မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် ၀ါရင့် နိုင်ငံရေး သမားကြီးတွေကလည်း ဒီကနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ တိုင်းပြည်က အထွေထွေ အကြပ်အတည်းတွေကို ကျော်လွန်နိုင်ဖို့ တိုက်တွန်း စကားကိုတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။ အကြောင်းစုံကိုတော့ ဦးအောင်လွင်ဦးက တင်ပြထားပါတယ်။
ရန်ကုန်မျြိ့မှာရှိတဲ့ အသက် ၉၂ နှစ်အရွယ်ရှိ လွတ်လပ်ရေးတိုက်ပွဲဝင် ၀ါရင့် နိုင်ငံရေး သမားကြီး တစ်ဦးဖြစ်တဲ့ သခင်သိန်းဖေရဲ့ နေအိမ်မှာ အနှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ကြတာပါ၊ ဧည့်ပရိတ်သတ် ၂၀၀ လောက် တက်ရောက်ခဲ့တဲ့ အခမ်းအနားအတွင်းမှာ မြန်မာနိုင်ငံ အခြေအနေကို မီးမောင်းထိုးပြတဲ့အနေနဲ့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကျောက်တိုင် အုတ်မြစ်ချ အခမ်းအနားအတွင်း ထိုစဉ်က
ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုရဲ့ မိန့်ခွန်းစကားကို ကောက်နုတ်ပြောကြားခဲ့တယ်လို့
ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်မင်းလွင်က ပြောပါတယ်။
“ဒါ လွတ်လပ်ရေး ရစဉ်ကာလက လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ မျှော်မှန်းချက်၊ ရည်ရွယ်ချက်တွေလည်း ဖြစ်တယ်ပေါ့လေ၊ ဆိုလိုတာက အဲဒီမှာ အဓိက အသားပေးထားတာက လွတ်လပ်ရေးဆိုတာဟာ တစ်ဦးတစ်ယောက်ထဲလုပ်လို့ ရတာမဟုတ်ဘူး။ တစ်ဖွဲ့တည်းလုပ်လို့ ရတာမဟုတ်ဘူး၊ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့၊ လူတန်းစားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံရဲ့ ကြိုးပမ်းမှုနဲ့ရတာဖြစ်တယ်၊ ဒါကြောင့်မိုလို့ ဒီလွတ်လပ်ရေးကို၊ ဒီ အသီးအပွင့်တွေကိုလည်းပဲ ဒီလူတွေအကုန်လုံး ညီညီမျှမျှ ခံစားဖို့လိုတယ်၊ တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းက ခံစားလို့မဖြစ်ဘူး ဆိုတာမျိုး၊ အဲလိုဟာမျိုး အဓိက ညွှန်းထားတာပေါ့၊ လွတ်လပ်ရေးကိုလည်းပဲ စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ ကာကွယ်ရမယ်၊ တကယ်လို့ ခေါင်းဆောင်တွေက သွေဖီသွားမယ်ဆိုရင်လည်းပဲ လွတ်လပ်ရေး ကျောက်တိုင်ကြီးက ကြည့်မနေပါနဲ့ပေါ့လေ၊ အဲဒီမှာပါတယ်၊ အဲဒီ အုတ်မြစ်ချ မိန့်ခွန်းမှာ၊ ပြန်ပြီးတော့လူတွေ သိစေချင်တဲ့သဘောပဲ၊ အစတုန်းကတော့ မျှော်မှန်းချက်ပေါ့လေ၊ အခု အခြေအနေနဲ့တော့ တခြားစီ ဖြစ်နေတဲ့ဟာမျိုးပေါ့လေ၊ အဲဒါမျိုးသိစေချင်လို့ အကုန်လုံးကို အသိပေးတဲ့ သဘောပါ၊ အဘတို့က အဲဒါကို ဖတ်တာပါ၊ ဒီအခမ်းအနားမှာလေ။”
အခု လွတ်လပ်ရေးနေ့ အခမ်းအနားမှာပဲ လွတ်လပ်ရေးတိုက်ပွဲဝင် ၀ါရင့် နိုင်ငံရေးသမားကြီးတွေက ပန်ကြားလွှာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အထွေထွေ အကြပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး စတင်နိုင်ဖို့ကိုလည်း တိုက်တွန်းခဲ့ကြတယ်လို့ ဗိုလ်မင်းလွင်က ပြောပါတယ်။
“အဘတို့ထဲမှာ ပါနေတဲ့လူတွေက ၀ါရင့်နိုင်ငံရေးသမားတွေဆိုတာက တစ်ကြိမ်တစ်ခါက နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ်ခဲ့ကြတာ၊ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ခဲ့ကြခဲ့တဲ့ လူတွေလည်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံး လက်နက်ကိုင်ပြီး တိုက်ခဲ့တဲ့ လူတွေထဲမှာလည်း ပါတယ်။ သို့သော်လည်းပဲ အခုကာလမှာကတော့ အဲဒါတွေကို အကုန်လုံး မေ့ပျောက်ပြီးတော့ တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာပြီးတော့ တိုင်းပြည် တကယ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက် ညီညီညွတ်ညွတ်နဲ့ လုပ်ကြပါလို့ အကုန်လုံးက တညီတညွတ်တည်း ၀ိုင်းပြီးတော့ စုစည်း ပန်ကြားနေတဲ့ အင်အားစုတစ်ခုပဲ ဖြစ်တယ်။ ဘာလို့လုပ်နေကြတာလဲလို့ပြောရင် တချိန်တခါက တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် လုပ်ခဲ့တယ်။ အဲဒီတော့ ကိုယ်လုပ်ခဲ့တဲ့ မျှော်မှန်းချက်တွေ အခု မပြည့်စုံဘူး၊ မပြည့်စုံဘဲနဲ့ တိုင်းပြည်က ဆင်းရဲဒုက္ခတွေ ရောက်နေတယ်။ စီးပွားရေးတွေ ကျပ်တည်းနေတယ်။ လူမှုရေးအရ ပြောရင်လည်း ပညာရေး၊ ကျန်းမာရေးတို့ အာမခံချက်မရှိဘူး၊ ဆိုတော့ ဆင်းရဲဒုက္ခ ရောက်နေတယ်၊ အဲဒါတွေကို လွတ်မြောက်စေချင်တာ၊ လွတ်မြောက်စေချင်ရင်လည်းပဲ တစ်ဦးတစ်ယောက်တည်း တစ်ဖွဲ့တည်း လုပ်နေုလို့မရဘူး။ တတိုင်းတပြည်လုံး ညီညီညွတ်ညွတ် လုပ်နိုင်မှရမယ်။ လွတ်လပ်ရေးကို ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်လို့ ရသလိုပဲ။ ကနေ့ကာလမှာလည်း တိုင်းပြည်တည်ဆောက်ဖို့ဆိုရင်လည်း ညီညီညွတ်ညွတ်နဲ့ လုပ်မှရမယ်ဆိုတဲ့ အခြေခံနဲ့ အဘတို့က လုပ်နေတာ။ အဲဒီတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးတော့ လုပ်ကြပါ။ စပြီးတော့ အဘတို့ စုစည်းပြီး လုပ်စဉ်ကာလကတည်းက ဒီဟာကို တောက်လျောက် တသမတ်တည်းပေါ့လေ။ စိုက်လိုက်မတ်တပ် လုပ်လာတာ။ နောက်တစ်ခုက နိုင်ငံတကာကလည်း ပြောနေတာပဲ။ အကုန်လုံး ပေါင်းလုပ်မှရမယ်။ ပါသင့်တဲ့လူတွေ ပါဖို့လိုတယ်။ နိုင်ငံတကာကလည်း ပြောနေတာ အဘတို့ကလည်း ဒါပဲ၊ ကိုယ့်ဟာမှ၊ သူ့ဟာမှ အဲဒီလို မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ပေါ်မှာ စေတနာ ထားတာချင်း အတူတူဆိုရင် ဒါက ဖြစ်သွားမှာပါ။”
ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်စေဖို့ နိုင်ငံရေးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င် ထိန်းသိမ်းခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း လွတ်လပ်ရေးတိုက်ပွဲဝင်
ဝါရင့်နိုင်ငံရေးသမားကြီးတွေက တိုက်တွန်းသွားခဲ့ပါသေးတယ်။