သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်း၊ မစ္စ ဘူတို လုပ်ကြံမှု စုံစမ်းရန် ဗြိတိန်ကို အကူအညီတောင်း


ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံရတဲ့ အမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးရာမှာ အကူအညီပေးဖို့ သမ္မတ ပါရ်ဗက်ဇ် မူရှာရက်ဖ် က ဗြိတိန်နိုင်ငံကို တောင်းဆို လိုက်ပါတယ်။

မစ္စ ဘူတို လုပ်ကြံ ခံခဲ့ရပြီး နောက်ဆက်တွဲ အခြေအနေ တွေကြောင့် ရွေးကောက်ပွဲ တွေကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်သလို ရွေးကောက်ပွဲတွေ အတွင်း လုံခြုံရေး စောင့်ကြပ်ဖို့တွက် တပ်တွေချသွားမယ်လို့ ဗုဒ္ဓဟူးနေ့ည ရုပ်မြင်သံကြား အစီအစဉ် မိန့်ခွန်း တစ်ခုမှာ သမ္မတ မူရှာရက်ဖ် ပြောကြားခဲ့ပါတယ်။ အစ္စလာမ် မာဘတ်မြို့ကနေ ဗွီအိုအေ သတင်းထောက် Ayaz Gul သတင်း ပေးပို့ထားတာကို မခင်ဖြူထွေးက အစီရင်ခံထားပါတယ်။

မစ္စ ဘူတို သေဆုံးမှုဟာ နိုင်ငံတော်အတွက် အကြီးအကျယ် ၀မ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ် တစ်ခုလို့ ဆိုပြီးတော့ သူမ အခုလို လုပ်ကြံခံရတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရာမှာ ပါကစ္စတန် အစိုးရ အရာရှိတွေကို ကူညီဖို့ Scotland Yard က ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ဗြိတိန် အဖွဲ့တစ်ဖွဲ့ ပါကစ္စတန်နိုင်ငံကို မကြာခင် ရောက်ရှိလာလိမ့်မယ်လို့ သမတ မူရှာရက်ဖ် က ဆိုပါတယ်။

အတိုက်အခံ ခေါင်းဆောင် မစ္စဘူတို သေဆုံးခဲ့တာဟာ အစိုးရအနေနဲ့ သူမအတွက် လုံခြုံရေး လုံလုံ လောက်လောက် မထောက်ပံ့ပေးခဲ့လို့ ဖြစ်တယ်လို့ သူမကို ထောက်ခံသူတွေ ဝေဖန် ခဲ့ကြသလို လူပေါင်းများစွာ သေဆုံးခဲ့တဲ့ ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ မတည်ငြိမ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

မစ္စ ဘူတို သေဆုံးမှုနဲ့ ပတ်သက်လို့ ရှိနေတဲ့ ရှုပ်ထွေးမှုတွေ၊ သံသယတွေ ရှင်းသွား စေဖို့အတွက် အခုလို နိုင်ငံခြား အကူအညီယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန် သမ္မတ က ဆိုပါတယ်။

ပါကစ္စတန်က တိုက်ခိုက်မှုတွေ နောက်ကွယ်မှာ အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေ ရှိနေပါတယ်။ မစ္စ ဘူတို လုပ်ကြံခံရမှု နောက်ကွယ်မှာလည်း သူတို့ ရှိနေတယ်ဆိုတာ သူ့အနေနဲ့ လုံးဝ ယုံကြည်တယ်၊ သံသယ ဖြစ်စရာ အကြောင်းမရှိဘူးလို့ သမ္မတ မူရှာရက်ဖ် က ပြောကြားခဲ့ပါတယ်။

မစ္စ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးဖို့ ပါကစ္စတန်က အခုလို ဗြိတိန်နိုင်ငံရဲ့ အကူအညီ တောင်းခံ လိုက်တဲ့အပေါ် ကုလသမဂ္ဂ က ကြိုဆိုလိုက်သလို ကုလသမဂ္ဂ အနေနဲ့လည်း ကူညီသွားဖို့ အဆင်သင့် ရှိတယ်လို့လည်း ဆိုပါတယ်။ ပါကစ္စတန် နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ သူတို့ကို ထောက်ခံ သူတွေကို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် တိုက်တွန်းကြဖို့ အမေရိကန် သမ္မတ အိမ်ဖြူကလည်း တောင်းဆိုလိုက်ပါတယ်။

မစ္စ ဘူတိုရဲ့ ပါကစ္စတန် ပြည်သူ့ပါတီကတော့ အစိုးရဟာ နိုင်ငံရေး ထိပ်တန်း ခေါင်းဆောင်ကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာကို ဖုံးကွယ်ဖို့ ကြိုးစားနေသလို မစ္စဘူတို လုပ်ကြံ ခံရတဲ့နေရာက မူခင်းဆေးစစ်ချက်တွေကို ဖျောက်ဖျက် နေတယ်လို့ စွပ်စွဲထားပါတယ်။ မစ္စဘူတို လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ ပါကစ္စတန် နိုင်ငံတွင်းက သြဇာအာဏာရှိတဲ့သူတွေ ပါဝင် ပတ်သက်နိုင်ချေ ရှိတာကိုတော့ ဖျောက်ဖျက်ထားလို့ ရမှာမဟုတ်ဘူးလို့ ဝေဖန်သူတွေက ဆိုပါတယ်။

တချိန် တည်းမှာပဲ မူလက ဇန်န၀ါရီလ ၈ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲ တွေကို နောက်လ ၁၈ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ Qazi Mohammed Farooq က ပြောပါတယ်။

အခုလို ရွှေ့ဆိုင်းရတာဟာ ပြီးခဲ့တဲ့သီတင်းပတ်က အတိုက်အခံခေါင်းဆောင် ဘနာဇီယာ ဘူတို သေဆုံးခဲ့မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း ဆင်းဂ် နယ်ထဲက ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေနဲ့ မဲဆန္ဒရှင် စာရှင်းတွေ ပျက်ဆီးခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေကတော့ အခုလို ရွှေ့ဆိုင်းတာဟာ သမ္မတ ပါဗက်ဇ် မူရှာရက်ဖ် အစိုးရအနေနဲ့ သူ့တို့ကို ထောက်ခံသူတွေရဲ့ မဲတွေ ပိုရရှိဖို့ ရွှေ့ဆိုင်းတာ ဖြစ်တယ်လို့ ဆိုပြီးတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်သွားဖို့အတွက် လှုံ့ဆော်ဖို့ ဆုံးဖြတ်ထားကြ ပါတယ်။

သတ်မှတ်ထားတဲ့ ရက်အတိုင်း ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်ဆိုရင် မစ္စဘူတိုရဲ့ ပါကစ္စတန် ပြည်သူ့ပါတီ PPP က မဲအများစု ရရှိသွားမှာကို အစိုးရအနေနဲ့ စိုးရိမ်နေတယ်လို့ နိုင်ငံရေး လေ့လာသုံး သပ်သူ Talat Msood က ပြောပါတယ်။

“အစိုးရအနေနဲ့ ပီပီပီ ပါတီကို သနားစာနာပြီးတော့ မဲပေးမှာကို မလိုလားတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ တချိန်တည်းမှာ လူတွေက အစိုးရကို လောလောဆယ် အကြီးအကျယ် မုန်းတီးမှုတွေ ရှိနေကြပါတယ်။ သမ္မတ မူရှာရက်ဖ် အနေနဲ့ ရွေးကောက်ပွဲတွေ ပြီးရင်လည်း တော်တော် အကြပ်အတည်း ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဖြစ်ချင်တာက သူ့အတွက် အကျိုးရှိမယ့် ရွေးကောက်ပွဲ ရလဒ်ပါ။ ဒါပေမယ့် ရွေးကောက်ပွဲတွေကို အခု လုပ်မယ်ဆိုရင် ဒါက မဖြစ်နိုင်မယ့် သဘော ရှိနေပါတယ်။”

ရှေ့အပတ်မှာကျင်းပဖို့ရှိတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကို နောက်လ ၁၈ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတ မူရှာရက်ဖ် ကလည်း ကန့်ကွက်ခဲ့ပါတယ်။ မစ္စဘူတို သေဆုံးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေ၊ သွေးစွန်းတဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေပေမယ့်လည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် စစ်တပ်တွေနဲ့ လုံခြုံရေးတပ်ဖွဲတွေ ဖြန့်ကျက် ချသွားမယ်လို့ သမ္မတ မူရှာရက်ဖ်က ပြောပါတယ်။

မစ္စ ဘူတိုရဲ့ ပြည်သူ့ပါတီ အပါအ၀င် အတိုက်အခံ ပါတီတွေကတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင် ရှုတ်ချခဲ့ပေမယ့်လည်း ရွေးကောက်ပွဲမှာတော့ သူတို့အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG