ပါကစ္စတန် အတိုက်အခံခေါင်းဆောင်
ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံခံရမှုမှာ လုံခြုံရေးနဲ့ ထောက်လှန်းရေးအဖွဲ့တွေ
ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို သမတ ပါဗက်ဇ် မူရှာရက်ဖ်က ငြင်းဆိုလိုက်ပါတယ်။
အကြောင်းစုံကို ဗွီအိုအေ သတင်းထောက် Nancy-Amelia Collins အစ္စလာမ်မာဘတ်မြို့ကနေ သတင်းပေးပို့ ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း မစ္စဘူတို သေဆုံးမှုမှာ အယ်လ်ခိုင်းဒါးအဖွဲ့ ပါဝင် ပတ်သက်နေတယ်လို့ ပြောဆိုနေတဲ့ သမတ မူရှာရက်ဖ်က ရွေးကောက်ပွဲတွေအတွက် စည်းရုံးလှုံ့ဆော်မှုတွေလုပ်နေခဲ့တဲ့ မစ္စ ဘူတိုကို အစ္စလာမ် စစ်သွေးကြွတွေရဲ့ အန္တရာယ်ရှိတဲ့အကြောင်း သူ သတိပေးခဲ့သေးတယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
“ကျနော် သူ့ကို ထပ်ပြီးတော့ သတိပေးခဲ့ပါသေးတယ်။ ပတ်ဝန်းကျင်အခြေအနေကို နားလည်ဖို့ လိုအပ်တယ်၊ ခင်ဗျားက အဝေးမှာ နှစ်ပေါင်းအကြာကြီးနေပြီးမှ ဒီကို ပြန်ရောက်လာတဲ့သူဆိုတော့ ခင်ဗျားနားမလည်တာက အခု လက်ရှိ ပါကစ္စတန်က အရင်တုန်းကလို မဟုတ်တော့ဘူးဆိုတာရယ်၊ လက်ရှိ အခြေအနေကို နားလည်ဖို့နဲ့ ကျနော်တို့ လောလောဆယ် နေထိုင်နေတဲ့ ပါကစ္စတန်နိုင်ငံက ခြိမ်းခြောက်မှုတွေရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကို နားလည်ဖို့ သတိပေးခဲ့တာပါ။”
မစ္စဘူတိုကို ထောက်ခံသူတွေက သူမ သေဆုံးခဲ့ရတာဟာ အစိုးရက လုံခြုံရေး လုံလုံလောက်လောက် မထောက်ပံ့ခဲ့လို့ ဖြစ်တယ်လို့ ပြစ်တင်နေကြသလိုပဲ အချို့ကတော့ မစ္စဘူတိုအနေနဲ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုတွေကို သူမ မသေဆုံးခင် တစ်ပတ်လောက် ကတည်းက လုပ်နေတာဖြစ်ကြောင့်မိုလို့ အခုလို မစ္စ ဘူတို လုပ်ကြံခံရမှုအတွက် အစိုးရအတွင်းက သူတချို့မှာ တာဝန်ရှိတယ်လို့ ယုံကြည်ကြပါတယ်။
ဒါနဲ့ပတ်သက်လို့ သမတ မူရှာရက်ဖ်ကို မေးမြန်းခဲ့တဲ့အခါမှာတော့ သူက ဒေါသတကြီးနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
“ကျနော်ဟာ ဘဝတန်ဖိုး၊ လူ့ကျင့်ဝတ်၊ ဂုဏ်သိက္ခာတွေကိုယုံကြည်တဲ့ ခေတ်ပညာတတ်ပြီး ယဉ်ကျေးတဲ့ မိသားစုက ပေါက်ဖွားလာတဲ့သူ တစ်ယောက်ပါ။ ကျနော့် မိသားစုဟာ လူသတ်တာတို့၊ လုပ်ကြံသတ်ဖြတ်တာတို့၊ လျှို့ဝှက်ကြံစည်တာတို့ ဆိုတဲ့ ဒီလိုကိစ္စမျိုးတွေမှာ ယုံကြည်တဲ့မိသားစု မဟုတ်ပါဘူး၊ ကျနော် ပြောချင်တာကတော့ ဒီလောက်ပါပဲ။”
မစ္စဘူတို သေဆုံးမှုအတွက် လုံခြုံရေး ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို သမတ မူရှာရက်ဖ်က ငြင်းဆိုခဲ့ပြီးတော့ မစ္စဘူတိုဟာ သူမလုံခြုံရေးအတွက် ကြီးကြပ်ဖို့ ရဲမှူးကိုတောင် သူမကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်တယ်၊ နောက် သူမနဲ့အတူ ရဲအရာရှိ ၃၀ လောက် ရှိခဲ့တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သေနတ်နဲ့ ကနဦး ပြစ်ခတ်ခံရပြီး မစ္စဘူတိုရဲ့ ကားအနီး အသေခံဗုံးခွဲ တိုက်ခိုက်ခံခဲ့ရတဲ့ ရဝယ်လ်ပင်းဒီး လူထုလှုံ့ဆော်မှုအတွင်းမှာလည်း အဆောက်အဦအမိုးပေါ်ကနေ ချောင်းမြောင်းပစ်ခတ်သူ လက်ဖြောင့်တပ်သားတွေအပါအဝင် ရဲ ၁, ၀၀၀ ကျော် တပ်ဖြန့် ချထားခဲ့တာဖြစ်ပါတယ်လို့ မစ္စတာ မူရှာရက်ဖ် က ဆိုပါတယ်။
မစ္စဘူတို သေဆုံးပြီးတဲ့နောက် နာရီပိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာကို ဆေးကြော ရှင်းလင်းခဲ့တာနဲ့ပတ်သက်ပြီး မစ္စတာ မူရှာရက်ဖ်ကို မေးမြန်းတဲ့အခါမှာတော့ အဲဒီနေရာကို ရှင်းလင်းခဲ့သူတွေဟာ သူတို့အနေနဲ့ အရေးကြီးတဲ့ သက်သေအထောက်အထားတွေကို ဖျက်ဆီးခဲ့တယ်ဆိုတာကို နားမလည်ခဲ့ကြဘူးလို့ ပြောဆိုခဲ့ပါတယ်။
မစ္စဘူတို လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးရာမှာ အစိုးရအဖွဲ့ကို ကူညီဖို့ Scotland Yard စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မစ္စတာ မူရှာရက်ဖ်က ဖိတ်ခေါ်ထားပါတယ်။
ဒါပေမယ့် မစ္စဘူတိုရဲ့ အတိုက်အခံပါတီဖြစ်တဲ့ ပါကစ္စတန်ပြည်သူ့ပါတီ အပါအဝင် မစ္စဘူတိုကို ထောက်ခံသူတွေကတော့ ကုလသမဂ္ဂ ဦးဆောင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တောင်းဆိုထားပါတယ်။
မစ္စ ဘူတိုဟာ သေနတ်နဲ့ပစ်ခံရတာကြောင့် သေဆုံးခဲ့တာမဟုတ်သလို ပေါက်ကွဲမှုကြောင့်လည်း သေဆုံးတာမဟုတ်ဘူး၊ ကားနေကာအမိုးနဲ့ သူမ ခေါင်း ဆောင့်မိပြီး သေဆုံးခဲ့တာလို့ အစိုးရက ပြောဆိုပေမယ့်လည်း မစ္စဘူတိုကို ထောက်ခံသူတွေကတော့ သူမ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ပြည်ပမှာ ၈ နှစ်ကြာ တိမ်းရှောင်နေထိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာလက ပါကစ္စတန် နိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့တဲ့နေ့ကလည်း မစ္စဘူတိုဟာ လုပ်ကြံမှုကနေ သီသီလေး လွတ်မြောက် ခဲ့တာဖြစ်ပါတယ်။ အဲဒီ လုပ်ကြံမှုအတွင်း လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ပါတယ်။