သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေခွန်များပြားလွန်း၍ လယ်သမားများ မပေးနိုင်


မကွေးတိုင်းအတွင်းမှာ ဆည်မြောင်းဦးစီးဌာနက ကောက်တဲ့ ရေခွန်တွေကို မပေးနိုင်ဘူးဆိုပြီး မပေးနေတဲ့ ရွာတွေတောင်ရှိတယ်လို့ မကွေးမြို့ခံ တောင်သူလယ်သမားတဦးက ပြောပါတယ်။ လယ်တစ်ဧကကို (ကျပ် ၁၀၅၀၀) တောင်းတဲ့အပြင် သယ်ယူပို့ဆောင်တဲ့ စာရိတ်တွေကလည်း ပိုပြီးများလာနေတယ်လို့ ရှင်းပြပါတယ်။ စားသောက်ကုန်စာရိတ်တွေ တရိတ်ရိတ် တတ်နေပြီးတော့ စစ်အစိုးရရဲ့ စီမံကိန်း သီးနှံတွေ မပါဝင်တာကြောင့် စီးပွားရေး ပိုပြီးတော့ ကျပ်တည်းလာရတယ် လို့လည်း ရှင်းပြပါတယ်။

“တံတားကူးခတွေ၊ ဆီဈေးတွေကလည်း တတ်နေတဲ့အခါကျတော့ ကုန်ဈေးနှုန်းက တတ်လာ တယ်လေ။ ကုန်ဈေးနှုန်းတတ်လာတဲ့အပြင် တောသူတောင်သားတွေမှာ စိုက်ပျိုးတဲ့အခါ ဓာတ်မြေ သြဇာတို့ ဘာတို့ ကျတော့လည်း ဈေးကြီးပြီး ဝယ်ရတယ်။ ဝန်ဆောင်စာရိတ်တွေက အရမ်းကြီး တယ်ပေါ့။ ပြန်ထွက်လာတဲ့ သီးနှံနဲ့ ပြန်ရောင်းရတဲ့ ဈေးနဲ့ ကျရင် သူတို့မှာ မကာမိဘူးဖြစ်နေတယ်။ စီမံကိန်း သီးနှံတွေပေါ့နော်။ စီမံကိန်း သီးနှံတွေ ဝင်လာတာတွေရယ်၊ နောက်ပြီး ကုန်ဈေးနှုန်း ကလည်း အဆမတန် တတ်နေတာကိုး။ ကျွန်တော်တို့ နယ်ဖက်က တောသူတောင်သား ပိုများတာ ကိုး။ ကုန်သည်ပွဲစားတွေ ကျပြန်တော့လည်း အခွန်အကောက်တွေကလည်း တော်တော်များနေ တာကိုး။ နောက် ကျွန်တော်တို့ ရွာမှာ လယ်သမားတွေဆိုလို့ရှိရင် ဆည်မြောင်းကနေ ရေခွန်ကောက်တာ တစ်ဧကကို တစ်သောင်းနဲ့ ငါးရာ။ တစ်သောင်းနဲ့ ငါးရာဆိုတော့ ဒီဒဏ်ကို လယ်သမားတွေ မခံနိုင်ဘူးဖြစ်နေကြတယ်။ တော်တော်လေးကို အကျပ်အတည်းတွေ့နေကြတယ်။ တချို့ဆို အခုချိန်ထိ ငြင်းဆန်နေကြတယ်။”

မန္တလေးတိုင်း မလိုင်မြို့နယ်အတွင်းမှာဆိုရင်လည်း စီမံကိန်း သီးနှံအဖြစ် စပါးတွေ အတင်းအကျပ် စိုက်ခိုင်းနေတာကြောင့် မျိုးစပါး ဆုံးရှုံးတဲ့အပြင် နွားစာတောင်မရတဲ့အကြောင်း လယ်သမား တစ်ဦးက ပြောပါတယ်။ စီမံကိန်း သီးနှံတွေ အတင်းအကျပ်စိုက်ခိုင်းတာဟာ တောင်သူ လယ်သမား တွေ အတွက် စားဝတ်နေရေး ပိုပြီးတော့ ကျပ်တည်းစေတဲ့ အကြောင်းတရက်တခုဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျွန်တော်တို့ တသက်မှာ ဒီမြေမှာ စပါးတခါမှ စိုက်တာမတွေ့ခဲ့ရပါဘူး။ စပါးထွက်တဲ့မြေလည်း မဟုတ်ပါဘူး။ မလိုင်မြို့နယ်တမြို့နယ်လုံး စပါးမှာ မအောင်မြင်ပါဘူး။ မျိုးသာ ဆုံးရှုံးပါတယ်။ နွားစာလည်း မရပါဘူး။”

မလိုင်မြို့နယ် သပြေကုန်း ကျေးရွာ အုပ်စုအတွင်းမှာ အဆင်အဆက် စိုက်ပျိုးခဲ့တဲ့ ငှက်ပျောခြံတွေကို ဖျက်ပြီးတော့ အာဏာပိုင်တွေဖက်က စီမံကိန်းသီးနှံဆိုပြီး စပါးစိုက်ခိုင်းတာနဲ့ ပတ်သက်ပြီး ဒေသခံတဦးက ပြောပြသွားတာပါ။

တောင်သူလယ်သမားတွေဖက်က မဖြစ်နိုင်တဲ့အကြောင်း အာဏာပိုင်တွေကို သွားရောက်ဆွေးနွေးခဲ့ပေမယ့်လည်း လက်မခံခဲ့ဘူးလို့လည်း ပြောပါတယ်။

“ကျွန်တော်လည်း ကျွန်တော့ ဘိုးဘွားတွေ လက်ထက်ကတည်းကစိုက်ထားတာမို့ မဖျက်ပါရစေနဲ့ဆိုပြီး လူကြီးတွေဆီ ကျွန်တော်တို့ တင်ပြပါတယ်ခင်ဗျ။ မရပါဘူး စီမံကိန်းအရ ဖျက်ရမယ်ဆိုပြီးပြောပါတယ်ခင်ဗျ။ ကျွန်တော်လည်း မရက ဥက္ကဋ္ဌကို တင်ပြမယ်ဆိုပြီး သွားပြီးတော့ ဥက္ကဋ္ဌနဲ့ သွားတွေ့ပါတယ်ခင်ဗျ။ ဥက္ကဋ္ဌက မဖျက်ရင် မရဘူး၊ ထောင်ချမယ်ဆိုပြီး ကျွန်တော့်ကို အဆွေးနွေးမခံဘဲ ပြန်လွှတ်လိုက်ပါတယ်ခင်ဗျ။”

မန္တလေး မလိုင်မြို့နယ်အတွင်းမှာ ငှက်ပျောခြံ ဖျက်ပေးပြီး စပါးနှံစိုက်ပျိုးပေးခဲ့ပေမယ့်လည်း အာဏာဖီဆန်မှုနဲ့ ခေတ္တချုပ်နှောင်ခံခဲ့ရတဲ့ လယ်သမားကြီး တယောက်က ပြောပြသွားတာပါ။

စစ်အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု မှားယွင်းတာတွေကို အခြေခံပြီး မြန်မာနိုင်ငံအတွင်းမှာ ပြည်သူတွေရဲ့ အထွေထွေ အကျပ်အတည်းတွေ ပိုပြီးများလာနေတဲ့အကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းက မကြာခဏ အသိပေးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG