သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေး နှစ် ၆၀ ပြည့် လွတ်လပ်ရေး ဆုံးရှုံးရသူများ


မနက်ဖြန် ကျရောက်တော့မယ့် အနှစ် (၆၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပဖို့ စီစဉ်ခဲ့တာနဲ့ ဆက်စပ် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦး အပါအဝင် အနည်းဆုံး လူခြောက်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ သိရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့မှာ ပြုလုပ်မယ့် လွတ်လပ်ရေးအခမ်းအနားနဲ့ ဆက်စပ် ပတ်သက်ပြီး မကွေးတိုင်း ပွင့်ဖြူမြို့နယ်က အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို အပါအဝင် လူ ၆ ဦး ကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံခဲ့ရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထိန်းသိမ်းခံနေရသူတွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ ဒေါက်တာ အောင်မိုးညိုရဲ့ မိသားစုဝင်တဦးကို ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ သူက အခုလို ပြောပြပါတယ်။

“မိသားစုလိုက် သွားတွေ့တာတော့ မဟုတ်ပါဘူးခင်ဗျ၊ ဒါပေမဲ့ သွားရောက် တွေ့ဆုံခွင့်တော့ ရှိပါတယ်။ သူ့အပြင် ၅ ယောက်ပေါ့လေ၊ သူရောဆို ၆ ယောက်ပေါ့ခင်ဗျာ။ ကျန်တဲ့သူတွေကတော့ ဦးစိန်ဝင်း ရယ်၊ ဦးသန်းထွန်း ရယ်၊ ကိုကိုဦး ရယ်၊ ကိုဌေးမြင့် ရယ်၊ ကိုနေမျိုးကျော် ရယ်ပါခင်ဗျ။ တယောက်ကတော့ ကိုနေမျိုးကျော် ကတော့ စကု ကပါခင်ဗျ။ ဒီလိုပါခင်ဗျ၊ အဲဒီလိုပေါ့ လာမယ့် ၄ ရက်နေ့ လွတ်လပ်ရေးနေ့လေ။ လွတ်လပ်ရေးနေ့မှာ ရေနံချောင်းကို သွားပြီးတော့လေ လွတ်လပ်ရေးနေ့ပွဲ ကျင်းပမှာစိုးလို့ အဲဒါကြောင့် ရေနံချောင်းမှာ လူအများအပြား စုမိမှာစိုးလို့ ခေတ္တခေါ်ယူ ထိန်းသိမ်းထားတဲ့ သဘောပါခင်ဗျ။”

စောစောပိုင်းမှာကတည်းက အာဏာပိုင်တွေက ရေနံချောင်းမြို့မှာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခွင့်ကို ပိတ်ပင်ထားခဲ့တာပါ။ အခုလို လွတ်လပ်ရေးနေ့ အခန်းအနားကျင်းပဖို့ စီစဉ်ခဲ့တာကြောင့် အန်အယ်လ်ဒီ ပါတီဝင်တွေ ထိန်းသိမ်း ခံခဲ့ရတဲ့အပေါ် အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က မှတ်ချက်ပေး ပြောဆိုရာမှာတော့ -

“ကျနော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဟာ မြန်မာနိုင်ငံသူသား အားလုံးနဲ့ ဆိုင်တယ်။ ဒီလွတ်လပ်ရေးကို လွတ်လပ်ရေး ကျိုးပမ်းခဲ့ကြတဲ့ ပုဂ္ဂိုလ်များရဲ့ ကျေးဇူးတွေက အများကြီး ရှိပါတယ်။ အဲဒီကျေးဇူးတွေကို မသိနားမလည်ပဲနဲ့ အဲသလို တားတာလို့ အန်ကယ်တော့ အဲလိုပဲ ပြောချင်တယ်။”

အခု ကျရောက်တော့မယ့် အနှစ် (၆၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပြင် ဝါရင့် နိုင်ငံရေးသမားကြီး တွေကလည်း အသီးသီး ကျင်းပကြဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG