ဒီနေ့ကျရောက်တဲ့ နှစ် ၆၀ပြည့် ကချင်ပြည်နယ်နေ့ကို ကချင်အပစ်ရပ်အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရတို့ ပူးပေါင်းပြီး မြို့တော် မြစ်ကြီးနားမှာ မနောပွဲတွေကျင်းပနေချိန်မှာ ကချင်ကျောင်းသားတွေက မြို့အတွင်းမှာ အစိုးရဆန့်ကျင်တဲ့ ပိုစတာတွေ အနှံအပြားကပ်ခဲ့သလို လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက်သတင်းထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။
ဒီလို စာကပ်တာနဲ့ လက်ကမ်းစာစောင်ဖြန့်ဝေတာကို မနေ့ညနေပိုင်းကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီစာကပ်ခဲ့တဲ့နေရဒီလိုစာကပ်ရာမှာ ပါဝင်ခဲ့တဲ့ ကချင်ကျောင်းသားတယောက်က မြစ်ကြီးနားမြို့ရဲ့ ရပ်ကွက် ၁၂ကွက်မှာ စာကပ်ခဲ့တာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။
“အားလုံး ၁၂ရပ်ကွက်ကို လူခွဲပြီးတော့ ကပ်တာလေ၊ ၁၂ရပ်ကွက်ဆိုတော့ စီတာပူပါတယ်။ တပ်ကုန်းပါတယ်။ မြေမြင့်ပါတယ်။ အဲလိုမျိုးပေါ့၊ ရုံးတွေကျတော့ ပြည်နယ်ကောင်စီရုံး။ စရကခေါ်တဲ့ ပြည်နယ်ကောင်စီရုံး။ မြို့နယ် မယကရုံး။ ပြီးရင်မြို့တွင်းကျောင်းဖြစ်တဲ့ အထက ၁၊ အထက ၅။ အထက ၃ အဲလိုမျိုးပေါ့၊ ပြီးရင် အုတ်နံရံ ကပ်တယ်၊ ဓါတ်တိုင်တွေကပ်တယ်၊ ပြီးရင်နာရီစင်မှာ ကပ်တယ် ကျနော်တို့။”
မြစ်ကြီးနားမြို့က ကချင်ကျောင်းသားက ပိုစတာနဲ့ လက်ကမ်းစာစောင်တွေမှာ ရေးသားထားတဲ့ သူတို့ရဲ့တောင်းဆိုချက်ကို အခုလို ဆက်ပြောပါတယ်။
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ သဘောထား၊ ၁- အတင်းအဓ္ဓမ လူထုဆန္ဒခံယူပွဲအား လုံး၀ ကန့်ကွက်သည်။ ၂-ဖမ်းဆီးချုပ်နှောင်ထားသော နိုင်ငံရေးသမားများနှင့် ဆန္ဒဖော်ထုတ်သူများအား ချက်ချင်းလွှတ်ပေးရန်၊ ၃- တိုင်းပြည်အကျပ်အတည်းအား သုံးပွင့်ဆိုင် အမြန်ဆုံးတွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ ၄- မြစ်ဆုံရေကာတာနှင့် ရေကာတာစီမံကိန်းများကို လုံးဝကန့်ကွက်သည်။
ကချင်ကျောင်းသားအဖွဲ့က ကပ်ခဲ့တဲ့ ပိုစတာနဲ့ ဖြန့်ဝေခဲ့တဲ့လက်ကမ်းစာစောင် စုစုပေါင်း အစောင် ၄၀၀ကျော် လောက်ရှိတယ် ဆိုပါတယ်။ တချို့လက်ကမ်းစာစောင်တွေကိုတော့ ပွဲခင်းအတွင်းမှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ည သန်းကောင်ကျော်လောက်မှာ မနောပွဲကျင်းပရာ ပွဲခင်းအတွင်းမှာ အဖမ်းအဆီး အချို့ ရှိခဲ့တယ်လို့ သိရပေမယ့် ဘယ်သူတွေကိုဖမ်းဆီးခံရသလဲ၊ ဘယ်နှစ်ယောက်ဖမ်းဆီးခံရသလဲ၊ ဘာကြောင့်ဖမ်းဆီးခဲ့သလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ကချင်ကျောင်းသားအဖွဲ့ကတော့ သူတို့ လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေ တယောက်မှ အဖမ်းမခံရဘူးလို့ ပြောပါတယ်။
ဒီနေ့ နေ့လည်းခင်းမှာ ထိုင်နိုင်ငံကို ရောက်ရှိနေကြတဲ့ ကချင်အမျိုးသားတွေကလည်း နှစ်၆၀ပြည့် ကချင်ပြည်နေ့ အခမ်းအနားကို ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့အခမ်းအနားမှာ ကချင်ပြည်နေ့ ဖြစ်ပေါ်လာပုံကိုဟောပြောခဲ့ကြသလို စစ်အစိုးရလက်အောက်မှာ ကျောက်စိမ်းနဲ့ ရွှေ တူးဖော်မှု ကြောင့် ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ပျက်ဆီးရပုံတွေကိုလည်း ဆလိုက်ဓါတ်ပုံတွေ နဲ့ ရှင်းလင်းတင်ပြခဲ့ပါတယ်။