သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ မဖြစ်စလောက် အပြောင်းအလဲတွေသာ လုပ်တယ်လို့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝေဖန်


နိုင်ငံတကာက အပြောင်းအလဲတွေ လုပ်ဖို့ တိုက်တွန်းနေတဲ့ ကြားကပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဦးဆောင်တဲ့ စစ်အစိုးရဟာ မဖြစ်စလောက် အပြောင်းအလဲတွေပဲ ပြခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံ အခြေအနေဟာ ပိုပြီး ဆိုးလာနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး နစ်ကိုးလတ်စ် ဘန်းစ် (Nicholas Burns) က ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။ ဆောင်းပါးပါ ဖေါ်ပြချက် တချို့ကို ကောက်နှုတ်ပြီး ဦးသိန်းထိုက်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေနဲ့ လူထုကို စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးတဲ့နောက် နိုင်ငံတကာက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် တောင်းဆိုပေမယ့် မြန်မာနိုင်ငံ အခြေအနေဟာ တိုးတက်မှု မရှိတဲ့အကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး နစ်ကိုးလတ်စ် ဘန်းစ် က ရေးသား ထားတာပါ။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ ဆက်ဆံရေးအရာရှိ ခန့်အပ်ခဲ့တာမျိုး၊ ဒေါ်အောင်ဆန်းစုကြည် ကို အန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ တကြိမ် တွေ့ဆုံခွင့်ပေးခဲ့တာတွေ ရှိပေမယ့် အခြေအနေဟာ ဆုတ်ယုတ်နေပြီး မြန်မာစစ်အစိုးရဘက်ကလည်း မဖြစ်စလောက် တိုးတက်မှုတွေသာ ဟန်ပြသဘော လုပ်ကိုင်ခဲ့တယ်လို့ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး နစ်ကိုးလတ်စ် ဘန်းစ် က ရေးထားတာပါ။

မြန်မာစစ်အစိုးရ အာဏာပိုင်တွေဟာ ဒီမိုကရေစီ လိုလားသူတွေကို ထပ်ပြီး ဖမ်းဆီး နေသလို သံဃာတော်တွေကိုလည်း နှောက်ယှက် ဖမ်းဆီးနေဆဲဖြစ်ပါတယ်။ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ သံဃာတော်တွေ၊ ဒီမိုကရေစီ လိုလားသူတွေကို အကြမ်းဖက် နှိပ်စက်တာတွေ ရိုက်နှက် ဖမ်းဆီးတာတွေကို သိပ်ပြီး အရေးမကြီးတဲ့ ဖြစ်ရိုးဖြစ်စဉ် ကိစ္စသဘောမျိုး အမေရိကန် ပြည်ထောင်စုအနေနဲ့ သဘောမထားပါဘူး။ အမေရိကန် သမ္မတကတော် လော်ရာ ဘုရှ်ပြောခဲ့သလိုပါပဲ မြန်မာပြည်သူတွေရဲ့ ခံစားချက်တွေကို စစ်အစိုးရက မသိကျိုးကျွန် ပြုထားပေမယ့် ကမ္ဘာကတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ဒီလို စစ်အစိုးရဘက်က ဆိုးရွားရက်စက်တဲ့ နိုင်ငံရေးဖိနှိပ်မှုတွေ ကျုးလွန်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ အခြား ဒီမိုကရေစီ ခေါင်းဆောင်တွေက ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေးမှာ စစ်တပ်အနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေး တို့ဖက်က ဒီလို ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေးကို လုပ်လိုတဲ့ဆန္ဒ လုံးလုံး မရှိဘူးဆိုတာ မြင်နေကြရပါတယ်။ စစ်အစိုးရထဲမှာ ရှိတဲ့ အဖွဲ့ဝင်တွေ တော်တော်များများလည်း တိုင်းပြည်အခုလို သွားနေတဲ့ လမ်းကြောင်းနဲ့ မှုဝါဒတွေအပေါ်မှာ စိတ်မသက်မသာ ဖြစ်သင့်ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံကို တောင့်တင်းခိုင်မာတဲ့ နိုင်ငံ၊ ချမ်းသာကြွယ်တဲ့ တည်ငြိမ်တဲ့ နိုင်ငံ ဖြစ်စေလိုပါတယ်။ ဒီလို နိုင်ငံတော်ကို တည်ဆောင်နိုင်ဖို့ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေကသာ ရရှိနိုင်မှာဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံ အတွင်းမှာ အခုလို တွေ့ဆုံ ဆွေးနွေးရေးတွေ ပေါ်ပေါက်လာအောင် လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုနဲ့ ဆောင်ရွက်နေပါတယ်။ ဒါကြောင့်လည်း တရုတ်၊ အိန္ဒိယ နဲ့ အာဆီယံနိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ သြဇာသက်ရောက်မှုကို သုံးပြီး မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာအောင် တိုက်တွန်းဖို့နဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့ အရေးကြီးပါတယ်။ အမေရိကန် ပြည်ထောင်စု ကတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့လည်း မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ရမယ့် အချိန်လို့ ရေးသားထားပါတယ်။

အခုဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို နောက်တကြိမ် သွားဖို့ ပြင်ဆင်နေပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ အတွက် စတင်ဆောင်ရွက်ပြီး ဆွေးနွေးပွဲ အောင်မြင် အောင် လိုအပ်သမျှ လုပ်ဆောင်ပါ့မယ်လို့ ပြောဆို ရမယ့် အချိန် ရောက်နေပါပြီ။ စစ်ဗိုလ်ချုပ်ကြီးတွေ ဘာကို စောင့်နေတာလဲလို့ မေးခွန်း ထုတ်ရပါလိမ့်မယ် ဆိုပြီး အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နစ်ကိုးလတ်စ် ဘန်းစ် က ရေးသား ထားတာပါ၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG