သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျ နိုင်ငံရေးသမားများအပေါ် ထောင်အာဏာပိုင်များ ပိုမိုနှိပ်ကွပ်


အာဏာပိုင်တွေ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေ ထောင်ထဲမှာနေထိုင်ရတာ အခြေအနေ ဆိုးရွားနေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် ကျန်းမာရေး ဆိုးရွားနေတဲ့သူတွေ ပိုပြီးတော့ အခက်ကြုံ နေရပါတယ်တဲ့။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးအောင်လွင်ဦးက တင်ပြပေးပါမယ်။

(၈၈)မျိုးဆက် ကျောင်းသားအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်စတဲ့ ခေါင်းဆောင်တွေအပါအဝင် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထားရာမှာ အခုဆိုရင် သူတို့ကို ထိန်းသိမ်းထားတဲ့ထောင်တွေမှာ ပိုပြီး တင်းကျပ်မှုတွေ လုပ်ဆောင်လာတာလို့ လုပ်ဖေါ်ကိုင်ဖက် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေက ပြောကြတာပါ။ အထူးသဖြင့် အခုလို ဆောင်းတွင်းကာလမှာဆိုရင် ကျန်းမာရေး ဆိုးရွားသူတွေ အတွက် နေရေးထိုင်ရေး အခက်အခဲရှိနေတယ်လို့လည်းဆိုပါတယ်။ လောလောဆယ် သူတို့ ခံနေရတဲ့ အင်းစိန်ထောင်ထဲက နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ လုပ်ဖေါ်ကိုင်ဘက် (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုစိုးထွန်းက အခုလိုပြောပါတယ်။

“ ကျနော်တို့သိရသလောက်က ကိုမင်းကိုနိုင်အပါအဝင် ကျနော်တို့(၈၈)ကျောင်းသားတွေရယ်၊ ကျန်တဲ့ ဗကသ ကျောင်းသားမျိုးဆက်တွေ၊ နောက်ပြီး ကိုထင်ကျော်တို့၊ ကိုလှမျိုးနောင်တို့ကို တိုက်တွေမှာ ခွဲထားတယ်။ ထောင်မကြီးတိုက်မှာ၊ နောက်အင်းစိန်ထောင် နောက်ဆုံး အခြေအနေ ကတော့ (၁၅)မိနစ်လောက်သာ အပြင်ကိုထွက်ခွင့်ရတယ်လို့သိရတယ်။ အထဲမှာပဲနေရတယ်။ နောက်တခုက အေးတဲ့ရာသီမှာအခုက အထဲမှာပဲနေရတာ ကျန်းမာရေးက သိပ်မကောင်းဘူး ပေါ့လေ။ တော်တော်ချမ်းတယ်။ အားလုံးက ကျန်းမာရေးက လူတွေဟာဖြတ်သန်းခဲ့ရတာလည်း ထောင် ဆယ်နှစ်အထက်တွေ ဖြတ်သန်းခဲ့ရတဲ့အတွက် အခုတကြိမ်ပြန်ဝင်ရတာဟာ ကျန်းမာရေး အတွက် အထူးစိုးရိမ်ရတဲ့အနေအထားရှိတာပေါ့၊ လူငယ်ဘာသဘာဝဖြတ်သန်းခဲ့ရတာ ခံနိုင်ရည် ရှိပေမယ့် အခ ုအသက်အရွယ်ပိုင်းဆိုင်ရာကြီးလာမှ အဲလိုမျိုးတိုက်ပိတ်တာမျိုးတွေ၊ ထားတာတွေက လုံး၀ မဖြစ်သင့်ဘူး။ နောက်ပြီးတော့ ဘာ တင်ပြပြ မလုပ်ပေးဘူးလို့သိရတယ်။ ထောင်ပိုင်တွေနဲ့ လည်းတွေ့ ခွင့်မရဘူး၊ အာဏာပိုင်တွေကလည်း ဂရုမစိုက်ဘူလို့သိရတယ်ခင်ဗျ။ ”

ထိန်းသိမ်းခံနေရတဲ့ လူငယ်တွေထဲမှာ တချို့လူငယ်တွေကိုဆိုရင် မိသားစုနဲ့ထောင်ဝင်စာတွေ့ခွင့် မပေးဘဲ ပိတ်ပင်အပြစ်ပေးတဲ့ဟာတွေလည်း ရှိတယ်လို့ ကိုစိုးထွန်းက ပြောပါတယ်။ ထိန်းသိမ်း ခံနေရသူတွေထဲက အချို့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုထိခိုက်အောင်စေမှု၊ ရုန်းရင်းဆန်ကန့် ဖြစ်အောင်လှုံ့ဆော်မှုစတဲ့ စွတ်စွဲချက်ပုဒ်မတွေအပါအဝင် အရေးယူအပြစ်ပေးဖို့ပြင်ဆင်နေပေမယ့် (၈၈)မျိုးဆက်ကျောင်းသားအများစုကိုတော့ အခုအချိန်အထိ ဘာမှအရေးယူတာတွေ တိတိကျကျ မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒီလိုအခြေအနေအပေါ် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ သဘောထားကို ကိုစိုးထွန်းက အခုလိုပြောပြပါတယ်။

“ ကျနော်တို့(၈၈)မျိုးဆက်ကျောင်းသားတွေက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းဆောင်ရွက်နေတဲ့ သူတွေဖြစ်တယ်၊ ကျနော်တို့ကို (၁၉၈၈)ကာလကတည်းက နှစ်ရှည် ထောင်ဒဏ်တွေချလိုက်ပေမယ့် ကျနော်တို့ဟာ ဘာ အာဃာတတရားမှမထားဘဲနဲ့ အမျိုးသားသင့်မြတ်ရေး၊ တိုင်းပြည်နဲ့ လူမျိုး ငြိမ်းချမ်းမှု၊ လွတ်လပ်မှုတွေရရှိဖို့၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကျနော်တို့က အစွမ်းကုန် ငြိမ်းချမ်းစွာ ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်တယ်။ အခု ဒီကိစ္စမှာလည်း သူတို့တွေကို ထိန်းသိမ်းတာ ဘာကြောင့် ထိန်းသိမ်းမှန်းလည်း မသိဘူး။ ပြန်လွတ်တဲ့ခါတွေလည်း ကျနော်တို့ ထိန်းလိုက် ပြန်လွှတ်လိုက်၊ ဖမ်းလိုက် ပြန်လွှတ်လိုက်ကာလတွေလည်း ကျနော်တို့ တောက်လျှောက်ဖြတ်သန်းခဲ့ရပြီဖြစ်တယ်။ အခု တကြိမ်လည်း ဒီလိုဖမ်းဆီးထိန်းသိမ်းထားပြီး သူတို့ကို ကြာရှည်ထိန်းသိမ်းထားခြင်းဟာ နှိပ်ကွပ်မှု တခုလိုဖြစ်နေတယ်။ ကျနော်တို့ တိုင်းပြည် ပြန်လည်ပြန်လည် ထူထောင်ဖို့ အမြန်ဆုံး လိုအပ်နေတဲ့အချိန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ရမယ့်အချိန်မှာ ဒီလို ထိန်းသိမ်းတာမျိုး မဖြစ်သင့်သေးဘူး။ သူတို့တွေကို ကျနော်တို့တွေ ဖြစ်စေချင်တာကတော့ မနက်ဖြန်ဆိုလည်း ကျနော်တို့ တိုင်းပြည်ရဲ့ နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ဟာ ရောက်ရှိလာပြီ ဖြစ်တယ်။ အဲလို ရောက်ရှိလာတဲ့ အချိန်မျိုးမှာ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုးကို အားလုံးဝိုင်းဝန်း ဆောင်ရွက်တဲ့လူတွေ၊ ရဟန်းသံဃာတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျောင်းသားပြည်သူတွေနဲ့ ဒီ(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအားလုံး၊ ဒီနိုင်ငံရေး အကျဉ်းသားအားလုံးကို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး လွတ်လပ်ရေးနေ့ ကျရောက်တဲ့ အချိန်မှာ အားလုံး လွတ်လွတ်လပ်လပ်နဲ့၊ မိသားစုတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ ပြန်လည်တွေ့ဆုံနိုင်ဖို့အတွက်ကို အားလုံးကိုလွှတ်ပေးဖို့ ကျနော်တို့ အလေးအနက် ပြောချင်တယ်ဗျာ။ ”

(၈၈)မျိုးဆက်ကျောင်းသားအဖွဲ့က ကိုစိုးထွန်းပြောသွားတာပါ။ အကျဉ်းကျခံနေရတဲ့ မိသားစု တချို့ဆိုရင်လည်း မနက်ဖန်ကျရောက်မယ့် အနှစ်(၆၀)ပြည့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူတို့ရဲ့ ထိန်းသိမ်းခံနေရတဲ့ မိသားစုဝင်တွေလွတ်မြောက်လာ မလားမျှော်လင့်နေကြတယ်လို့လည်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပြကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG