သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး သဘောတူညီချက် တနှစ်အတွင်းပေါ်ရန် သမ္မတ ဘုရှ်မျှော်လင့်


အစ္စရေး ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်တခုကို လာမယ့် တနှစ်အတွင်း သူ သမ္မတ ရာထူးက ဆင်းမပေးခင်မှာ ချုပ်ဆိုနိုင် ကြလိမ့်မယ်လို့ ယုံကြည်တဲ့ အကြောင်း သမ္မတ ဘုရ်ှက ပြောပါတယ်။ ပါလက်စတိုင်း ဂါဇာ အနောက်ဖက်ခြမ်းဒေသ ရာမလာမြို့မှာ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘစ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး သမတဘုရ်ှက အခုလို ပြောဆိုသွားတာဖြစ်တယ်လို့ ဗွီအိုအေ သမ္မတ အိမ်ဖြူတော် သတင်းထောက် Paula Wolfson က သတင်းရေးသားပေးပို့ထားပါတယ်။

အစ္စရေးရောက်ရောက်ချင်း ဂျေရုဆလင်မြို့မှာ သမတဘုရ်ှက အစ္စရေးဝန်ကြီးချုပ် အီဟွတ်အိုမာဒ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး နောက်တရက်မှာပဲ လုံခြုံရေး တင်းကြပ်မှုတွေနဲ့ သမ္မတဘွတ်ရ်ှရဲ့ ကားတန်း ရာမလာကို ထွက်ခွာလာခဲ့ပါတယ်။

အဲဒီမှာတော့ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘစ်နဲ့ အခြားပါလက်စတိုင်းအာဏာပိုင် အဆင့်မြင့် ခေါင်းဆောင်တွေနဲ့ သူ နာရီအတန်ကြာ တွေ့ဆုံဆွေးနွေးပါတယ်။ ဒီနောက် သတင်းထောက်တွေ ရှေ့ကို သူတို့ နှစ်ဖက်စလုံး ရောက်လာကြချိန်မှာတော့ - ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ သူ့ သမ္မတ သက်တမ်းမကုန်ခင်မှာပဲ ထွက်ပေါ်လာနိုင်တယ်လို့ သမ္မတဘုရ်ှက ပြောသွားခဲ့ပါတယ်။

“လုံလောက်တဲ့ အကူအညီတွေနဲ့ ပါလက်စတိုင်း နိုင်ငံတော် ပေါ်ထွက်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီလို ပါလက်စတိုင်း နိုင်ငံတော် ပေါ်ထွက်လာတယ်ဆိုရင် ဒါဟာ ငြိမ်းချမ်းရေး အတွက် အရေးပါတဲ့ ရှေ့ခြေလှမ်းဖြစ်မယ်ဆိုတာလည်း ကျနော် ယုံကြည်ထားပါတယ်။”

သမ္မတဘုရ်ှနဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘစ်တို့အကြား ဆွေးနွေးပွဲကနေ တစုံတရာ ရလာဒ်အဖြေ ထွက်လာတာမရှိပေမယ့်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ကွဲလွဲချက်တွေကို နောက်ဆုံးမှာ စေ့စပ်ညှိုနှိုင်းဖို့ ပိုင်းဖြတ်ထားကြပြီဆိုတာ ရှင်းရှင်းလင်း ပေါ်ထွက်လာပါတယ်။ ငြိမ်းချမ်းရေးအတွက် တဖက်ချင်းစီမှာ တာဝန်ကိုယ်စီရှိကြတယ်လို့ သမတဘုရ်ှက ပြောပါတယ်။ အထူးသဖြင့်ဆိုရင်တော့ ပါလက်စတိုင်းအာဏာပိုင်တို့ဖက်က သူတို့ရဲ့ လုံခြုံရေးတပ်တွေကို ခေတ်မှီတိုးတက်လာဖို့ ကြိုးပမ်းအားထုတ်နေတာတွေကို အစ္စရေးဖက်က အနှောက်အယှက် ပေးနေတာတွေ ရပ်ဖို့ အစ္စရေးကို သမ္မတဘုရ်ှက တောင်းဆိုခဲ့ပါတယ်။

“လိုအပ်လာပြီဆိုရင် ကိုယ့်ပြည်သူ့အတွက် အာမခံချက်ရှိစေဖို့အတွက် လုံခြုံမှုပေးနိုင်ဖို့ ထိရောက်တဲ့ လုံခြုံရေးတပ် ရှိလာစေဖို့ရာ အစိုးရတွေအတွက် အလွန်အရေးကြီးပါတယ်။ ဒါဟာ ပြည်သူလူထုရဲ့ ယုံကြည်စိတ်ချမှုဖြစ်လာစေဖို့ ပထမအဆင့်ဖြစ်ပါတယ်။”

သမ္မတဘုရ်ှရဲ့ ကားလမ်း ရာမလာမြို့ကို အသွားမှာတော့ ပါလက်စတိုင်းအာဏာပိုင်တို့က မကြာမကြာ ထောက်ပြပြောလေ့ရှိတဲ့ အချက်နှစ်ချက်ကိုလည်း သမ္မတဘုရ်ှကိုယ်တိုင် မျက်မြင် တွေ့ကြုံခဲ့ပါတယ်။ သမ္မတဘုရ်ှဟာ မြူခိုးတွေကြားက အစ္စရေးစစ်ဆေးရေးဂိတ်တွေကို မြင်တွေ့ခဲ့သလို လမ်းတလျှောက်မှာတော့ တရားမဝင် ရွေ့ပြောင်းနေထိုင်နေမှု အရိပ်အယောင်တွေ ကိုလည်း မြင်လိုက်ရပါတယ်။

ဗုဒ္ဓဟူးနေ့ ကတော့ ဒီလို အခြေချနေထိုင်သူတွေအားလုံးကို ဖယ်ရှားပေးဖို့ သမ္မတဘုရ်ှဟာ အစ္စရေးကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လို့ ပါလက်စတိုင်းသတင်းထောက်တဦးကနေ ဒီ စစ်ဆေးရေး ဂိတ်တွေအကြောင်း မေးမြန်းတဲ့အခါမှာတော့ သမ္မတဘုရ်ှကနေ နှစ်ဖက်စလုံးရဲ့ ပြဿနာတွေကို သူမြင်ရတယ်လို့ ပြောပါတယ်။

“ပါလက်စတိုင်းတွေအနေနဲ့ အခုလို စစ်ဆေးရေးဂိတ်တွေကို ဖြတ်ရတဲ့အခါ စိတ်ပျက်ခံစားမှု ဖြစ်ကြရတာကို ကျနော် နားလည်နိုင်ပါတယ်။ အခြားတဖက်မှာလည်း နှစ်ဖက်စလုံးမှာ ယုံကြည်မှု အပြန်အလှန် မရှိသရွေ့ အစ္စရေးတို့ဖက်က လုံခြုံရေးအရ စိုးရိမ်ကြောင့်ကျမှုကြောင့် အခုလို လုပ်ချင်ကြတာကိုလည်း ကျနော်နားလည်လို့ရပါတယ်။ နယ်စပ်အခြားတဖက်ကနေ တိုက်ခိုက် လာနိုင်တဲ့ နိုင်ငံတခုကို သူတို့အနားမှာ ထားချင်ကြမှာမဟုတ်ပါဘူး။”

သမ္မတဘုရ်ှ အစ္စရေးကို အင်္ဂါနေ့ ရောက်တဲ့အချိန်တုန်းကပဲ အစ္စရေးမြိုတမြို့ကို ဂါဇာဖက်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဂါဇာမှာဖြစ်နေတဲ့ အကြီးမားဆုံး အနှောက်အတားဖြစ်နေတာ တခုကတော့ ဂါဇာမှာ ဟာမတ်စ်စစ်သွေးကြွတွေ ထိန်းချုပ်တားတာပါလို့လည်း သမ္မတဘုရ်ှက ပြောပါတယ်။ ပါလက်စတိုင်း နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် မျှော်လင့်ချက်ထားမလား အခုအတိုင်း သောင်တင်ရေမကျ နေသွားမလားဆိုတာဟာ ဂါဇာမှာ နေထိုင်သူတွေအတွက် တခုခု ရွေးခြယ်ရမယ်လို့ သမ္မတဘုရ်ှက ပြောပါတယ်။

“ပညာရေး ကျန်းမာရေး ကောင်းကောင်းမွန်မွန်နဲ့ ဘဝတိုးတက်မှုတွေရှိလာရမယ်လို့ ပြောဆိုခဲ့တဲ့ ဟာမတ်စ်အဖွဲ့အနေနဲ့က ဘာတခုမှ တကယ်လုပ်ပေးနိုင်တာမဟုတ်ပါဘူး။ စိတ်ပျက်စရာတွေပဲ ဖြစ်စေခဲ့တာပါ။”

ပါလက်စတိုင်း သမ္မတ မာမွတ်အာဘစ်ကတော့ ဟားမတ်စ်အဖွဲ့ဟာ ဂါဇာမှာ အာဏာသိမ်းခဲ့တာပဲ ဖြစ်တယ်လို့ သူဖက်ကတော့ ပြောနေပါတယ်။ ပါလက်စတိုင်းအာဏာပိုင်တွေဖက်ကတော့ သူပြည်သူတွေနဲ့အတူ ဆက်ပြီး ရပ်တည်သွားမယ်လို့ သူက ပြောပါတယ်။

ဘာသာပြန်ကတဆင့် ပြောရာမှာတော့ သူ့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်သွားဖို့ ပိုင်းဖြတ်ထားတယ်လို့ သမ္မတ မာမွတ်အာဘစ်က ပြောပါတယ်။

“ဒီကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အခု ဒီမြေ မြင့်မြတ်တဲ့မြေနေရာကနေ ထွက်ပေါ်လာရမယ်။”

ပါလက်စတိုင်းခေါင်းဆောင်တွေဟာ သမ္မတဘုရ်ှကို အရင် ပါလက်စတိုင်းခေါင်းဆောင် ရာဆာ အာရာဖတ်ရဲ့ ဗုံးခိုကျင်းအဖြစ် အသုံးပြုခဲ့တဲ့ အဆောက်အအုံထဲမှာ တွေ့ဆုံခဲ့တာပါ။ သမ္မတဘုရ်ှ ဟာ အာရာဖက်နဲ့တုန်းကတော့ ဆက်ဆံဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူ့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ခေါင်းဆောင် အခု သမ္မတ မာမွတ်အာဘစ်လို လူမျိုးကို စောင့်မျှော်နေတာဖြစ်တယ်လို့ သမ္မတ ဘုရ်ှက ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG