သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ တရားရုံး စီရင်ပိုင်ခွင့်အာဏာ ဈေးနှုန်းများ အဆမတန် မြင့်မား


မြန်မာနိုင်ငံမှာ လောင်စာဆီ ဈေးနှုန်းတွေ၊ ဆက်သွယ်ရေး ဂြိုဟ်တုစလောင်း လိုင်စင်ကြေးတွေကို အစိုးရက အဆမတန် မြှင့်တင်လိုက်တာ မကဘဲနဲ့ တရားစီရင်ရေးဆိုင်ရာမှာလည်း ဈေးတွေ အဆမတန် မြှင့်တင်လိုက်တာကြောင့် အမှုကိစ္စတွေမှာ အခက်အခဲ အသစ်တွေကို ကြုံနေရတယ်လို့ ဆိုပါတယ်။ ဒီပြဿနာတွေကို လေ့လာစုံစမ်းပြီး နိုင်ငံတကာ တရားရုံးသို့ တင်ပြနေတာကတော့ AHRCလို့ ခေါ်တဲ့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးအဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ကို ဦးကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကျနော်တို့ မြန်မာပြည်မှာ တရားစီရင်ပိုင်ခွင့် အာဏာ ဈေးနှုန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ကစပြီး မြှင့်တင်လိုက်တယ်လို့ ကြားပါတယ်။ ဒါပေမယ့်လည်း ဒီလိုမြှင့်တင်မှုဟာ တရားဝင် ကြေငြာချက်ပြီး မြှင့်တင်တာ မဟုတ်ဘဲ နှုတ်မိန့်နဲ့ ထုတ်ပြီးတော့ မြှင့်တင်တယ်လို့ သိရပါတယ်ခင်ဗျ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး AHRC အဖွဲ့က စုံစမ်းလေ့လာနေတယ်ဆိုတော့ ဒီကိစ္စတွေရှင်းပြပေးပါခင်ဗျ။

“ ဓါတ်ဆီဈေးနှုန်းတွေတက်လို့ ပြည်သူပြည်သားတွေ လမ်းလျှောက်ဆန္ဒပြတဲ့အချိန်ကစပြီး တရားရုံးတွေမှာ ပြစ်မှုဆိုင်ရာအမှုတွေ၊ တရားမမှုတွေ စစ်ဆေးတာကို ရပ်ဆိုင်းထားတယ်။ ကျနော်တို့အနေနဲ့ ဘာကြောင့် ရပ်ဆိုင်းထားတယ်ဆိုတာကို စုံစမ်းလေ့လာမှုတွေလုပ်ခဲ့ပါတယ်။ အဲလိုလုပ်တဲ့အခါမှာ တရားရုံးက လုံခြံဲရေး အခြေအနေကြောင့် ရုံးမထုတ်နိုင်တဲ့ ပြစ်မှုဆိုင်ရာ အမှုတွေတွေ့ပါတယ်။ ဒါပေမယ့် တရားမ မှုမှာတော့ မြို့နယ် တရားရုံးရဲ့ စီရင်ပိုင်ခွင့် အာဏာ အရင်က (၅)သိန်းအထိ သတ်မှတ်ထားတယ်၊ နောက်ပိုင်းမှာ ကျနော်တို့ သိရှိသလောက် သိန်း(၃၀)အထိ တိုးမြှင့်ပေးလိုက်တယ်လို့ ကျနော်တို့ သိရှိရတယ်။ ခရိုင်တရားရုံးမှာဆိုရင်လည်း သိန်း(၃၀)က သိန်း(၁၀၀)အထိ စီရင်ပိုင်ခွင့် အာဏာကို တိုမြှင့်ထားတယ်၊ တိုင်းတရားရုံးမှာ ဆိုရင်လည်း သိန်း(၁၀၀)နဲ့အထက် တရားမ မှုတွေကို စီရင်ချမှတ်ခွင့် ရှိတယ်လို့ သတ်မှတ်ထားတယ်။ အမိန့် ကြော်ငြာစာလည်း မရှိဘူး။ ဌါနတွင်း ညွှန်ကြားချက်လည်း မရှိဘဲနဲ့ နှုတ်မိန့်အရ ဒါတွေ လုပ်ဆောင်နေတယ် ဆိုတာကို ကျနော်တို့တွေ့ရှိရပါတယ်၊ ”

ဈေးနှုန်းတွေကို ပေးရတယ်ဆိုတာက ဘယ်သူက အကုန်ကျခံရတာလည်းခင်ဗျ၊

“ဟုတ်ကဲ့၊ တရားမ မှုတွေမှာဆိုရင်တော့ တရားစွဲတဲ့ တရားလိုက ရုံးခွန်တော် တံဆိပ်ခေါင်း ဆိုပြီးတော့ ထမ်းဆောင်ရမှာဖြစ်တယ်။ အဲတော့ ရုံးခွန်တော် တံဆိပ်ခေါင်း ထမ်းဆောင်ရတာက ကျနော်တို့ မြန်မာနိုင်ငံ ပြည်တွင်း အခွန်များအရ ဆိုလို့ရှိရင် ဒီလိုမျိုးနှုတ်မိန့်နဲ့လုပ်ပိုင်ခွင့်မရှိပါဘူး၊ ဒီလိုမျိုးကိစ္စတွေလုပ်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံ ပြန်တမ်းမှာ အတိအကျ စီမံပြဌါန်းပြီး စီမံဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ”

ဟုတ်ကဲ့၊ အခုလိုတရားရုံးရဲ့ ဈေးတွေက အဆမတန် မြင့်တက်သွားတဲ့အတွက် အမှုကိစ္စတွေမှာ ၊ စစ်ဆေးရေးကိစ္စတွေမှာ ဘယ်လိုအခက်အခဲတွေတွေ့ရပါသလဲခင်ဗျ၊

“ ဒီသတ်မှတ်ထားတဲ့ နှုန်းထားအရ သက်ဆိုင်ရာ တရားရုံး အဆင့်ဆင့်မှာ စွဲဆိုထားတဲ့ အမှုတွေက ဥပမာဆိုပါတော့ ကျနော်တို့ အရင်က မြို့နယ်က(၅)သိန်းဖြစ်တယ်၊ ခရိုင်က သိန်း(၂၀)ဖြစ်တယ်၊ အခု သတ်မှတ် ပြဌါန်းလိုက်တဲ့ ဥပဒေအရ တိုင်းတရားရုံးကနေပြီး ခရိုင်တရားရုံးကို လွှဲတယ်။ ခရိုင်ကနေ တဆင့် မြို့နယ်ကို ပြန်လွှဲတယ်။ ဘာကြောင့်လည်း ဆိုတော့ မြို့နယ်တရားရုံးရဲ့ စီရင်ပိုင်ခွင့် သိန်း(၃၀)ဖြစ်နေတယ်။ကျနော်တို့ တရားစီရင်ရေး ဥပဒေအရ ပြဌါန်းထားတဲ့ဟာမှာ သိန်း(၂၀)အထက် အမှုတွေကို တရားရုံးချုပ်ကို အယူခံခွင့်၊ ပြင်ဆင်ခွင့်၊ တင်သွင်းခွင့်ရှိတယ်၊ ဒီအချက်နဲ့ ပတ်သက်လို့ သတ်သတ်မှတ်မှတ် ကြေငြာ ပြဌါန်းထားခြင်း မရှိတာကို ကျနော်တို့ တွေ့နေရပါတယ်၊ ”

ဆိုတော့ အမှုတွေက အောက်ခြေမှာ နည်းသွားပြီးတော့ တိုင်းအဆင့်မှာ များနေတာလား၊ တိုင်းအဆင့်မှာ နည်းသွားပြီးတော့ အောက်ခြေမှာများနေတာလားခင်ဗျ၊

“ မြို့နယ်နဲ့ ခရိုင်တရားရုံးတွေမှာ အမှုတွေပုံလာပြီးတော့ တိုင်းတရားရုံးနဲ့ တရားရုံးချုပ်တွေမှာ အမှုတွေ နည်းသွားတာ တွေ့ရှိရမှာ ဖြစ်ပါတယ်၊”

ဟုတ်ကဲ့၊ အမှုဆိုင်တဲ့ လူတွေကကော ဒီအမှုတွေကို တိုးပေးပြီးလုပ်လာသလား၊ မတတ်နိုင်တဲ့ လူတွေကကော ဘယ်လိုလုပ်မှာလည်းခင်ဗျ၊

ဒီလိုပါ၊ ကျနော်တို့ (၅)သိန်း ကုန်ကျမယ့် ဥစ္စာ သိန်း(၃၀)ပေးရမှာတော့မဟုတ်ဘူး၊ တချို့ ဥစ္စာတွေကျတော့ အခု ဘယ်လို ရင်ဆိုင်ကြုံတွေ့ ရသလဲဆိုလို့ရှိရင် သတ်မှတ်ထားတဲ့ အောက်ခြေ စံနှုန်းမညီတဲ့ အခါမှာ သူတို့တရားရုံးက ဘယ်လို ပြင်ဆင်လိုက်လည်းဆိုတော့ သူတို့ တွက်ချက်တာ မှားတယ်။ ပေါင်းတာ မှားတယ်ဆိုပြီးတော့ ယခင်က သောင်းဂဏန်းလောက် ရှိတဲ့အမှုကို အခုကို တစ်သိန်းနှစ်သောင်း၊ တစ်သိန်းလေးသောင်း၊ အဲဒီစီရင်ပိုင်ခွင့်အာဏာတွေထဲရောက်အောင် တရားရုံးက ပြင်ဆင်ပြီးတော့ ရုံးတွေမှာ တင်သွင်းနေတာကိုလည်း ကျနော်တို့တွေ့ရှိရတယ်၊ နအဖ စစ်အစိုးရ တက်လာတဲ့အခါမှာ မှုခင်းများကို မြန်မြန်နဲ့ မှန်မှန်စစ်ဆေးစီရင်ရမယ်။ သူတို့ ညွှန်ကြားချက်တွေ ပေးနေတာရှိတယ်။ အဲဒီတော့ အခု ဒီလို လုပ်လိုက်တဲ့အတွက် တချို့ အမှုတွေမှာ ဆိုလို့ရှိရင် အခုချိန်ထိကို တရားလိုကို စစ်ဆေးစီရင်နိုင်ခြင်းမရှိဆိုတာကို ကျနော်တို့တွေ့ရတယ်။ မှုခင်းတွေ ကြန့်ကြာနေတယ်။

ဟုတ်ကဲ့၊ ဒီမှုခင်းတွေ ကြန့်ကြာနေတဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာပါလဲခင်ဗျ၊

“အခါအားလျှော်စွာ တနှစ်မှာ တကြိမ်၊ နှစ်ကြိမ် တရားရုံးတွေကို အာဏာပိုင်တွေကနေ ညွှန်ကြားတဲ့ မိန့်ခွန်းတွေရှိပါတယ်။ အဲတော့ မှုခင်းများကို မြန်မြန် စစ်ဆေး စီရင်ရမယ်ဆိုတဲ့ခါမှာ တရားရုံးက လက်ခံ စစ်ဆေးနေတဲ့ တရားသူကြီးများကလည်း ငွေပေးတဲ့သူ၊ ငွေပေးနိုင်တဲ့ လူတွေဘက်ကနေ လာဘ်စားပြီးတော့ အမှုကို မြန်မြန်ပြီးအောင် စစ်ဆေးစီရင်နေကြတယ်။

ဒီရှုပ်ထွေးမှုတွေ၊ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်တို့ AHRC အဖွဲ့က နိုင်ငံတကာမှာ ဘာတွေများ လုပ်ဆောင်နေပါလဲခင်ဗျ၊

“ကျနော်တို့ မြန်မာနိုင်ငံထဲမှာ လက်ရှိဖြစ်ပျက်တဲ့ တရားစီရင်ရေးစနစ်တွေက လွတ်လပ်တဲ့ တရားစီရင်မှုရှိဘူး၊ နောက်ပြီးတော့ တရား စီရင်ရေးကဏ္ဍ အသီးသီးမှာ တာဝန် ထမ်းဆောင် နေကြတဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေရဲ့လွတ်လပ်ခွင့်မရှိဘူး၊ ထိုနည်းတူစွာပဲ နိုင်ငံတော်ရဲ့ အမြင့်ဆုံးဖြစ်တဲ့ တရားရုံးချုပ်က တရားသူကြီးတွေ ကိုယ်တိုင်ကိုက မိမိတို့ရဲ့ လွတ်လပ်စွာ စီမံဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း၊ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း အသီးသီးရှိပါတယ်။ ဒီအဖွဲ့အစည်း အသီးသီးကို ကျနော်တို့ မြန်မာနိုင်ငံထဲမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ တရားစီရင်ရေး စနစ်တွေကို တင်ပြသွားနိုင်ဖို့ ကျနော်တို့ စီစဉ် ဆောင်ရွက်နေပါတယ်။”

အခုလို တရားရေးဆိုင်ရာ မူမမှန်တဲ့အပြောင်းအလဲတွေနဲ့ပတ်သက်ပြီးတော့ AHRC က နိုင်ငံတကာမှာ ဆောင်ရွက်နေတာဘယ်လောက်ထိ ထိရောက်မယ်လို့တွက်ထားပါလဲ၊

ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေ အခုမရှိသေးတဲ့ ကာလထဲမှာလည်း ဒီလို ကမောက်ကမတွေဖြစ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ ရေးထားတဲ့ အခြေခံမူတွေအတိုင်း အတည်ပြုလိုက်မယ် ဆိုလို့ရှိရင် ဒီထက်မကဆိုးတဲ့ တရားစီရင်ရေး စနစ်ပေါ်ပေါက်လာမယ် ဆိုတာကို နိုင်ငံတကာက စောင်ကြည့် လေ့လာနေတဲ့ အဖွဲ့တွေကို တင်ပြမှာဖြစ်တယ်။ အဲဒီလို တင်ပြ လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ပြုပြင်ပြောင်းလဲဖို့လိုအပ်တဲ့ ကိစ္စရပ်တွေကို နိုင်ငံတကာကနေပြီးတော့ နိုင်ငံတကာစံနှုန်းနဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ ဖိအားပေးလာမယ်လို့ ကျနောတို့ထင်မြင်ယူဆတယ်၊ ဒါကြောင့်လည်း ကျနော်တို့ ဒီကိစ္စကို အရေးယူ ဆောင်ရွက်နေတာ ဖြစ်တယ်။

အာရှလူ့အခွင့်ရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG