ရခိုင်ပြည်နယ်ထဲမှာ အခု ရက်ပိုင်းတွေအတွင်း ဒေသခံအာဏာပိုင်တွေက တောင်သူ လယ်သမားတွေ ထံကနေ စပါးတွေ အတင်း လိုက်လံကောက်ခံနေတဲ့အတွက် တောင်သူ လယ်သမားတွေ စိတ်ပျက်နေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းကို ဦးဇော်ဝင်းလှိုင် က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ် အတွင်းက ဗူးသီးတောင်၊ မောင်းတော ဒေသတလျှောက်မှာရှိတဲ့ လယ်သမားတွေ ထံကနေပြီး ဒေသခံ အာဏာပိုင်တွေက အဲဒီလို စပါးတွေ လိုက်လံ ကောက်ခံနေတဲ့အကြောင်း ဒေသခံ လယ်သမားတွေက ပြောပြကြသလို မအီမြို့နယ်ဖက်မှာလည်း တောင်သူလယ်သမားတွေအနေနဲ့ တဧက စပါးတတင်း မပေးမနေရဆိုပြီး ကျေးရွာ ရယက ကနေ အမိန့် ထုတ်ပြန်ထားတာကြောင့် လယ်သမားတွေအနေနဲ့ အတော်လေး စိတ်ပျက်နေကြရတဲ့အကြောင်း ဒေသခံ တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“မအီမြို့နယ်တွင်း ဖခင်ကျေးရွာမှာဆိုလို့ရှိရင် ရရက ကနေပြီး တောင်သူ လယ်သမားတွေကို တဧက စပါးတတင်း မပေးမနေရဆိုပြီး အမိန့်ထုတ်ပြန် ကြေညာနေတယ်လို့ သိရပါတယ်။ ကြေညာတဲ့နေ့ကစပြီး စပါး အပြင်ကို လုံးဝမရောင်းရလို့ သိရပါတယ်။ (၂၈)ရက် ၁၂လ ၂၀၀၇ကစပြီး ကြေညာတယ်လို့ ကျမတို့ သိရတယ်။ အဲဒါ ကျမတို့ ရွာမှာလည်း အဲဒီလိုမျိုး ကောက်ခံတယ်ဆိုလို့ရှိရင် ရွာက လူတွေက အတော်ကို စိတ်ပျက်နေကြရပါတယ်။”
ဒီကြားထဲ တပူပေါ် နှစ်ပူဆင့်ဆိုသလို အဲဒီ ဒေသမှာရှိတဲ့ လယ်ကွင်းတွေထဲကို ဆင် ၁၅ ကောင်လောက် ၀င်ပြီး စပါးခင်းတွေကို ဖျက်ဆီးခဲ့လို့ တောင်သူ လယ်သမားတချို့ရဲ့စပါးခင်းထဲက စပါးတင်း ၁၅၀ လောက် ပျက်ဆီးခဲ့ရပုံကိုလည်း အဲဒီ ဒေသခံကပဲ အခုလို ဆက်ပြောပြပါတယ်။
“တောင်ကုတ်မြို့နယ် မီးတလူးကျေးရွာမှာ လွန်ခဲ့တဲ့ ၁၂လ ပိုင်းလောက်တုန်းက ဆင် (၁၅)ကောင်လောက်ဟာ တောင်သူလယ်သမားတွေရဲ့ စပါးခင်း ကောက်ပုံတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ ကျမတို့ရွာက ကိုမြင့်ဌေး ဆိုလို့ရှိရင်လည်း စပါးတင်း (၁၅၀)လောက်ဟာ ပျက်ဆီးသွားခဲ့ပါတယ်။ သူဟာ အိမ်ကိုတောင် ငိုပြီး ပြန်လာခဲ့ရပါတယ်။ စပါးတွေ ပျက်ဆီးသွားတော့ စိတ်မကောင်းဘူး၊ ငိုပြီးပြန်လာတာပေါ့။ အနီးပတ်ဝန်းကျင် လယ်တွေမှာလည်း အများအပြား ပျက်စီးခဲ့တယ်။”
အာဏာပိုင်တွေက လယ်သမားတွေထံက စပါးအတင်း အဓမ္မ ကောက်ခံနေပေမယ့် စပါးခင်းတွေထဲ ဆင်တွေ အခုလို ၀င်ဖျက်ဆီးတာကို လာရောက် ကူညီပေးခြင်း ရှိမရှိ မေးကြည့်တော့ အဲဒီ ဒေသခံကပဲ ကူညီပေးခြင်းမရှိတဲ့အတွက် လယ်သမားတွေ စိတ်ပျက်နေကြရကြောင်း အခုလို ဆက်ပြောပြပါတယ်။
“အဲဒီလိုမျိုး မရှိပါဘူးရှင့်။ ကျမတို့ ရွာက တောင်သူလယ်သမား အများဟာလည်း စိတ်ပျက်ပြီး အတော့်ကို စိတ်မကောင်း ဖြစ်ကြရပါတယ်။”
ဒီအတောအတွင်း မောင်းတောမြို့နယ်အတွင်း လူအများဆုံး စားသုံးတဲ့ ဧည့်မထ ဆန်ဈေးတွေလည်း ပြီးခဲ့တဲ့ အပတ်အတွင်းမှာ ရုတ်တရက် ခုန်တက်သွားတဲ့အတွက် သာမှန် လက်လုပ် လက်စားတွေအတွက် အခက်ကြုံ နေကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်အခြေစိုက် နိရဉ္စရာ Online သတင်းမှာ ဖော်ပြထားပါတယ်။ အခုလို ဆန်ဈေးတက်တာဟာ ဘင်္ဂလားဒေ့ရှ်ဖက်မှာ ဆန်ဈေးတွေတက်နေတာကြောင့် မောင်းတောဖက်က ဆန်တွေ အင်္ဂလားဒေ့ရှ်ဖက်ကို တင်ပို့နေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဒေသခံ ကုန်သည်တွေက ပြောကြောင်းလည်း နိရဉ္စရာ သတင်းမှာ ဖော်ပြထားပါတယ်။