သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် အရေးပါသော ပဏာမအဆင့်များ


အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ပိုင်း New Hampshire ပြည်နယ်ဟာ ၂၀၀၈ခုနှစ် အမေရိကန် သမ္မတရွေးချယ်ပွဲအတွက် ပြည်သူတွေရဲ့ ဆန္ဒကို ပထမဆုံး ထုတ်ဖော်ပြသခဲ့တဲ့ ပဏာမရွေးကောက်ပွဲတွေကို အရင်ဆုံး ကျင်းပတဲ့ ပြည်နယ်ပါ။

New Hampshireဟာ တကယ်တော့ လူတစ်သန်းကျော်သာရှိတဲ့ ပြည်နယ် ကျဉ်းကျဉ်းလေးပါ။ ဒါပေမဲ့ New Hampshire ပြည်သူတွေက ဆန္ဒမဲပေးလိုက်ပြီဆိုတာနဲ့ အမေရိကန် တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ အာရုံစူးစိုက်မှုကို ခံရပါတယ်။ မဲအရေအတွက် ရလာဒ်ကလည်း အိမ်ဖြူတော်အထိပါ ဂယက်ရိုက်စေပါတယ်။

New Hampshireပြည်နယ်ဟာ လေးနှစ်တကြိမ်စီ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး
စုဝေးရာ နေရာတခုဖြစ်နေပါတယ်။ ပဏာမရွေးကောက်ပွဲကို ပထမဆုံးအကြိမ်ကျင်းပတဲ့ နေရာဖြစ်ပြီး၊ ဆန္ဒမဲပေးသူ ပြည်သူတွေရဲ့ ဒီမိုကရက်ပါတီက သမ္မတလောင်း ဘယ်သူ့ကိုရွေးမလဲ၊ ရီပါပလစ်ကန်ပါတီက သမ္မတလောင်း ဘယ်သူ့ကို ရွေးမလဲဆိုတဲ့ ဆန္ဒကို ပြသမယ့်နေရာလည်း ဖြစ်ပါတယ်။

ကျန်တဲ့ ပြည်နယ်အများစုမှာကတော့ မဲဆန္ဒပေးမယ့် ပြည်သူတွေဟာ ပါတီတခုမှာ နာမယ်စာရင်း ပေးရမှာဖြစ်ပြီး အဲဒီပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း New Hampshireလို ပြည်နယ်တချို့မှာတော့ ဘယ်ပါတီမှာမှ နာမယ်စာရင်း ပေးစရာမလိုဘဲ မဲဆန္ဒပေးလို့ရပါတယ်။

ဒီပဏာမရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်ကို အမေရိကန် တက္ကသိုလ်က Candice Nelsonက အခုလိုရှင်းပြပါတယ်။

“ပဏာမရွေးချယ်ပွဲရဲ့ အဓိကရည်ရွယ်ချက်က ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေကို မဲပေးမယ့် ပြည်သူတွေနဲ့ ရင်းနှီးကျွမ်းဝင်စေဖို့ မိတ်ဆက်စေလိုတဲ့ သဘောပါပဲ။ နောက်ပြီး ပဏာမ ရွေးချယ်ပွဲ အချိန် သုံးလေးလလောက်မှာ သမ္မတလောင်းတွေအကြောင်းကို သုံးသပ်စေနိုင်ဖို့ ဖြစ်ပါတယ်။”

ကိုယ်စားလှယ်လောင်းတွေဟာ New Hampshireလို ပဏာမပြည်နယ်တွေမှာ လူတစ်ဦးချင်းကို လက်ဆွဲနှုတ်ဆက်၊ လူထု အစည်းအစေးပွဲတွေကို တက်ရောက်ပြီး မဲပေးမယ့် ပြည်သူတွေကို စည်းရုံးရေးဆင်းရပါတယ်။

ဥပမာ ၂၀၀၀ ပြည့်နှစ်တုန်းက ရီပါပလစ်ကန် ကိုယ်စားလှယ်လောင်းဖြစ်ခဲ့တဲ့ George W. Bushက မဲဆန္ဒရှင်တွေကို အခုလို နှုတ်ဆက်ခဲ့ပါတယ်။

“ကျွန်တော့်ကို အခုလို လာရောက်လည်ပတ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် မေးခွန်းတွေကို ကြိုဆိုပါတယ်။”

ရွေးကောက်ပွဲဝင်ဖို့ သမ္မတ ကိုယ်စားလှယ်လောင်းတွေဟာ New Hamsphireပြည်နယ်မှာ ပဏာမ ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအထိ မရပ်မနား စည်းရုံးရေးဆင်းရပါတယ်။ ၂၀၀၄ခုနှစ် ဒီမိုကရက် သမ္မတလောင်း John Kerryဟာ မဲရုံမပိတ်ခင်အထိ စည်းရုံးရေးအဖွဲ့ဝင်တွေနဲ့အတူ မဲဆန္ဒရဖို့လုပ်ရပါတယ်။

ပြည်နယ်တွေမှာ ကိုယ်စားလှယ်ရွေးဖို့ အစည်းအဝေးတွေ၊ ပဏာမရွေးကောက်ပွဲတွေကို ကျင်းပဖို့ သုံးလေးလအချိန်ဟာ အခုတော့ သိပ်မကျန်တော့ပါဘူး။ ပါတီရဲ့ သမ္မတလောင်း အဖြစ် အဆုံးအဖြတ်ပေးနိုင်ဖို့ တဖြေးဖြေး သိသာထင်ရှားလာနေပါပြီ။

တချို့ကတော့ ကိုယ်စားလှယ်ရွေးဖို့ အစည်းအဝေးတို့၊ ပဏာမ ရွေးကောက်ပွဲတို့ကို ပြည်နယ်အားလုံး တရက်ထဲ တပြိုင်နက် ကျင်းပဖို့ တောင်းဆိုနေကြပါတယ်။ ဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး အဆိုး၊ အကောင်းကို Georgetown တက္ကသိုလ်က Mark Rom က

“တနိုင်ငံလုံး အတိုင်းအတာနဲ့ ပဏာမ ရွေးကောက်ပွဲတွေကျင်းပခြင်းရဲ့ အဓိကကောင်းကျိုးကတော့ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတဦးဆီကို တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲအရည်အတွက် ဘယ်လောက်ပေးကြသလဲဆိုတာကို တပြေးညီ ရေတွက်နိုင်မှာဖြစ်တယ်။ ဆိုးပြစ်အနေနဲ့ ပြောရရင် ဒိတနိုင်ငံလုံးကျင်းပတဲ့ ပဏာမရွေးကောက်ပွဲတွေဟာ ငွေကြေးတတ်နိုင်တဲ့ ကိုယ်စားလှယ်တွေ၊ ကျော်ကြားနေတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ နိုင်ခြေများများရရေးအတွက် အခွင့်အလမ်းကောင်းတခုဖြစ်နေတာပါပဲ။ လတ်တလော နာမယ်ကြီးနေတဲ့ ကိုယ်စားလှယ်က နာမယ်အရှိန်နဲ့တင်ပဲ မဲများများရဖို့များပါတယ်။”

ပဏာမရွေးကောက်ပွဲတွေနဲ့ ကိုယ်စားလှယ်ရွေးချယ်ရေး အစည်းအဝေးတွေမှာ သမ္မတလောင်းအတွက် ပေးတဲ့ မဲဆန္ဒဟာ တကယ်တော့ နောက်ဆုံး မဲဆန္ဒပေးပွဲ မတိုင်မီ ၂လလောက်မှာ ကျင်းပတဲ့ နိုင်ငံရေးပါတီတွေရဲ့ အမျိုးသားညီလာခံ ကိုယ်စားလှယ်တွေကို ပေးတဲ့ မဲပဲဖြစ်ပါတယ်။

XS
SM
MD
LG