ရှေ့တပတ်ထဲမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာ အခရာကျတဲ့ မဲဆွယ် လှုပ်ရှားမှုတွေ အတွက် အမေရိကန် သမ္မတလောင်းတွေဟာ နယူးဟမ့်ပ် ရှိုင်းယားပြည်နယ်မှာ စုဝေး ရောက်ရှိနေကြပါပြီ။ အိုင်အိုဝါ ပြည်နယ်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ပါတီတွင်း ပဏာမ သမ္မတလောင်း ရွေးချယ်ပွဲမှာ ဒီမိုကခရက်တစ်ပါတီက ဘာရတ်ခ် အိုဘာမား (Barack Obama) ရီပတ်ဘလစ်ကန် ပါတီ က မိုက်ခ် ဟတ်ခ်ဘီး (Mike Huckabee) တို့ အသီးသီး အောင်ပွဲခံခဲ့ကြပြီးတဲ့နောက် အခုလို ရောက်ရှိလာတာပါ။ ၂၀၀၈ ခုနှစ် သမ္မတ ရွေးပွဲအတွက် ပထမဆုံးစမ်းသပ်မှု အငွေ့အသက်အဖြစ် တချို့ ကိုယ်စား လှယ်လောင်းတွေက အိုင်အိုဝါ ကနေ ဒီကနေ့ မနက်စောစောပိုင်းမှာပဲ ရောက်ရှိလာကြတာပါ။
အီလီနွိုက်စ်ပြည်နယ် အထက်လွှတ်တော် အမတ်ဖြစ်သူ အိုဘာမား ဟာ ဒီမိုခရက် ပါတီတွင်းက ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဂျွန် အက်ဒ်ဝပ်ဒ် (John Edwards) နဲ့ အရင်က သမ္မတကတော်ဟောင်းလည်းဖြစ် အခုအခါ နယူးယောက်ခ် အထက်လွှတ်တော် အမတ်တဦးလည်းဖြစ်တဲ့ ဟီလာရီ ကလင်တန် (Hillary Clinton) တို့ကို အလွယ်တကူ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဂျွန် အက်ဒ်ဝပ်ဒ် နဲ့ ဟီလာရီ ကလင်တန် တို့ကတော့ ဒုတိယနဲ့ တတိယ နေရာ အသီးသီး ရခဲ့ကြတာပါ။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး လူမည်း သမ္မတ ဖြစ်ဖို့ မျှော်မှန်းထားတဲ့ မစ္စတာ အိုဘာမား က သူအခုလို အနိုင်ရတာဟာ အမေရိကန်ပြည်သူတွေ အနေနဲ့ အပြောင်းအလဲကို လိုလားနေတယ်ဆိုတာ ပြသလိုက်တာလို့ ပြောဆိုလိုက်ပါတယ်။ အရင်တုန်းက ထင်ရှားမှုမရှိပဲ လွန်ခဲ့တဲ့ လအနည်းငယ်ကမှာ ပေါ်ထွက်လာတဲ့ အာကင်ဆောပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဟတ်ခ်ဘီး ဟာလည်း အပြောင်းအလဲ လိုလားသူ တဦးဖြစ်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံရေးနဲ့ အစိုးရအတွက် ခေတ်သစ်ပြောင်းဖို့ လိုတယ်လို့လည်း ပြောဆိုထားတာပါ။