သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ဆက်ဆံရေး အရာရှိတွေ့၊ တွေ့ဆုံမှု ပြန်စတင်တဲ့အတွက် အဲန်အယ်လ်ဒီ ကြိုဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ စစ်အစိုးရ ဧည့်ဂေဟာမှာ မြန်မာစစ်အစိုးရက ခန့်ထားတဲ့ ဆက်ဆံရေး အရာရှိ အလုပ်သမားရေး ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံပါတယ်။

တစ်နာရီလောက် တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘာတွေ ဆွေးနွေးတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ အရာရှိတွေ တွေ့ဆုံတာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ သံဃာတော်တွေနဲ့ လူထုရဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း ဒါ စတုတ္ထအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ဆက်ဆံရေး အရာရှိအဖြစ် အလုပ်သမားရေး ဝန်ကြီး ဦးအောင်ကြည်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က ခန့်အပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ အရင်က သုံးကြိမ် တွေ့ဆုံခဲ့ပေမယ့် တွေ့ဆုံ ဆွေးနွေးရေး အခြေအနေ တိုးတက်မှု နှောင့်နှေးနေတယ် ဆိုပြီး အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက စောစောပိုင်းက ပြောဆိုထားပါတယ်။

ဒီလထဲမှာပဲ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေတဲ့ ကုလသဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီဟာ အာရှ ဒေသတွင်း နိုင်ငံတွေကို သွားရောက်ပြီး မြန်မာနိုင်ငံကိုလည်း နောက်တစ်ကြိမ် ပြန်သွားဖို့ ပြင်ဆင်နေတယ်လို့ ကုလသဂ္ဂက ပြောဆိုထားပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရဖက်က ဆက်ဆံရေး အရာရှိတို့ တွေ့ဆုံတာဟာ တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်ကို ပြန်ပြီး စတာမျိုးဆိုရင် ဝမ်းသာ ကြိုဆိုရမယ့် ကိစ္စဖြစ်ပါတယ်လို့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို ပြန်လာတော့မယ်ဆိုတဲ့အချိန်မှာ စစ်အစိုးရဖက်က ပြင်ဆင်တာမျိုး ဖြစ်နိုင်တယ်ဆိုတာမျိုး ယူဆနိုင်သလို တချိန်တည်းမှာ နိုဝင်ဘာလ ကတည်းက ရပ်တန့်နေတဲ့ ဆွေးနွေးမှုတွေ ပြန်လည် စတင်တာဟာ ကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

၂၀၀၈ ခုနှစ်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနေ့အဖြစ် အဲန်အယ်လ်ဒီ က သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG