ဒီကနေ့ဟာ မြန်မာနိုင်ငံ သူ့ကျွန်ဘ၀က လွတ်မြောက်ခဲ့တဲ့ နှစ် ၆၀ မြောက် နေ့ပါ။ ဒီကနေ့မှာ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုင်းပြည်ကို လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။
အဲဒီသ၀ဏ်လွှာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုထားတာ မပါဘဲ သူတို့ ချမှတ်ထားတဲ့ လမ်းစဉ် ၇ ရပ်အတိုင်း မြန်မာနိုင်ငံကို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ထူထောင်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖက်ကတော့ ၂၀၀၈ ခုနှစ်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှစ်အဖြစ် သတ်မှတ်ရမယ်လို့ ပြောပါတယ်။
ဒီကနေ့ကျရောက်တဲ့ အနှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့မှာထုတ်ပြန်တဲ့ အဲန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ဖော်ပြထားတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“အထူးသဖြင့် ကြေညာချက်ထဲမှာ ၂၀၀၈ ခုနှစ်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေး နှစ်အဖြစ် သတ်မှတ်ရမည်ဖြစ်သည် ဆိုပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ကို ဖော်ပြထားပါတယ်။ ကျန်တာတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းလေးတွေ၊ အရေးကြီးတဲ့ မိန့်ခွန်းတွေရယ်၊ တောင်းဆိုချက်တွေ။ တောင်းဆိုချက် ၈ ရပ်ပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွှန့်လွင်၊ အခြား တိုင်းရင်းသား ခေါင်းဆောင်တွေ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ အားလုံး၊ နောက် စက်တင်ဘာ အရေးအခင်းမှာ အခုချိန်ထိ ထိန်းသိမ်းခြင်းခံနေရတဲ့ သံဃာတော်များနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အားလုံးကို လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။”
လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့ရဲ့ ရုံးချုပ် တည်ရှိရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီလွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဝေငှခဲ့တဲ့ စာရွက်စာတမ်းတွေ အကြောင်းကိုလည်း ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“လွတ်လပ်ရေး ပိသုကာကြီး သခင်အောင်ဆန်းရဲ့ အထ္ထုပ္ပတ္တိ အကျဉ်း ဆိုပြီးတော့ ကျနော်တို့ Pamphlet တွေ ထုတ်ပါတယ်။ အထ္ထုပ္ပတ္တိအကျဉ်းမှာ ဗိုလ်ချုပ်ရဲ့ Biography ပါသလို ဗိုလ်ချုပ်ရဲ့ တိုင်းပြည်နဲ့ ဒီမိုကရေစီအတွက် အရေးကြီးတဲ့ မိန့်ခွန်း ကောက်နုတ်ချက်ကလေးတွေ၊ တပ်မတော်နဲ့ စစ်တပ်နဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ရဲ့ သဘောထားတွေ၊ အဲဒါတွေကို ကျနော်တို့ ရှာဖွေ တင်ပြ ထားတယ်။ အဲဒီမှာ ကျနော်တို့ ဖော်ပြတဲ့အဓိက အချက်က ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ်ဂျပန်ကို တော်လှန်ပြီး အောင်ပွဲရရှိခဲ့တဲ့အခါမှာ အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေး တောင်းဆိုဖို့အတွက်ကို တပ်ကနေ နုတ်ထွက်ပြီးတော့ နိုင်ငံရေးထဲကို လုံးဝ ခြေဆုံပြစ်ပြီး နှလုံးရည်အပြည့်နဲ့ အမျှော်အမြင်ကြီးစွာ ဆက်လက် ဆောင်ရွက်ခဲ့တယ် ဆိုတာကို ကျနော်တို့ မီးမှောင်းထိုးပြထားပါတယ်။ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲက အရေးကြီးတဲ့ အချက်တွေကို ကျနော်တို့ ပြတယ်။ အဲဒီ အရေးကြီးတဲ့အချက် ဆိုတာက တပ်မတော်ဟာ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ၀င်ရောက်စွက်ဖက်တာမျိုး ဘယ်တော့မှ မလုပ်ဘူး၊ နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပါဝင်ခြင်း မလုပ်ဘူးလို့ ဗိုလ်ချုပ်ကိုယ်တိုင် ပြောကြားခဲ့တဲ့မိန့်ခွန်း ကောက်နုတ်ချက်တွေကိုလည်း ကျနော်တို့ ဖော်ပြပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးရဲ့ ပိသုကာအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတ်မှတ်ဖော်ပြခဲ့ပေမယ့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အစီရင်ခံစာထဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လို့ တစ်လုံးတစ်ပါဒမှ ဖော်ပြသွားခြင်းမရှိပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီကနေ့ ကြေညာချက်ထဲမှာ ၂၀၀၈ ခုနှစ်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှစ်အဖြစ် အဆိုပြုမယ်လို့ ဆိုထားပါတယ်။ အဆိုပြုတဲ့အတိုင်း ဖြစ်လာနိုင်ပါ့မလား၊ ဖြစ်လာအောင်ရော ဘာတွေ လုပ်မှာလဲ ဆိုတာ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းထားပါတယ်။
ပထမဦးဆုံး ဒီအဆိုပြုချက်ဟာ ဘယ်သူ့ကို ဦးတည်အဆိုပြုသလဲဆိုတဲ့ မေးခွန်းကို ဦးဉာဏ်ဝင်းက အခုလို စဖြေပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးရေးအတွက် Dialogue Process လုပ်နေတယ်။ အဲဒီတော့ ဒီအဖွဲ့နှစ်ဖွဲ့ကြားမှာ ကျနော်တို့ဖက်က အဲဒီလို အဆိုပြုချက်တင်တဲ့သဘော ဖြစ်ပါတယ်။”
အဲဒီ အဆိုပြုချက်ကို ဘယ်လို တုံ့ပြန်လာမယ်လို့များ မျှော်လင့်ထားပါသလဲ ခင်ဗျာ။
“ကျနော်တို့ လက်ရှိ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ တိုင်းပြည်ရဲ့ အခြေအနေအရ ဒီအဆိုပြုချက်ဟာ သင့်လျော်တယ်လို့ သင့်မြတ်တယ်လို့ ကျနော်တို့ ယူဆတယ်။ တစ်ဖက်ကလည်း ဒီအဆိုပြုချက်ကို လက်ခံလာနိုင်တယ်လို့ ကျနော်တို့ အဲဒီလို တွက်ဆပါတယ်ခင်ဗျ။”
ဒါပေမယ့် ဒီကနေ့မှာပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာစာတမ်းမှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ စတင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ကိုယ်စားလှယ်တို့ ဆွေးနွေးမယ့်ကိစ္စကိုလည်း တစွန်းတစ ဖော်ပြမထားတဲ့အပြင် အမျိုးသား ညီလာခံက ချမှတ်ထားတဲ့ ဖွဲ့စည်းပုံကိုပဲ သူတို့ ဖြစ်အောင် အကောင်အထည် ဖော်မယ်ဆိုတာကို သူတို့ အလေးအနက် ပြောထားပါတယ်။ ဆိုတော့ ဒီ သူတို့ ပြောထားတဲ့ဘောင်ကို ကျော်လွန်ပြီး တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ အလားအလာ ဖြစ်လာနိုင်ပါ့မလားခင်ဗျ။
“ရိုးရိုးသားသား ပြောရရင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာနဲ့ပတ်သက်လို့ရှိရင် တစ်ဖက်က ဘယ်ဟာကိုမှ ဘယ်တုန်းကမှ တိတိကျကျ မပြောခဲ့ဘူး ဆိုတာ ကျနော်တို့ သဘောပေါက်တယ်၊ နားလည်တယ်။ သို့သော် လက်ရှိ ဖြစ်ပေါ်နေတဲ့ တိုင်းပြည် အခြေအနေ၊ အာဆီယံနိုင်ငံတွေကြားမှာ ကျနော်တို့ရဲ့ အခြေအနေ၊ တိုင်းပြည်ရဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တချိန်ချိန်မှာ။ အဲဒီ တချိန်ချိန်ဆိုတဲ့အချိန် မရောက်မချင်းကတော့ အခုလို လက္ခဏာမျိုး တွေ့နေရမယ်။ တချိန်ချိန်ရောက်တဲ့နေ့ဆိုရင်လည်း ချက်ချင်း ပြောင်းလဲနိုင်တယ်။ ကျနော်တို့ကတော့ ဒါကိုပဲ ကြိုးစားနေတယ်လို့ အဲဒီလို ပြောချင်ပါတယ်။”
အမျိုးသားပြန်လည်သင့်မြတ်ရေးနှစ် ဖြစ်အောင် အဲဒီလို ကြိုးပမ်းမယ်လို့ အဆိုပြုတဲ့နေရာမှာ အဆိုပြုတဲ့အတိုင်း ဖြစ်လာအောင်၊ ပြင်ပအခြေအနေ တနည်းအားဖြင့် ပြည်တွင်းက ပြည်သူတွေရဲ့ လှုပ်ရှားမှုအခြေအနေ၊ ပြည်ပနိုင်ငံတွေရဲ့ ပြည်ပအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှု အခြေအနေ အပေါ်မှာ များများ မှီခိုပါသလား၊ သို့တည်းမဟုတ် အဲဒီမှာ မှီခိုတာထက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်တိုင် Pro-active လုပ်ပြီးတော့ပေါ့ တက်တက်ကြွကြွ စတင်ဦးဆောင်လုပ်တဲ့ လုပ်ရပ်နဲ့ရော ဖြစ်လာအောင်လုပ်ဖို့ အလားအလာ ရှိပါသလားခင်ဗျ။ ဘယ်လိုပုံစံမျိုး ဖြစ်နိုင်ပါသလဲ။
“ကျနော်တို့ အဲဒီလို အခြေအနေ ဖြစ်လာဖို့ လိုအပ်ချက်အနေနဲ့က ပြည်တွင်းရော၊ အဖွဲ့ချုပ်ရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုရော လုပ်အပ်တယ်ဆိုတာ ဒါ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကျနော်တို့ အခု မေးခွန်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မိမိကိုယ်တိုင်က ကြိုးစားမလား ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ကြိုးစားဖို့လမ်းစဉ် လုပ်နိုင်တဲ့ အခြေအနေ အားလုံးကို ချဥ့်ချိန်ပြီးတော့ ဒီအဆိုပြုချက်ကို တင်တာပါ။ ကျနော်တို့လည်း လုပ်နိုင်တာတွေကို လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ လက်ရှိအားဖြင့်လည်း ပြည်တွင်းမှာ ကျနော်တို့မှအပဖြစ်သော လှုပ်ရှားမှုအဖွဲ့လေးတွေ ကြိုကြားကြိုကြား ကြားပါတယ်။ သို့သော် အဲဒါတွေကို လက်ရှိအစိုးရကနေပြီးတော့ ဒါဟာ
တရားမ၀င်သောလုပ်ရပ်လို့ ဆိုကောင်းဆိုမယ်။ သို့သော်လည်းပဲ ဒါဟာ ဒီမိုကရေစီနည်းလမ်းအရ ကြည့်လို့ရှိရင် လုပ်ဆောင်သင့်တဲ့ ကိစ္စများပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အဲဒီလို လုပ်ဆောင်ချက် ကဲ့သို့သော အလားတူသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ဖို့ ကျနော်တို့ စဉ်းစားဆုံးဖြတ်ပြီးတော့ ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
အဲဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။