သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်နှင့် ရီပတ်ဘလီကန်တို့ နိုင်ငံခြားရေးဝါဒအတွက် စကား စစ်ထိုး


အမေရိကန် အရှေ့မြောက်ပိုင်းပြည်နယ် New Hampshire မှာ ပထမဆုံး သမတ ရွေးကောက်ပွဲတွေ မစတင်ခင် ဦးစွာ ပဏာမအဆင့် သူတို့ပါတီအသီးသီးအတွက် သမတလောင်း တွေကို ရွေးချယ်နေကြတဲ့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် တို့ဟာ အရေးကြီးတဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ကိစ္စရပ်တွေကို အခြေအတင် ဆွေးနွေးနေကြပါတယ်။ ဒီအခြေအတင် ဆွေးနွေးပွဲတွေ အကြောင်း အသေးစိတ်ကို ဗွီအိုအေ သတင်းထောက် Meredith Buel က New Hampshire ပြည်နယ် မန်ချက်စတာ ကနေ သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက အစီရင်ခံထားပါတယ်။

တနိုင်ငံလုံးကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ မန်ချက်စတာမြို့ Saint Anselm ကောလိပ်က အခြေအတင် ဆွေးနွေးပွဲကို ၁ နာရီခွဲစီကြာစီ နှစ်ပိုင်း ခွဲထားပါတယ်။ အရင်ဦးဆုံး ရီပါပလစ်ကန်တွေက နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကိစ္စရပ်တွေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်ပွဲ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Massachusetts ပြည်နယ် မြို့တော်ဝန်ဟောင်း Mitt Romney က Arkansas ပြည်နယ် မြို့တော်ဝန်ဟောင်း Mike Huckabee ကို တိုက်ခိုက်ပြောဆိုခဲ့တဲ့နေရာမှာတော့ သမတ ဘုရှ် ရဲ့ နိုင်ငံခြားရေးမူဝါဒအချို့ဟာ ဆက်ဆက်ထိမခံဘဲ စိတ်ကြီးဝင်နေတယ်လို့ မစ္စတာ Huckabee က နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မဂ္ဂဇင်းမှာ ရေးသားခဲ့တာနဲ့ပတ်သက်လို့ တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

“ခင်ဗျား ကောင်းကောင်း နားလည်ဖို့လိုပါတယ်။ အစွန်းရောက် Jihad ဆိုတာ ဘာလဲ၊ သူတို့ရဲ့ လှုပ်ရှားမှုက ဘာလဲ၊ ဘယ်လောက် အတိုင်းအတာအထိ ရှိသလဲ။ ဘယ်ကနေ စပြီးဖြစ်လာတယ်၊ ဒီ အစွန်းရောက် Jihad တွေက ကျနော်တို့ကိုပဲ တိုက်ခိုက်ဖြိုခွင်းဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ပါကစ္စတန်မှာ အခု တွေ့ရသလိုပဲ အစွန်းရောက်မှုမရှိတဲ့ အစ္စလာမ် အစိုးရအားလုံးနဲ့ ကမ္ဘာတဝှမ်းက အစိုးရအားလုံးကို ဖြိုခွင်းဖို့ ကြိုးစားနေတာဖြစ်တယ် ဆိုတာကို နားလည်ဖို့ပါပဲ။ သမတ ကို ကျနော်တို့ ထောက်ခံသွားကြပါစို့။ သမတ ဘုရှ် ဟာ စိတ်ကြီးဝင်နေတာလည်း မဟုတ်သလို၊ ဆက်ဆက်ထိမခံဘဲ အသေအလဲ ခုခံတဲ့ စိတ်ဓါတ်ရှိသူလည်း မဟုတ်ပါဘူး။”

မစ္စ ဟက်ကာဘီ မကြာသေးခင်က အိုင်အိုဝါပြည်နယ် ကော့ကက်စ်မှာ အနိုင်ရလိုက်တဲ့အတွက် နိုင်ငံရေးလေ့လာသုံးသပ်သူ အတော်များများကို အံ့သြစေခဲ့ပေမယ့် မကြာသေးခင်က New Hampshire ပြည်နယ် ရွေးကောက်ပွဲတွေမှာတော့ မစ္စတာ Romney နဲ့ Arizona အထက်လွှတ်တော်အမတ် John McCain တို့ နောက်မှာသာ ရှိနေပါတယ်။ သူ့အနေနဲ့ သမတ အဖြစ် ရွေးကောက်ခံရမယ်ဆိုရင် သူ့ကိုယ်ပိုင် နိုင်ငံခြားရေး မူဝါဒတွေကို ချမှတ်သွားမယ်လို့ မစ္စတာ Huckabee က ဆိုပါတယ်။

“ကျနော်ဟာ ထိခိုက်လွယ်တဲ့ သမတ ဘုရှ် ရဲ့ မူဝါဒတွေကို ပြစ်မှတ်ထားပြီးတော့ မမျှမတ တိုက်ခိုက်တာမျိုးလုပ်မယ့်သူ မဟုတ်ပါဘူး။ သမတ ဘုရှ် ရွေးကောက်ခံရဖို့အတွက်တုန်းကလည်း ကျနော် အများကြီး ကြိုးပမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ဟာ သမတ ဘုရှ် တတိယအကြိမ် အုပ်ချုပ်ရေးအတွက် သမတအဖြစ် အရွေးခံဖို့အတွက်တော့ မဟုတ်ပါဘူး။ ကျနော့်ကိုယ်ပိုင် မူဝါဒတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမတ ဖြစ်ချင်တာပါ။”

New Hampshire ပြည်နယ်မှာ နောက်ဆုံးရရှိတဲ့ လူထု ဆန္ဒကောက်ခံချက်မှတ်တမ်းတွေအရ လောလောဆယ် ရီပါပလစ်ကန်ပါတီ ခေါင်းဆောင်နေရာအတွက် ရှေ့ကပြေးနေတဲ့ John McCain ကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခံရမှုနောက်ပိုင်းကစလို့ အမေရိကန်ရဲ့ လုံခြုံရေးဟာ တိုးတက်လာတယ်လို့ ဆိုပါတယ်။

“အမေရိကန်နိုင်ငံဟာ ပိုပြီးတော့ လုံခြုံမှု ရှိလာပါတယ်။ အမေရိကန်ဟာ လုံး၀ လုံခြုံတယ်လို့ မဆိုနိုင်ပေမယ့် လုံခြုံရေးအရ ပိုပြီးတော့ ကောင်းလာပါတယ်။ အဲဒီအတွက်တော့ သမတ ဘုရှ် ကို အသိအမှတ်ပြု ချီးကျူးဖို့ လိုပါတယ်။”

နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကိစ္စတွေအပြင် တရားမဝင် ရွှေ့ပြောင်းနေထိုင်လာသူများကိစ္စနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကိုလည်း ရီပါပလစ်ကန် ကိုယ်စားလှယ်လောင်းတွေက အခြေအတင် ငြင်းခုန်ဆွေးနွေးခဲ့ကြပါတယ်။

ငြင်းခုန်ဆွေးနွေးမှုတွေအတွင်း ဒီမိုကရက်ပါတီရဲ့ အဓိက သမတ ကိုယ်စားလှယ်လောင်းတွေဟာ ရီပါပလစ်ကန် ကိုယ်စားလှယ်လောင်းများနဲ့အတူ လက်ဆွဲ၊ ပခုံးဖက် နုတ်ဆက်ခဲ့ကြပါသေးတယ်။

ယှဉ်ပြိုင်မှုအတွင်း ဘယ်သူပဲ အနိုင်ရပါစေ၊ အနိုင်ရတဲ့သူဟာ အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိလိမ့်မယ်ဆိုတာကို ပြသတဲ့ မှတ်တမ်းဓါတ်ပုံတွေ ရိုက်ယူနိုင်ဖို့လည်း အခုလိုမျိုး လုပ်ခဲ့ကြတာပါ။

အလားတူပဲ ဒီမိုကရက်ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေဟာလည်း နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စတွေကို အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။ Illinois ပြည်နယ် အထက်လွှတ်တော်အမတ် Barack Obama ရဲ့ မှတ်ချက်မှာတော့ အကြမ်းဖက်သမား Osama bin Landen ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေတာကို ရှာတွေ့ခဲ့မယ်ဆိုရင်တော့ အမေရိကန်အနေနဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။

အိုင်အိုဝါ ကော့ကက်စ်အတွင်း ဒီမိုကရက်ကိုယ်စားလှယ်တွေအကြား ထိပ်က ပြေးနေခဲ့ပြီးတော့ New Hampshire ပြည်နယ်က လူထုဆန္ဒ မှတ်တမ်းတွေအရ နယူးယောက်ခ် အထက်လွှတ်တော်အမတ် Hillary Clinton နဲ့ ထောက်ခံမဲ အတူတူ ရရှိနေတဲ့ မစ္စတာ Obama ကတော့ သူ အခုလို ထုတ်ဖော်ပြောဆိုတဲ့အတိုင်း ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

“ပါကစ္စတန်အနေနဲ့ သူ့နိုင်ငံအတွင်း အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းမှုတွေ ပိုလုပ်သွားဖို့ ကျနော်တို့အနေနဲ့ ဖိအားပေးဖို့ လိုပါတယ်။ ကျနော် ပြောခဲ့တာကတော့ တကယ်လို့ ပါကစ္စတန်အနေနဲ့ အဲဒီလို မလုပ်ဘူး၊ လုပ်မှာမဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ ကိုင်တွယ်ဆောင်ရွက်နိုင်တာတွေ ရှိပါတယ်။ စစ်ရေးအရ တိုက်ခိုက်သွားပါမယ်။”

အိုင်အိုဝါပြည်နယ်မှာ Hillary Clinton ရှေ့ကနေ ဒုတိယလိုက်နေတဲ့ မြောက် ကာရိုလိုင်းနား လွှတ်တော်အမတ်ဟောင်း John Edwards ဟာ New Hampshire ပြည်နယ်မှာတော့ တတိယနေရာ လိုက်ခဲ့ပါတယ်။ သူက မစ္စတာ Obama ရဲ့ အဆိုကို သဘောတူပါတယ်။

“ကျနော်သာ အမေရိကန်ပြည်ထောင်စုရဲ့ သမတ ဖြစ်လာမယ်ဆိုရင် နောက် အိုစမာ ဘင်လာဒင် ဘယ်နေရာမှာရှိတယ်ဆိုတာကို သိမယ်ဆိုရင် သူ့ကို အမိအရ ရအောင် ချေမုန်းပြစ်မှာပါပဲ။”

အိုင်အိုဝါ မှာ တတိယနေရာရရှိခဲ့တဲ့ Hillary Clinton ကတော့ ထိပ်တန်းနေရာ ပြန်ရနိုင်ဖို့အတွက် ကြိုးပမ်းနေသလို သူကတော့ bin Laden ကို ချေမုန်းမှုတွေလုပ်မယ်ဆိုရင်တော့ ဒေသတွင်းက အသံတွေ၊ စဉ်းစားချက်တွေကိုလည်း နားထောင်ဖို့ လိုအပ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

“အချို့ အခြေအနေမှာ ပါကစ္စတန်မှာ ဒုံကျည် တပ်ဆင်တာမျိုး ရှိကောင်းရှိပါလိမ့်မယ်။ ပါကစ္စတန်အစိုးရအနေနဲ့ နားလည်ရမှာက ရှိနေတဲ့ပြဿနာက ပါကစ္စတန်အနေနဲ့ အိန္ဒိယနဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်မှု ဖြစ်နေတာပါ။”

လတ်တလော အမေရိကန်ရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ အကောင်းဆုံး အခြေအနေဖြစ်တဲ့ အီရတ်စစ်ပွဲကို ဘယ်လို အဆုံးသတ်ကြမလဲဆိုတာနဲ့ပတ်သက်လို့လည်း ဒီမိုကရက် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပါတယ်။

အခုလို အခြေအတင် ဆွေးနွေးမှုတွေဟာ ပဏမာအဆင့် အမေရိကန်သမတ ရွေးကောက်ပွဲတွေအတွက် ယှဉ်ပြိုင်ခဲ့ကြတဲ့ New Hampshire ပြည်နယ်မှာ ရွေးကောက်ပွဲတွေမစတင်ခင် ရက်ပိုင်းအတွင်း ပြုလုက်ခဲ့ကြတာပါ။

XS
SM
MD
LG