သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ နိုင်ငံတခုဖြစ်ရန် ပုပ်ရဟန်းမင်းကြီး ဆုတောင်းမေတ္တာပို့


မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀ှမ်းမှာ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့အတွက် ပုပ်ရဟန်း
မင်းကြီး ဘန်နဲန်ဒစ် (Benedict) က မေတ္တာပို့
ဆုတောင်းသွားပါတယ်။ ဗာတီကန်အခြေစိုက် သံတမန်
အသိုင်းအ၀ိုင်းကို ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက အခုလို ထည့်သွင်းပြောဆိုသွား
တာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထား
ပါတယ်။

ဒီနေ့ ဗာတီကန် သာသာနာ့နယ်မြေမှာ သံတမန်အသိုင်း
အ၀ိုင်းကို ပုပ်ရဟန်းမင်းကြီးက တွေ့ဆုံပြီး ရိုးရာအရ နှစ်ကူးဆုတောင်းနဲ့ မိန့်ခွန်း မေတ္တာပို့ ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ
အသိုင်းအ၀ိုင်းရဲ့ ပံ့ပိုးထောက်ခံမှုနဲ့ စစ်အစိုးရနဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေး
နွေးရေးတွေ ပေါ်ပေါက်ပြီး မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေ ရရှိဖို့ လူ့
အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတခု ဖြစ်ပေါ်လာအောင် ဘုရားသခင်ကို ပန်ကြားတောင်းဆိုလိုပါတယ်ဆိုပြီး ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောဆိုသွားတာ
ပါ။

ဒီလို ပုပ်ရဟုန်းမင်းကြီးရဲ့ ပြောကြားချက်နဲ့ ဆက်နွယ်ပြီး မြန်မာပြည်အတွင်းမှာ ကချင်
ပြည်နယ် ဟိုပင်မြို့က ကက်သလစ်ဘာသာဝင်တဦးကတော့ သူတို့အနေနဲ့ ငြိမ်းချမ်း
ရေးအတွက် အမြဲတစေ ဆုတောင်းနေတဲ့အကြောင်း အခုလို တုံ့ပြန်ပြောဆိုပါတယ်။
“ကျမတို့က ငြိမ်းချမ်းရေးအတွက်တော့ လိုလားတယ်။ ဒါကြောင့် ကျမတို့က ခြိုးခြံခြင်း
နဲ့ ငြိမ်သက်ခြင်းနဲ့ ပူဇော်ပေးလိုက်တယ်၊ ခရစ္စမတ်အချိန်မှာ။ ကျမတို့ အပျော်အရွှင်
တွေ နည်းနည်းလျှော့ပြီး ဆုတောင်းမေတ္တာနဲ့ ပေါင်းစည်းနေလိုက်တယ်။ တအိမ်နဲ့
တအိမ်ခေါ်ပြီး ဆုတောင်းတယ်၊ စိပ်ပုတီးစိပ်တယ်။ ငြိမ်းချမ်းရေးရဖို့အတွက် ကျမတို့
ကလည်း လိုလားတယ်”
ကချင်ပြည်နယ် ဟိုပင်မြို့က ကက်သလစ်ဘာသာဝင်တယောက် ပြောပြသွားတာပါ။

ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါမှာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက်
အမြဲတစေ ဆုတောင်းရပါတယ်ဆိုပြီး တုံ့ပြန်ပြောဆိုသူကတော့ အမေရိကန်ပြည်
ထောင်စု မေရီလမ်းပြည်နယ် ရော့ဗေးမြို့အသင်းတော်က ချင်းတိုင်းရင်းသားတဦး
ဖြစ်တဲ့ ပေါလ်ပါ။
“ကျနော် ရော့ဗေးအသင်းတော်ကပါ။ ကျနော့်နာမည်က ပေါလ်။ ဒီကနေ့ ကျနော်တို့ မြန်မာပြည်အတွက် ငြိမ်းချမ်းရေးကို အင်မတန်မှ လိုလားပါတယ်။ ဒီအတွက်ကို
ယုံကြည်သူ ခရစ်ယာန်အသိုင်းအ၀ိုင်းကနေ ဆုတောင်းမေတ္တာပို့ပြီး ကျနော်တို့မြန်မာ
ပြည်အတွက်ကို အမြဲတမ်း သတိရအောက်မေ့ ဆုတောင်းပေး ပါတယ်။ ဒီကနေ့ မြန်မာ ပြည်ငြိမ်းချမ်းရေးလို့ ကျနော်တို့ပြောတဲ့အခါမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျနော်တို့
အင်မတန်မှ လိုလားပါတယ်။ ဒီဥစ္စာတွေကို ပြည်သူပြည်သား၊ လူထု အယောက်တိုင်း
က မျှော်လင့်စောင့်စားနေကြတယ်။ စစ်မှန်တဲ့ဒီမိုကရေစီကို အင်မတန်မှ မျှော်လင့်ပါ
တယ်။ ဒီအရာဖြစ်မြောက်ရေးအတွက်ကိုလည်း အဖက်ဖက်ကနေ ဆုတောင်းပေးပါ
တယ်။ ဘာသာရေးအားဖြင့်သော်လည်းကောင်း အားပေးပါတယ်။ ဒီမိုကရေစီရရှိရေး
အတွက်ကို”
အမေရိကန်ပြည်ထောင်စု မေရီလမ်းပြည်နယ် ရော့ဗေးမြို့ ရော့ဗေးအသင်းတော်က ချင်းတိုင်းရင်းသားတဦးဖြစ်တဲ့ ပေါလ် ပြောပြသွားတာပါ။

ပုပ်ရဟန်းမင်းကြီး ဘန်နဲန်ဒစ်ကတော့ လူတွေ အစုလိုက်အပြုံလိုက်သေစေတဲ့
လက်နက်တွေ အကြမ်းဖက်သမားတွေလက်ဝယ်ကို မရောက်ရေး ၀ိုင်းဝန်းကြိုးပမ်းကြ
ဖို့ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းကို သူက မေတ္တာရပ်ခံသွားပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ် ရပ်ဆိုင်းနိုင်အောင် သံတမန်နည်းလမ်းအရ ၀ိုင်းဝန်း
ကြိုးပမ်းကြဖို့ သူကဆော်သြသွားပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ကမ္ဘာ့ရဲ့
လုံခြုံရေးကို ပိုပြီးအာရုံစူးစိုက်ဖို့လည်း သူက မေတ္တာရပ်ခံသွားပါတယ်။ အရှေ့အလယ်
ပိုင်းအရေး၊ ဆူဒန်နိုင်ငံ ဒါဖိုးဒေသအရေးနဲ့ ကင်ညာနိုင်ငံတွေက ငြိမ်းချမ်းရေးကိစ္စတွေ
အကြောင်းကို ပြောဆိုရင်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်
ရေး ကိစ္စတွေကိုလည်း ထည့်သွင်းပြောဆိုသွားတာပါ။

အီရတ်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေ တိုက်ခိုက်ခံနေရတာတွေကို ကာကွယ်ဖို့နဲ့
လူမျိုးစုတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ အခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်ရေးအတွက်
လည်း ၀ိုင်းဝန်းကြိုးပမ်းဖို့ သူက မေတ္တာရပ်ခံသွားပါတယ်။ ပုပ်ရဟန်းမင်းကြီးက ငြိမ်း
ချမ်းရေးဆိုတာ အခြေအနေ စိတ်ကူးယဉ်မျှော်မှန်းချက်တွေကို ဖော်ပြဖို့အတွက် စကား လုံးသက်သက်မဟုတ်ဘူးလို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဆိုတာက တရားဝင်မျှော်မှန်း
ချက်တွေနဲ့ အားလုံးကျေနပ်ပျော်ရွှင်စေတဲ့၊ အားလုံး လူ့ဘ၀ရဲ့ ကျင့်ကြံနေထိုင်မှုတွေ၊
ကတိက၀တ်တွေဖြစ်တယ်လို့ သူက ပြောပါတယ်။ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေကို စောင့်ကြည့်ဖို့နဲ့ လူသားဆန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်
အောင် ကြိုးပမ်းကြဖို့ ဒီနေ့ သံတမန်အသိုင်းအ၀ိုင်းကို တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG