သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား စစ်အာဏာရှင်ဟောင်း ဆူဟာတို ကျန်းမာရေး စိုးရိမ်ဖွယ်ဖြစ်နေ


အင်ဒိုနီးရှားနိုင်ငံ သမတဟောင်း ဆူဟာတို (Suharto) ဟာ ဂျာကာတာ ဆေးရုံပေါ်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေမှာ ရှိနေပါတယ်။ အသက် ၈၆ နှစ်အရွယ် ဆူဟာတိုဟာ နှလုံးရောဂါဝေဒနာကို ခံစားနေရတာလို့ ဆရာဝန်က ပြောဆိုပါတယ်။

ဂျာကာတာမြို့ကနေ သတင်းထောက် Chad Bouchard သတင်းပေးပို့ထားတာကို အခြေခံပြီး ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

သမတဟောင်း ဆူဟာတိုဟာ ခန္ဓာကိုယ်တခုလုံးမှာ ချွေးတွေ အလွန်အကျွံ ထွက်လာပြီး ဆေးရုံပေါ်ကို သောကြာနေ့က ရောက်ရှိခဲ့တာပါ။ မစ္စတာ ဆူဟာတိုရဲ့ ခန္ဓာကိုယ်အတွင်းမှာ ပုံမှန်သွေးလွှတ်ဖို့အတွက် နှလုံးဟာ အလွန်အားနည်းနေပြီး၊ ကျောက်ကပ်ကလည်း ပျက်ဆီးနေတယ်လို့ ဆရာဝန်က ပြောဆိုပါတယ်။

လက်ရှိ သမတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ဟာ စနေနေ့က မစ္စတာ ဆူဟာတိုကို ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့ပြီး မစ္စတာ ဆူဟာတိုဟာ စကား ပြောဆိုဖို့အတွက် အလွန် အားနည်းနေတယ်လို့ သမတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။

“သူ့မှာ သတိ ရှိနေပါတယ်၊ သတိ လက်လွတ်ဖြစ်နေတာကို မတွေ့ရပါဘူး၊ သတိရှိပါတယ်၊ ဒါပေမယ့် တော်တော်တော့ အားနည်းနေပါတယ်၊ သမတနဲ့ဆိုင်တဲ့ ဆရာဝန်က မစ္စတာ ဆူဟာတို စိုးရိမ်စရာအခြေအနေမှာ ရှိနေတယ်ဆိုတာ သမတကို အကြောင်းကြားခဲ့တာပါ။”

သမတဟောင်း ဆူဟာတိုဟာ အင်ဒိုနီးရှားနိုင်ငံကို ၃၂ နှစ်အုပ်ချုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ်က အာရှမှာ ဖြစ်ပွားခဲ့တဲ့ စီးပွားရေး အကျပ်အတည်းပြဿနာ အကြီးအကျယ် ကျရောက်တဲ့အချိန် နိုင်ငံတဝှမ်း ဆန္ဒပြဆူပူမှုတွေဖြစ်ပြီး အာဏာ လက်လွတ်ခဲ့ရတာဖြစ်ပါတယ်၊

သမတဟောင်း ဆူဟာတိုဟာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးလည်းဖြစ်ပြီး ၁၉၆၇ ခုနှစ်က သမတ ဆူကာနို လက်ထက်မှာ အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။ သူအုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ စီးပွားရေးနဲ့ စက်မှုလက်မှု ကဏ္ဍတွေ တိုးတက်ခဲ့ပေမယ့် ကွန်မြူနစ်ပါတီနဲ့ လူမျိုးစု တရုတ်တွေကို တရားမဝင် ပြုလုပ်ခဲ့ပြီး သန်းနဲ့ချီတဲ့ အင်ဒိုနီးရှား ကွန်မြူနစ်တွေနဲ့ တရုတ်အင်ဒိုနီးရှားတွေ သေဆုံးခဲ့ရပါတယ်။

သမတဟောင်း ဆူဟာတိုဟာ အင်ဒိုနီးရှားနိုင်ငံက တခြားသမတတွေ အားလုံးထဲမှာ ငွေကြေး အလွဲသုံးစားပြုမှု အများဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၅၀၀ ကနေ ၃,၅၀၀ အထိ အလွဲသုံးစား ပြုမှုတွေ ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောဆိုပါတယ်။ ဒီလိုပြောဆိုမှုအပေါ် မစ္စတာ ဆူဟာတိုက အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။

သမတဟောင်း ဆူဟာတိုလက်ထက် ၁၉၉၇ ခုနှစ်မှာ စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးနေဝင်းအပေါ် မစ္စတာ ဆူဟာတို အနေနဲ့ အကြံပေး လမ်းညွှန်မှုတွေ ရှိနေတယ်လို့လည်း နိုင်ငံရေးသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG