရဲ့ ချဉ်းကပ်မှု၊ ဗမာပြည်ဆိုင်ရာ နိုင်ငံတကာရဲ့ ချဉ်းကပ်မှုအပေါ်မှာ အိန္ဒိယကလည်း သဘောတူထားတာ ရှိပါတယ်၊ တနည်းအားဖြင့် ကုလသမဂ္ဂကို မဏ္ဍိုင် ပြုပြီးတော့ ဗမာပြည် အရေးအခင်း ဖြေရှင်းရေးကိစ္စမှာ အိန္ဒိယကနေ ထဲထဲဝင်ဝင် ပါလာတဲ့အတွက် ဒီ ကုလသမဂ္ဂက ချထားတဲ့ လိုင်းဘဲ ဝန်ကြီးချုပ်က ဦးဉာဏ်ဝင်းကို ပြောမယ်လို့ ကျနော် ယူဆပါတယ်။ တစ်အချက်က ဗမာပြည် ပြုပြင် ပြောင်းလဲရေးမှာ အားလုံး ပါဝင်တဲ့နည်းတခု လိုအပ်တယ်။ နံပါတ်နှစ် အချက်ကတော့ ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာကို ဦးတည်တဲ့ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လိုအပ်တယ်ဆိုတဲ့ နှစ်ချက်အပေါ်မှာ အိန္ဒိယက လက်ခံ ထားပြီးပြီလို့ ယူဆတယ်။ အဲဒီအတိုင်းဘဲ ပြောမယ်လို့ ကျနော်တို့ မှန်းဆကြည့်ရပါတယ် ခင်ဗျား။”

အိန္ဒိယနိုင်ငံရဲ့ လတ်တလော မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒကိုလည်း ဒေါက်တာတင့်ဆွေက အခုလိုသုံးသပ်လိုက်ပါတယ် -

“အိန္ဒိယက တက်ကြွတဲ့ ပေါ်လစီကို မကျင့်သုံးသေးပဲနဲ့ တရုတ်ရဲ့ အခြေအနေကို ကြည့်ပြီးတော့ ကျင့်သုံးတဲ့ အနေအထား ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အတွက် သိပ်ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ အိန္ဒိယရော၊ တရုတ်ရော နှစ်ယောက်စလုံး တွဲပြီးတော့ ဗမာပြည် ပြဿနာ ဖြေရှင်းရေးကို တွဲလုပ်လိုက်လို့ ရှိရင်တော့ သားရွှေအိုးထမ်းလာတဲ့ အခြေအနေ ဖြစ်သင့်တယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံဝန်ကြီး ဦးဉာဏ်ဝင်းနဲ့အဖွဲ့ နယူဒေလီမြို့မှာ ရှိနေစဉ်အတွင်း အိန္ဒိယနိုင်ငံရောက် မြန်မာ့ ဒီမိုကရေးစီ အင်အားစုတွေက မနက်ဖန် ပါလီမန်လမ်းမကြီးမှာ ကန့်ကွက် ဆန္ဒပြကြမှာလို့ သိရပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး တွန်းအားပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် ထံကိုလည်း သဝဏ်လွှာ ပေးပို့ကြမယ်လို့ သိရပါတယ်။ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဟာ တရားဝင် ခရီးစဉ်ပြီးဆုံးတဲ့အခါ ဗုဒ္ဓဂါယာကို ခရီးဆက်မယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG