သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးအကြံပေး တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ သွားရောက်မည်


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီဟာ လာမယ့်အပတ်ထဲမှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ကို သွားလည်မယ်လို့ မကြာခင်က မြန်မာ့အရေးဆောင်ရွက်ဖို့ တရုတ်၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံ တို့ကိုသွားရောက်လည်ပတ်ခဲ့တဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပီယာရို ဖက်စီနို (Pierio Fassino) က ပြောပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ အခုတခေါက်ခရီးစဉ် ထူးခြားမှုနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံအခြေစိုက် NDD ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်ရေးအင်အားစု သုတေသနနဲ့ မှတ်တမ်းတင်ဌာနက တာဝန်ရှိတဲ့ပုဂ္ဂိုလ် ကိုဌေးအောင်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတော့ သူက အခုလိုစပြောပါတယ်။

“ကျနော်မြင်တာကတော့ ဒီ မစ္စတာဂမ်ဘာရီ အနေနဲ့ေပေါ့လေ၊ မြန်မာပြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ကြားဝင် ဆောင်ရွက်ပေးတဲ့နေရာမှာ ကုလသမဂ္ဂက ဆုံးဖြတ်နေတာတွေ အပေါ်မှာ အားမပြုဘဲနဲ့ပေါ့လေ ဒေသတွင်း နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်တို့၊ အိန္ဒိယတို့ နောက်ပြီးတော့ ကျနော်တို့ ဒီဘက်က အာဆီယံနိုင်ငံတွေရဲ့ ဘေးက ဝိုင်းဝန်းပံ့ပိုးမှုကိုလည်း ရရှိဖို့အတွက် သူက အပြင်းအထန် ကြိုးစားနေတဲ့ သဘောရှိပါတယ်။ အရင်တခေါက်တွေ တုန်းကလည်းပဲ တရုတ်နိုင်ငံတို့၊ အိန္ဒိယတို့ကို သူက အကြိမ်ကြိမ် သွားခဲ့တာလည်း ရှိတယ်၊ အဲဒီတော့ တရုတ်နိုင်ငံကလည်းပဲ ဒီစစ်အစိုးရအပေါ်မှာ သြဇာရှိတဲ့အလျောက် စစ်အစိုးရကို တိုးတိုးတိတ်တိတ် တိုက်တွန်းပြောဆိုတာတွေ နောက်ကွယ်မှာလည်း ရှိပါတယ်၊ အဲဒါကြောင့် မစ္စတာ ဂမ်ဘာရီအနေနဲ့ နောက်တစ်ကြိမ် မြန်မာနိုင်ငံကို သွားရောက်မဆွေးနွေးခင်မှာ တရုတ် ခေါင်းဆောင်တွေ၊ အိန္ဒိယခေါင်းဆောင်တွေရဲ့ အကြံဉာဏ်တွေရရှိဖို့ရော၊ နောက်ပြီးတော့ ဒီခေါင်းဆောင်တွေရဲ့ မြန်မာအစိုးရအပေါ်မှာ ဝိုင်းဝန်းပြီးတော့ ပြောဆိုပေးဖို့ရော၊ ဒီကိစ္စတွေကို ဆွေးနွေးဖို့ အခုတခေါက် သူက ကြိုတင်သွားတဲ့သဘောလို့ ကျနော် ထင်ပါတယ်။”

ဟုတ်ကဲ့၊ တစ်ခုကလေ ဒီရက်ပိုင်းအတွင်းမှာပေါ့၊ အထူးသဖြင့် အာဆီယံ အစည်းအဝေးပြီးနောက်ပိုင်းမှာ စစ်အစိုးရကနေပြီးတော့ မစ္စတာ ဂမ်ဘာရီရဲ့ အခန်းကဏ္ဍကို သူက မှေးမှိန်အောင် တဖြည်းဖြည်းနဲ့ လုပ်လာတဲ့သဘောတွေ တွေရတယ်လေ။ ဆိုတော့ သူအခုလိုမျိုး ဆောင်ရွက်တဲ့အပေါ်မှာ စစ်အစိုးရအပေါ်မှာ ဘယ်လိုမျိုး တိုက်ရိုက် အကျိူးသက်ရောက်မှု ရှိနိင်ပါ့လဲခင်ဗျ၊ -

“ကျနော်မြင်တာကတော့ စစ်အစိုးရကပေါ့လေ၊ အထူးသဖြင့် မစ္စတာဂမ်ဘာရီကိုလည်း သူတို့ သံသယ ရှိတယ်ဆိုတာကို သူတို့မကြာခင်က နေပြည်တော်မှာလုပ်ခဲ့တဲ့ နအဖရဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း သူတို့ တရားဝင် ထုတ်ပြောခဲ့တာရှိတယ်၊ သူတို့ ကြေညာချက်တွေ ထုတ်ခဲ့တာလည်း ရှိတယ်လေ၊ အဲဒီတော့ သူတို့အနေနဲ့က မစ္စတာ ဂမ်ဘာရီ အခုအချိန်ထိပေါ့လေ လာမယ့်ခရီးစဉ်ကိုလည်း သူတို့အနေနဲ့ သိပ်ပြီး လိုလားတဲ့ ပုံစံမရှိဘူး၊ အဲဒါကြောင့် ကျနော် မြင်တာကတော့ တကယ် စစ်အစိုးရအပေါ်မှာ ဝိုင်းဝန်းပြီးတော့ ဖျောင်းဖျပေးနိုင်တယ်၊ ဖိအားပေးနိုင်တယ် ဆိုတာက အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယပဲ ရှိတယ်လေ၊ အဲဒါကြောင့် မစ္စတာ ဂမ်ဘာရီအနေနဲ့ပေါ့လေ သူ့အပေါ်မှာ နအဖခေါင်းဆောင်တွေ ထင်နေတဲ့ ကိစ္စတွေရော၊ နောက်ပြီး မြန်မာ့အရေးမှာ နအဖအနေနဲ့ပေါ့လေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် လာအောင်ရော၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ဝိုင်းဝန်းကူညီမှုကို သူက လိုလားလို့ အခုလို သွားရောက်တာလို့ ကျနော် ထင်ပါတယ်။”

နောက်တစ်ခုကလေ မစ္စတာဂမ်ဘာရီအပေါ်မှာ အခုနောက်ပိုင်း စစ်အစိုးရက ဆက်ဆံလာတဲ့ပုံစံက တော်တော်လေးကို ရိုင်းစိုင်းတဲ့အဆင့်ထိ မရောက်တောင်ပေါ့၊ တော်တော်လေးကို မချေမငံ ဖြစ်လာတဲ့ ပုံစံတွေ ရှိတယ်လေ၊ ဝေဖန်တာတွေဘာတွေ ဖြစ်လာတယ် ဆိုတော့၊ မစ္စတာဂမ်ဘာရီက ကုလသမဂ္ဂကို ကိုယ်စားပြုပြီးသွားတဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အခါမှာကျတော့ တနည်းအားဖြင့် စစ်အစိုးရက ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို သူက စော်ကားရာ ရောက်မနေဘူးလားခင်ဗျ။ -

“အဲ - ဟုတ်ပါတယ်။ စစ်အစိုးရကတော့၊ သူ့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင်တော့ သူ့အနေနဲ့ ဘယ်သူ့ကိုမှ သူက အသိအမှတ်ပြုတာမျိုး၊ ခုနကလို အလေးအနက် စဉ်းစားတာမျိုး မရှိပါဘူး၊ သူကတော့ သူတို့ကို ဝင်ရောက် စွက်ဖက်လာတယ်ဆိုလို့ရှိရင် ဘယ်နိုင်ငံကိုမဆို၊ ဘယ်ပုဂ္ဂိုလ်ကိုမဆို၊ ဘယ်အဖွဲ့အစည်းကို မဆိုပေါ့လေ၊ သူတို့အနေနဲ့ကတော့ ရန်သူလို့ မြင်တဲ့ အလေ့အထမျိုး ရှိပါတယ်၊ အဲဒါကြောင့်လည်း အခု မစ္စတာဂမ်ဘာရီအပေါ်မှာ သူတို့က စွပ်စွဲပြောဆိုတာတွေရော၊ နောက်ပြီးတော့ မစ္စတာဂမ်ဘာရီကို ဖိတ်တဲ့ စင်ကာပူက အာဆီယံ ထိပ်သီးအစည်းအဝေးကို သူတို့က ကန့်ကွက်တာတွေရော သူတို့ လုပ်ခဲ့တဲ့သဘောမျိုးတော့ ရှိပါတယ်။”

ဟုတ်ကဲ့၊ တရုတ်နဲ့ အိန္ဒိယအစိုးရတွေက မြန်မာစစ်အစိုးရအပေါ်မှာ အတိုင်းအတာ တစ်ခုထိ သြဇာသက်ရောက်မှု ရှိတယ်၊ အထူးသဖြင့် တရုတ်အစိုးရ သြဇာသက်ရောက်မှု ရှိတယ်ဆိုတာ အများက လက်ခံထားကြတယ်လေ။ ဒါပေမယ့် တဖက်မှာလည်း တရုတ်အစိုးရပြောထားတာက မြန်မာ့အရေးကိစ္စတွေမှာ သူက တိုက်ရိုက် စစ်အစိုးရကို ပြောမှာမဟုတ်ဘူး။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုကိစ္စတွေမှာ ပြောမှာမဟုတ်ဘူးလို့ ပြောထားတဲ့အခါကျတော့ မစ္စတာဂမ်ဘာရီ အခုလိုမျိုး သွားလည်ပြီးတော့ တရုတ်အစိုးရကို ဖျောင်းဖျတာတို့ဘာတို့ လုပ်တဲ့ဟာတွေက အကျိးသက်ရောက်မှုရှိပါမလား။-

“အကျိုးသက်ရောက်ရောက်မှု ရှိနိုင်သလောက် ရှိနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံ အနေနဲ့ပေါ့နော် သူ့ရဲ့ နိုင်ငံခြားရေး ပေါ်လစီအရသာ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို
ဝင်မစွက်ဘူးလို့ ပြောနေပေမယ့်ပေါ့လေ သူတို့ နောက်ကွယ်မှာကတော့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ အရေးကိစ္စဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့လည်း ပတ်သက်နေတာတွေ အများကြီး ရှိတဲ့အပေါ်မှာ စစ်အစိုးရကိုတော့ သူတို့ တိုးတိုးတိတ်တိတ်နဲ့ ဖိအားပေးတဲ့ သဘောမျိုး၊ ဖျောင်းဖျပြောဆိုတဲ့ သဘောမျိုးတွေ လုပ်ခဲ့တဲ့ သာဓကတွေ အများကြီးတွေ့ရတာ ရှိပါတယ်။ ကျနော်တို့ မကြာခင် လွန်ခဲ့တဲ့လတွေအတွင်းကလည်းပဲ အမေရိကန်ရဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ပေါ့လေ နအဖရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ပီကင်းမှာ တွေ့ဆုံဆွေးနွေးနိုင်အောင် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးလိုက်တဲ့ အနေအထားတွေကို ကြည့်ရင် ကျနော်တို့ သိနိုင်ပါတယ်။”

NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနနဲ့ မှတ်တမ်းတင်ဌာနက ဦးဌေးအောင် ပြောသွားတာပါ။ မစ္စတာ ဂမ်ဘာရီလိုပဲ အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ပီယာရို ဖက်စီနို လည်း မြန်မာနိုင်ငံရေးကိစ္စတွေ ဆွေးနွေးဆောင်ရွက်ဖို့အတွက် အိန္ဒိယ၊ ထိုင်းနဲ့ ဗီယက်နန်နိုင်ငံတွေကို သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG