သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ကြက်ချင်း ခွပ်ခိုင်းမည့် နအဖအစီအစဉ်


ရန်ကုန်တိုင်းက မြို့နယ်တွေများ လုံခြုံရေးအတွက်ဆိုပြီး အရပ်သားတွေကို စုစည်းထားဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ညွန်ကြားနေတယ်လို့သိရပါတယ်။ တကယ်လို့များ အကြမ်းဖက်မှုတွေ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာမယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့် ဖြစ်နေအောင် အခုလို စုစည်းနေတာလို့လည်း မြို့ခံတွေက ဆိုပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦးက တင်ပြပေးပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ အာဏာပိုင်တွေက မြို့ခံလူထုတွေကို လုံခြုံရေးအတွက် ပြင်ဆင်မှုတွေလုပ်ဖို့ ညွန်ကြားနေတာလို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။ ဒီကနေ့ဆိုရင် ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ် မြို့တော်မှာ ရှိတဲ့ ရပ်ကွက်တွေမှာ သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်တွေက ဒေသခံလူထုကို ဆင့်ခေါ်ပြီး လုံခြုံရေးအတွက် အဆင်သင့် ပြင်ဆင်ထားဖို့ လုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ကို ၃နာရီ ၃၅ မိနစ်လောက်က ရရက ဥက္ကဋ္ဌက ခေါ်ခိုင်းလို့ဆိုပြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကလာခေါ်တယ်လေ။ ကျွန်တော်အပါအဝင် ရရကရုံး အရှေ့လည်းရောက်ရော အစည်းအဝေးချိန်မဟုတ်ဘူး။ ဒီအချိန်ဟာ လွတ်လပ်ရေးပွဲလုပ်နေတဲ့အချိန်လေ။ ရုံးရှေ့မှာ ကျွန်တော်တို့အရွယ် နှစ်ဆယ့်ငါး၊ သုံးဆယ့်ငါးအရွယ်တွေ (၅၀)လောက်ကို တွေ့ရတယ်။ ဥက္ကဋ္ဌကို ဥက္ကဋ္ဌဘာလုပ်တာတုန်းလို့ မေးကြည့်တော့ ဥက္ကဋ္ဌက လူကြီးတွေလာမယ်ဆိုလို့ ကျွန်တော်တို့က လူကြီးတွေဆိုရင် ကိစ္စမရှိဘူးဆိုပြီး ကျွန်တော်တို့က ရပ်နေတာပေါ့။ အဲဒီအချိန် (၄)နာရီထိုးဖို့ ငါးမိနစ်လည်း ရောက်တော့ ခရိုင်ကဆိုတဲ့ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့သူရောက်လာတယ်။ သူရယ် ဆိပ်ကမ်းမြို့နယ် မရက ဥက္ကဋ္ဌရောက်လာတယ်။ အဲဒီတော့ သူတို့က ရရက ဥက္ကဋ္ဌကိုမေးတယ်။ ရရက ဥက္ကဋ္ဌရဲ့နာမယ်က ဦးနေမျိုးအောင်။ သူ့ကို ဒီလူတွေက စွမ်းအားရှင်တွေလားတဲ့။ အဲဒီတော့ ဥက္ကဋ္ဌက ဟုတ်ပါတယ်။ ဒီလူတွေက စွမ်းအားရှင်တွေပါတဲ့။ အဲဒါဆိုရင်လည်းတဲ့ ဒီလူတွေကို သေချာမွေးထားတဲ့။ ဒီလူတွေက နောင်တချိန်ကျရင် ပြည်သူတွေက အကြမ်းဖက်မှုဖြစ်လာလို့ရှိရင်တဲ့ ပြည်သူပြည်သူ အချင်းချင်းပဲရှင်းပေါ့။ ကျွန်တော်တို့ လိုရင် အကူအညီပေးပေါ့ဆိုပြီး အဲဒီဗိုလ်မှူးကြီးက ပြောသွားတယ်။ ရရက ကိုလည်း ပြည်သူနဲ့ စည်းစည်းလုံးလုံးနေကြပေါ့။ နောက်တခါ ပြည်သူလူထုမှာ အဓိကရုဏ်းဖြစ်တာတို့၊ အကြမ်းဖက်မှုတွေ ဖြစ်လို့ရှိရင် အချိန်မှီခေါ်ရင် ရောက်လာဖို့ ရရက က စရိတ်တွေ ထောက်ပံ့မယ်ဆိုတဲ့အကြောင်း ပြောပြီး ဗိုလ်မှူးကြီးက ခဏနေကျတော့ ပြန်ထွက်သွားတယ်။

ယုဇနဥယျာဉ် မြို့တော် ၉၄ ရပ်ကွက်မှာ အာဏာပိုင်တွေက ဆင့်ခေါ်တာ ခံခဲ့ရတဲ့ အကြောင်း မြို့ခံတဦးက ပြောသွားတာပါ။ မြန်မာစစ်အစိုးရရဲ့ အရပ်သားလက်နက်ကိုင်လို့ ဆိုရမယ့် စွမ်းအားရှင်အဖြစ် မမှန်မကန် ရည်ညွန်းပြောဆိုခဲ့တဲ့ အတွက်လည်း ဒေသခံတွေအကြား မကျေမနပ် ဖြစ်ခဲ့ကြပါသေးတယ်။

“ကျွန်တော်တို့ ပြည်သူကို စွမ်းအားရှင်ဆိုပြီး ကျွန်တော်တို့ လူကြီးတွေက မလိမ့်တပတ်နဲ့ အစည်းအဝေးရှိတယ်ဆိုပြီး လာခေါ်တာ။ ဒီကျတော့ ကျွန်တော်တို့ကို စွမ်းအားရှင်လို့ ပြောတယ်။ ဒီလို မလုပ်သင့်ဘူးလေ။ ရရက ဥက္ကဋ္ဌဆိုတဲ့ လူကလည်း ဗိုလ်မှူးကြီးပြောတော့ ဟုတ်ကဲ့၊ ဟုတ်ကဲ့နဲ့ ဆိုပြီးလုပ်သွားတာ။ ကျွန်တော်တို့ ကို စွမ်းအားရှင်ဆိုပြီး လက်ညိုးထိုးခံရတာ။ ကျွန်တော်တို့က ဘယ်ဟုတ်ပါ့မလဲ ကိုယ့်ထမင်း ကိုယ်စားတဲ့ သူတွေ။ ကျွန်တော်တို့ကတော့ ပြည်သူတွေကို ပြည်သူအချင်းချင်း ပြန်ရိုက်တဲ့ အလုပ် ဘယ်တော့မှ မလုပ်ဘူးဗျာ။”

ဒီလိုညွန်ကြားမှုနဲ့ ပတ်သက်လို့ ဘာအကြောင်းအကြောင့်ဆိုတာ တိတိကျကျရှင်းပြ တာတွေ မရှိပေမယ့် အခု ကျရောက်တော့မယ့် အနှစ် ၆၀ပြည့် လွတ်လပ်ရေးနေ့အဖြစ် ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့၊ တက်ကြွသူတချို့က ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ တိုက်တွန်းမှုတွေရှိနေတာတွေ ဖြစ်ပေါ်လာခဲ့ရင် အချိန်ကိုက် တုန့်ပြန်နိုင်ဖို့ စီစဉ်နေတာလို့ အကဲခတ်တွေက အကဲခတ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG