သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်တုစလောင်း လိုင်စင်ကြေး အဆတရာကျော် တိုးမြင့် ကောက်ခံမှုအပေါ် မြန်မာ သတင်းသမားများ ဝေဖန် ကန့်ကွက်


မြန်မာနိုင်ငံတွင်း ဂြိုဟ်တုစလောင်း ရုပ်သံ လိုင်စင်ကြေးတွေ အဆမတန် တိုးမြင့် လိုက်တာဟာ နိုင်ငံခြားသတင်း ပိတ်ဆို့ဖို့ အစိုးရရဲ့ ကြိုးပမ်းချက်ဖြစ်ပြီး ဒီလို သတင်း အမှောင်ချမှု မျိုးတွေကို ဒီကနေ့ ကမ္ဘာအခြေအနေနဲ့ ရေရှည် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာ သတင်းသမားတွေက ပြောကြပါတယ်။ အများပြည်သူတွေကတော့ အခုလို ဈေးနှုန်းမျိုးနဲ့ ဆိုရင်တော့ သူတို့ ဆက်ပြီး ဂြိုဟ်တုစလောင်း အသုံးပြုဖို့ ခက်နေကြပြီလို့တော့ ဆိုပါတယ်။ ဒီ တုန်ပြန်ချက်တွေကို စုံစမ်း မေးမြန်းပြီး ဦးသားညွန့်ဦး က တင်ပြထားပါတယ်။

ဂြိုဟ်တုစလောင်းကို ရုပ်သံလိုင်စင်ကြေး ပေးပြီး အသုံးပြုနေတဲ့သူ အများစုကြီး အတွက်တော့ တနှစ် လိုင်စင်ကြေး ၆ ထောင်ကနေ ၁၀ သိန်းအထိ ပေးဖို့ကတော့ အတော်လေးကို အခက် တွေ့ခဲ့ကြပါတယ်။ စီးပွားရေး လုပ်ငန်းတွေကလွဲလို့ တဦးချင်း ပုဂ္ဂလိက သုံးစွဲသူတွေ အဖို့တော့ ပိုဆိုးပါတယ်။ ရန်ကုန်မြိုခံ တဦးက အခုလို ဗီအိုအေကို ပြောပါတယ် -

“အများစုကတော့ ပေးနိုင်လိမ့်မယ်လို့ မထင်ဘူး၊ ဘာလို့ဆိုတော့ ဒီဥစ္စာ တပ်ဆင်ခတို့၊ စရိတ်တို့က အဲဒီလောက်တောင် မကုန်တဲ့ဥစ္စာ၊ လိုင်စင်ကြေးကြီးက တအားများနေတော့ ဆင်ဖိုးထက် ခွျှန်းဖိုးက များသလို ဖြစ်နေတာ။ အဲဒီတော့ တော်တော်များများက တပ်မှာမဟုတ်ဘူး။ ကျနော်တို့ ဆီမှာ တော်တော် များများက ဗွီအိုအေတို့ ဘာတို့ဟာလည်း ဒီအတိုင်း ရေဒီယိုက နားထောင်တဲ့ ဟာတွေက အဲဒီက နားထောင်တယ်လေ၊ satellite ကနေ နားထောင်တော့ အသံပိုကြည်တာကို။ နောက် ဒီဗွီဘီတို့ ဘာတို့ ဆိုလည်း အရုပ်ပါ ကြည့်ရတယ်လေ။ အဲဒီတော့ သတင်း ကြည့်ချင်တဲ့ လူတွေအတွက် ကလည်း သတင်း နည်းနည်းတော့ မှောင်ကျသွားမှာပေါ့၊ ခုနက ပြည်တွင်း သတင်းတွေမက ပြည်ပ သတင်းတွေပါ အမှောင်ချလိုက်သလို ဖြစ်မှာပေါ့။”

အခုပြောခဲ့သလို အစိုးရက သတင်းအမှောင်ချဖို့ ကြိုးစားတာဆိုရင် တကယ်ပဲ အခုလို ဂြိုဟ်တု စလောင်းတွေ ပိတ်လိုက်ရုံနဲ့ နိုင်ငံခြားသတင်းတွေ ပြည်တွင်း မဝင်နိုင်အောင် ဟန့်တား နိုင်ပါမလား။ ပြည်ပကနေ မြန်မာဘာသာနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ပေးနေတဲ့ ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့ အသံက ညွန်ကြားရေးမှုး ကိုအေးချမ်းနိုင် အမြင် ပြောပြပါဦး -

“ကျနော့်အမြင်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ဘာလို့ဆိုတော့ သူတို့ အင်တာနက် ပိတ်တဲ့အချိန်မှာလည်း Information တွေက ထွက်ရုံမကဘဲနဲ့ သူတို့ရဲ့ ဝက်ဆိုဒ် တခုလုံးပါ နိုင်ငံတကာကနေ ကြည့်လို့မရတော့ဘူး၊ satellite တွေ ပိတ်တယ် ဆိုရင်လည်း တကယ်တမ်း တော်တော် များများ သူတို့ မြဝတီတီဗွီကိုလည်း satellite ကနေ ကြည့်နေကြတာ။ ဥပမာ- MRTV-3 ဆိုရင်လည်း satellite က နေကြည့်ရတယ်၊ MRTV-4 နယ်က လူတွေဆိုရင် satellite ကပဲ ကြည့်ကြရတာပါ။ သူတို့အတွက်လည်း ဒုက္ခရောက်တဲ့ လုပ်ငန်းတခုပါဘဲ၊ တော်တော် များများ ကလည်း သူတို့အတွက် ဆုံးဖြတ်ရခက်တဲ့ ဆုံးဖြတ်ချက်တခုလို့ ကျနော်မြင်ပါတယ်။”

အခု ပိတ်ဆို့လိုက်တဲ့ အခါကျတော့ နောက်ပိုင်း ဒီဗွီဘီအနေနဲ့ လွှင့်ထုတ်ဖို့ အခက်အခဲတွေ ရှိလာနိုင်လား -

“ ကျနော့်အနေနဲ့တော့ အဲလိုမမြင်ဘူး၊ ဘာလို့ဆိုတော့ လွန်ခဲ့တဲ့ လွှင့်ခဲ့တဲ့ ၂ နှစ်မှာတော့ တော်တော် များများ satellite က ကြည့်ကြတာ ရှိသလို ရလာတဲ့ တီဗွီ အစီစဉ်တွေကို တော်တော် များများ ကိုယ့်အချင်းချင်း ဖြန့်ကြတာရှိတယ်။ တချို့ဆို ဆိုင်တွေမှာ ရောင်းတာတောင်ရှိတယ်။ ဆိုတော့ တကယ်လို့ satellite က ပိတ်လိုက်မယ် ဆိုရင်လည်း ဗွီစီဒီတွေရှိမယ်၊ ဒီဗွီဒီလိုတွေ ထွက်လာမယ်၊ ကျနော်တို့ ဒီသောကြာနေ့ဆိုရင်ကို ကျနော်တို့ အရင်တုံးက တပတ်ကို တနာရီ လွှင့်နေတာကနေ တနေ့ကို တနာရီ တီဗွီစတော့မှာပါ။ ဆိုတော့ အဲလို စရင်တော့ ပရိသတ်ကလည်း ပိုများမှာပါ၊ တကယ်လို့ ထုတ်လွှင့်တယ်ဆိုရင်တော့ ကျနော်တို့ အတိုက်အခံ ပုံစံမျိုးနဲ့ ကျနော်တို့ ထုတ်လွှင့်တာ မဟုတ်ပါဘူး။”

ဂြိုဟ်တုစလောင်း ရုပ်သံလိုင်စင်တွေကို ၂၀၀၀ ခုနှစ် ဝန်းကျင်လောက် ကတည်းက ချထား ပေးခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လိုင်စင် အသစ်တွေကို မထုတ်ပေးတဲ့ အပြင် အခုဆို လိုင်စင်ကြေးကိုပါ အဆ တရာကျော် တိုးမြင့် လိုက်တာဖြစ်တယ်လို့ ရန်ကုန် နယ်ခံတွေက ပြောပါတယ်။ စစ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို ခေတ်မှီ တိုးတက်ထွန်းကားတဲ့ နိုင်ငံတရပ် ဖြစ်အောင် ကြိုးစား ဆောင်ရွက်နေတယ်လို့ ပြောနေတာတွေနဲ့ အခုလို လုပ်ရပ်တွေဟာ အပြောနဲ့ လက်တွေ့ မညီဘူးဆိုတာ ပြနေတာဖြစ်တယ်လို့ ဘီအမ်အေ မြန်မာ့သတင်းသမဂ္ဂက ကိုမောင်မောင်မြင့် ကလည်း အခုလို ဝေဖန်ခဲ့ပါတယ်။

“ဒါကတော့ သူတို့အပြောနဲ့ အလုပ် တခြားစီဆိုတာ ပြတာဘဲလေ။ အခု Satellite Dish တွေကို ပိတ်ထားတယ်၊ စောစောပိုင်းက ဆိုလို့ရှိရင်လည်း အင်တာနက် အသုံး ပြုတာတွေကိုလည်း ကန့်သတ် ထားတယ်၊ အခုလည်း ကန့်သတ်ထားတယ်၊ နောက်ပိုင်း လည်းကန့်သတ်မယ့် အနေအထားတွေ ရှိနေတယ်။ တချို့တဝက် ဖွင့်ပေးမယ်၊ တချို့တဝက် ပိတ်ထားမယ်၊ တရုတ်ပြည်နဲ့ မြောက်ကိုးရီးယားမှာ လုပ်တဲ့ ပုံစံမျိုး သူတို့ လုပ်နေမယ်၊ ဒါတွေကို လုပ်နေသမျှ ကာလပတ်လုံး ဘယ်လိုနည်းနဲ့မှ မြန်မာနိုင်ငံကို ခေတ်မှီ တိုးတက်တဲ့ နိုင်ငံတခုဖြစ်အောင် မလုပ်နိုင်ဘူး၊ ဒါတွေ အားလုံးကို သူတို့ စဉ်းစားဖို့ကောင်းတယ်၊ မြန်မာနိုင်ငံကို တကယ်တမ်း တိုးတက် စေချင်ရင် မြန်မာ ပြည်သူတွေကို လွှတ်လပ်ခွင့် ပေးသင့်တယ်။”

ဟုတ်ကဲ့ခင်ဗျ၊ အခုလိုမျိုး ဒီ အင်တာနက်တွေလည်း ပိတ်၊ ဂြိုဟ်တု စလောင်းတွေလည်း ပိတ် ဆိုတော့ တကယ်တမ်း သတင်း စီဆင်းမှုတွေကို ပိတ်ဆို့ နိုင်လိမ့်မယ်လို့ကော ယူဆပါသလား၊ မြန်မာနိုင်ငံ အတွင်းမှာပေါ့ -

“လုံး၀ မယူဆပါဘူးခင်ဗျ၊ ကျနော်တို့ သတင်းလို့ ပြောတဲ့အခါမှာ သတင်းစာကနေ စပြီးတော့ ရေဒီယို၊ ရုပ်မြင်သံကြား အဆုံး၊ အင်တာနက် အဆုံးပေါ့လေ၊ ဆိုတော့ ဒါတွေအားလုံးဟာ သူ့နေရာနဲ့သူ တန်ဖိုး ရှိပါတယ်၊ လမ်းကြောင်းတခုကို ပိတ်လိုက်ရုံနဲ့ ဒိပြင် လမ်းကြောင်းပါ ပိတ်သွားမှာ မဟုတ်ပါဘူး၊ မြောက်ကိုးရီးယားမှာတောင်မှ ပိတ်လို့ မရပါဘူး။”

ဟုတ်ကဲ့၊ ဒါဆိုလို့ရှိရင် မြန်မာစစ်အစိုးရ အခုလုပ်နေတဲ့ ကိစ္စတွေက ဘယ်သူ့ကို အဓိက ထိခိုက်စေတယ်လို့ ပြောလို့ရလဲ -

“နှစ်ဘက်စလုံး ထိခိုက်တယ်၊ စစ်အစိုးရ အနေနဲ့က အခု လောလောဆယ်ဘဲ နိုင်ငံတကာမှာ သိပ်မျက်နှာ ပျက်နေပြီ၊ သိပ်မကြာတော့ဘူး၊ ဒီကိစ္စက ကုလသမဂ္ဂက ထုတ်တဲ့ စာရွက် စာတမ်း တွေထဲမှာ ပါလာလိမ့်မယ်၊ နိုင်ငံတကာက ထုတ်တဲ့ သတင်းတွေထဲမှာ အခုကို ပါလာနေပြီ၊ တဘက်က ပြည်သူတွေဘက်က ပြန်ကြည့်မယ် ဆိုရင်လည်း ပြည်သူတွေဘက်က မျက်စိနဲ့နား ပိတ်ခံရတယ်၊ Satellite Dish တွေကို သုံးပြီးတော့ ဟုတ်လား ဖွင့်ထားတဲ့ လဘက်ရည်ဆိုင်တွေ ရှိမယ်၊ စီးပွားရေး လုပ်ငန်းတွေ ရှိမယ်၊ ဒါတွေအားလုံး နစ်နာကုန်ကြပြီ။”

မြန်မာနိုင်ငံမှာ ဂြိုဟ်တုစောင်း ရုပ်သံကြည့်ဖို့ လိုင်စင်နဲ့မှ ခွင့်ပြုတယ် ဆိုပေမယ့် လိုင်စင် အခက် အခဲကြောင့် နယ်အတော်များများ မှာတော့ လိုင်စင်မရှိပဲ တင်ဆင် ကြည့်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း လိုင်စင်ကြေး တိုးမြှင့်တာနဲ့အတူ တင်းကြပ်မှုတွေလည်း လုပ်လာ နိုင်တယ်လို့ ယူဆကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ အနှံ့မှာ ဒီ ဂြိုလ်တုစလောင်းတွေကနေ နိုင်ငံခြား ရုပ်သံတွေက တဆင့် ကြည့်ရှုကြ၊ ဖမ်းယူပြီး ဖြန့်ဝေတာတွေ ရှိခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ စစ်အစိုးရကနေ အင်တာနက်၊ ဖုန်း ဒီ ဆက်သွယ်ရေး တွေ အပြင် အခု ဂြိုဟ်တု စလောင်းတွေ အသုံးပြုမှုကိုပါ တစတစ တင်းကြပ်လာတာ တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG