တိုင်းပြည်ရဲ့ ပေါ်ကြွယ်ဝတဲ့ သဘာ၀ သံယံဇာတတွေကို မိမိရရ ဆုတ်ကိုင်ထားနိုင်တဲ့ မြန်မာ စစ်တပ်အရာရှိတွေ အတွက် အာဏာမြဲဖို့တော့ ပိုက်ဆံတွေရှိပုံရပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်သူပြည်သား အများစု အတွက်တော့ နေ့စဉ် နေ့တိုင်း အကြပ်အတည်းတွေနဲ့ချည်း ကြုံတွေ့ ရင်ဆိုင်နေရပါတယ်။ ငွေကြေးဖောင်းပွမှု၊ လုပ်ခနည်းပါးမှု၊ အတိုင်းအဆမရှိ ချစားမှုတွေဟာ သန်းနဲ့ချည်တဲ့ မြန်မာနိုင်ငံသားတွေကို ဆင်းရဲတွင်းနက်နက်ထဲ ကို ပို့နေပါတယ်။
ပြီးခဲ့တဲ့ နှစ် သြဂုတ်လက လောင်စာဆီ ဈေးနှုန်းတွေကို စစ်အစိုးရက မတရား မြှင့်တင်လိုက်တဲ့ အတွက် ကြောင့်လည်း ဆင်းရဲတွင်းကို ပိုနစ်စေခဲ့ပြီး၊ လမ်းမတွေပေါ် ပြည်သူလူထုတွေထွက်ပြီး ဆန္ဒပြ တောင်းဆိုတဲ့အခါ မှာလည်း စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နှင်းခဲ့ပါသေးတယ်။ Rory Byme and Wido Schlicting ရဲ့ သတင်းပေးပို့ချက်တွေအရတော့ ဆန္ဒပြမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ စီးပွားရေး အကြပ်အတည်းတွေဟာ မပြီးဆုံးသွားနိုင်သေးဘူးလို့ဆိုပါတယ်။
စစ်အစိုးရရဲ့လက်အောက်မှာရှိနေတဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးကျဆင်းနေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အတိုက်အခံတွေကတော့ စစ်အစိုးရရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်ပဲ တိုင်းပြည်ရဲ့ စီးပွားရေးဟာ အကြီးအကျယ် ထိခိုက်ယိုယွင်းခဲ့ရတာ လို့ဆိုပါတယ်။ စစ်အစိုးရကို နိုင်ငံတကာက စီးပွားရေးပိတ်ပင်မှုကြောင့်လည်း အခြေအနေတွေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ အဝေးရောက်အစိုးရ ဝန်ကြီး ဒေါက်တာ ဆန်းအောင်ကတော့
“စစ်အစိုးရရဲ့ ဗရမ်းဗဒါ ပေါ်လစီတွေရယ်၊ တလွဲတချော် စီမံခန့်ခွဲမှုကြောင့် ပြည်သူတွေဟာအရမ်းကို ဆင်းရဲနေပါတယ်။ တချိန်တည်းမှာပဲ တရားဥပဒေစိုးမိုးမှုကလည်းမရှိတာကြောင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကလည်း အလုပ်မဖြစ်ပါဘူး။”
မြန်မာပြည်ဆိုင်ရာ အာစီယံ ကွန်ယက်အဖွဲ့က Debbie Stothardက တော့
“ညတွင်းချင်းပဲ ဆန်ဈေးတွေ နှစ်ဆလောက်တက်သွားတယ်ဆိုတဲ့ကိစ္စဟာ မိသားစုအများစုအတွက် ကိုယ့် အိမ်မှာရှိတဲ့ ကလေးတွေကို ထမင်းကျွေးဖို့ ခက်ခဲသွားစေတဲ့အခြေအနေအထိ ရင်ဆိုင်ရတော့တာပါပဲ။ ကိုယ့်ရဲ့ ကလေးတွေကို မကျွေးနိုင်တော့တာဟာ သိပ်ကို ဆိုးရွားပါတယ်။ အဲဒါကြောင့် ပြည်သူတွေ လမ်းမပေါ်ထွက်ဆန္ဒပြရတဲ့အခြေအနေထိရောက်ကုန်တာပေါ့။ ”
မြန်မာပြည်သူတွေအတွက် နေ့စဉ် စားဝတ်နေရေးပြေလည်စေဖို့ လုပ်ကိုင်စားသောက်ရတာ အင်မတန် ခက်ခဲပါတယ်။ ရန်ကုန်မြို့က Taxi သမား ကိုမင်းမင်း ကတော့
“ပြည်သူတွေရဲ့ တနေ့ဝင်ငွေဟာ တစ်ဒေါ်လာလောက်ပဲရှိပါတယ်။ တဝက်က အလုပ်သွားဖို့ ဘက်စ်ကားစီးတာနဲ့ ကုန်သွားပြီး၊ ကျန်တဝက်ကတော့ စားဖို့ အစားအစာ ဝယ်ရပါတယ်။ အဲဒါကြောင့် နေထိုင်မကောင်းဖြစ်တဲ့အခါလိုမျိုးကျရင် ဆေးကုဖို့ ပိုက်ဆံမရှိတော့ပါဘူး။”
နှစ်ပေါင်းများစွာ ဥပေက္ခာပြုခံထားရတဲ့အတွက် မြန်မာပြည်ရဲ့ ကျန်းမာရေး အစောင့်အရှောက်တွေကလည်း အဆိုးဆုံးအခြေအနေကို ရောက်နေရပါတယ်။ ခေတ်မှီတဲ့ဆေးဝါးတွေရှိအုန်းတော့ အဲဒီဆေးဝါးတွေအများစုဟာ သုံးစွဲနိုင်တဲ့ သတ်မှတ်ရက်ကျော်လွန်နေပြီး၊ တခါတလေဆို အတုတွေဖြစ်နေတက်ပါတယ်။ အဲဒါကြောင့် မြန်မာလူမျိုးတွေဟာ ရှိတဲ့ ဆေးဝါး ဆေးမြစ်တွေ၊ ဆေးမြီးတိုတွေနဲ့ပဲ ကုသနေရပြီး၊ မြန်မာပြည်ရဲ့ လူတယောက်ရဲ့ သက်တမ်းခန့်မှန်းချေဟာဆိုရင် ၆၀နှစ်အောက်မှာသာရှိပြီး ကမ္ဘာပေါ်မှာ လူ့သက်တမ်းခန့်မှန်းချေ အတိုဆုံး နိုင်ငံတခုဖြစ်ပါတယ်။
အဲဒါကြောင့် မြန်မာပြည်သူတွေဟာ ရှိတဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး နေ့စဉ် စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ အားလုံးကို အလဟသတ် မဖြစ်စေရအောင် ထပ်ခါထပ်ခါ ပြုပြင်ပြီး သုံးစွဲနေကြရပါတယ်။ ကလေးအများစုဟာ ၇ရက်လုံး အချိန်ပြည့် အတင်းအကျပ် အလုပ်ဆင်းခိုင်းတာကို ခံနေရပါတယ်။ အဲဒီလိုလုပ်ရင်တောင်မှ တရက်ကို တဒေါ်လာလောက်ပဲရတာပါ။ အဲဒါကြောင့် တိုင်းပြည်အပြောင်းအလဲဟာ အမြန်ဆုံးဖြစ်ဖို့လိုနေပြီလို့ လူတိုင်းက ပြောဆိုနေကြတာပါ။
“ကျွန်တော်တို့က နိုင်ငံရေးဆိုတာ ဘာမှန်းသိတာမဟုတ်ဘူး၊ နားလည်း လည်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို စီးပွားရေးအကြပ်အတည်းဖြစ်လာရင်တော့ ကျွန်တော်တို့က ထပ်ပြီး သည်းခံမနေနိုင်တော့ဘူး။” လို့ Taxi သမား ကိုမင်းမင်းက ပြောသွားတာပါ။
စီးပွားရေးအကြပ်အတည်းတွေဟာ ဒီအတိုင်းဆို ပြေလည်ဖို့ရာ မမြင်ပါဘူး။ စစ်အစိုးရရဲ့ တွေ့ဆုံ ပြောဆိုမှုတွေဟာလည်း အနည်းအကျဉ်းပဲ ရှိတာကြောင့် နောက်ထပ်ပြီး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာနိုင်ချေ ရှိပါတယ်လို့ မြန်မာပြည်ကို မကြာခင်ကပဲ သွားရောက်ခဲ့ကြတဲ့ ဗွီအိုအေ သတင်းထောက် Rory Byme နဲ့ Wido Schlicting သတင်းပေးပို့ ထားပါတယ်။