သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဘုရှ် အစ္စရေးမှ ထွက်ခွာ၊ ကူဝိတ်ကို ရောက်ရှိ


အရှေ့အလယ်ပိုင်းဒေသကို ခရီးထွက်နေတဲ့ အမေရိကန် သမ္မတ ဘုရှ် ဟာ အခုဆိုရင် အစ္စရေးကနေ ကူဝိတ်နိုင်ငံကို ရောက်သွားပြီဖြစ်ပါတယ်။

အစ္စရေးရဲ့ အနှစ် ၆၀ မြောက် အထိမ်းအမှတ်နဲ့ အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်အောင် တွန်းအားပေးကူညီဖို့အတွက် လာမယ့် မေလထဲမှာ အရှေ့အလယ်ပိုင်း ဒေသကို နောက်တစ်ကြိမ် ထပ်လာအုံးမယ်လို့ သမ္မတ ဘုရှ်က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Paula Wolfson သတင်းပေးပို့ထားတာကို ဦးကျော်အောင်လွင်က အစီရင်ခံထားပါတယ်။

အစ္စရေးကနေ သမ္မတ ဘုရှ် ပြန်ထွက်မလာခင် နောက်ဆုံးအခြေအနေမှာတော့ ဂျူးတွေရဲ့ အောက်မေ့ဘွယ်နေရာနဲ့ ခရစ်ယာန် ဘာသာရေး ဒေသတွေကို သမမတ ဘုရှ် သွားရောက်လည်ပတ်ခဲ့ပါတယ်။

သမ္မတ ဘုရှ်ဟာ နာဇီတွေလက်ထက်က အကျဉ်းစခန်း ၆ ခုထဲမှာ ကွယ်လွန်ခဲ့ကြတဲ့ သူတွေအတွက် အမှတ်တရထားတဲ့ Yad Vashem က Great Stone ခမ်းမဆောင်ကြီးရဲ့ အောက်မေ့ဘွယ် မီးတောက်ကြီးရဲ့ရှေ့မှာ သူ ရပ်ပြီးတော့ ကလေးငယ်တွေရဲ့ မျှော်လင့်ချက် ဆိုတဲ့ သီချင်းသံနဲ့အတူ ငြိမ်သက်ပြီး ဂါရဝပြုခဲ့ပါတယ်။

နာဇီတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ကြရသူ ဂျူးလူမျိုးတွေရဲ့ အရိုးပြာတွေနဲ့ ဖုံးအုပ်ထားတဲ့ ကျောက်သားတွေပေါ်မှာ အောက်မေ့ဘွယ် မီးတောက်ကိုလည်း သမတ ဘုရှ်က ထွန်းညှိခဲ့ပါတယ်။ သမ္မတ ဘုရှ်ရဲ့ တစ်ဖက်စီမှာတော့ အစ္စရေး သမတ ရှီမွန် ပဲရက်စ် (Shimon Peres) နဲ့ အစ္စရေး
ဝန်ကြီးချုပ် တို့ အီဟွတ် အိုမာတ် (Ehud Olmert) တို့ ရှိနေကြပါတယ်။ အောက်မေ့ဘွယ် ခန်းမ ဆောင်ထဲက ထွက်လာတဲ့ သမ္မတ ဘုရှ်က ဒီနေရာဟာ မကောင်းတဲ့မိစ္ဆာတွေ ရှိနေတာကို အလေးအနက် သတိပေးတဲ့နေရာ ဖြစ်ပြီးတော့ ဒါကို ခုခံတိုက်ခိုက်မှဖြစ်မယ်လို့လည်း
အသိဝင်စေတဲ့ စိတ်တွေ ဖြစ်ပေါ်စေတဲ့ နေရာပဲလို့ ဆိုပါတယ်။

“အခုလို ခြောက်ခြားဖွယ်ရာ ရက်စက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတဲ့သူတွေဟာ ဘုရားသခင်အပေါ်မှာ ယုံကြည်မှုတွေကို သူတို့ မစွန့်လွှတ်ဘဲရှိခဲ့တာကို ကျနော်အနေနဲ့ ချီးကျူးလေးစားမိပါတယ်။ သူတို့ရဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်အတိုင်း ကြံ့ကြံ့ခံ ရပ်တည်ခဲ့ကြတဲ့ ဂျူးလူမျိုး လူကြီးလူငယ်တွေဟာ သတ္တိကောင်းလှတဲ့ ဝိညာဉ်တွေ ရှိနေကြတဲ့ သူတွေပါပဲ။ လူသားတွေအတွက် ပြောပြလို့ မရနိုင်လောက်အောင် ရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကြုံဆုံခဲ့ရတာပါ။”

ပါလက်စတိုင်း နိုင်ငံတော် ပေါ်ပေါက်လာရေး အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပြီးတော့ အခုလို Yad Vashem က အောက်မေ့ဘွယ်နေရာကို သမ္မတ ဘုရှ် ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

သမ္မတ ဘုရှ်ဟာ အစ္စရေး ဝန်ကြီးချုပ် အီဟွတ်အိုမာတ် (Ehud Olmert) နဲ့ရော၊ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘက်စ် (Mahmoud Abbas) နဲ့ပါ သီးခြားစီ တွေ့ဆုံပြီးတော့ နာရီတော်တော် ကြာအောင် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ သတင်းထောက်တွေကို သမ္မတ ဘုရှ် ပြောပြခဲ့တဲ့ အထဲမှာတော့ လာမယ့်နှစ်ဆန်း ဇန်နဝါရီမှာ သူ ရာထူးသက်တမ်းကုန်လို့ အိမ်ဖြူတော်ကနေ ထွက်တဲ့အချိန်လောက်မှာပဲ အစ္စရေးနဲ့ ပါလက်စတိုင်းက သဘောတူညီမှုတစ်ခု အချိန်မှီ ရလိမ့်မယ့်သဘောတွေ ရှိနေပြီးတော့ ပြောဆိုဆွေးနွေးမှုတွေကိုလည်း သူ အခု ရခဲ့တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ဒီအခြေအနေတွေအပေါ်မှာ စိတ်ချလက်ချ ရှိနေတယ်လို့လည်း ပြောပါတယ်။ အစ္စရေးရဲ့ သိမ်းပိုက်မှုတွေဟာ ရပ်ကိုရပ်တန့်ရမှာဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိရမယ်။ နောက်ပြီးတော့ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဖက်စလုံးကို သတိပေးခဲ့တာက နှစ်ဖက်အကြားမှာရှိနေတဲ့ ခက်ခဲတဲ့ နိုင်ငံရေးကိစ္စတွေကို ပြဿနာတွေကို တစ်ဖက်နဲ့တစ်ဖက် လိုက်လျော အလျော့ပေးဖို့ လိုအပ်တယ် ဆိုတာပါပဲ။ သမ္မတ ဘုရှ်ရဲ့ ကိုယ်ရေးအရာရှိတွေ ပြောတာကတော့ အရှေ့အလယ်ပိုင်းဒေသကို သမ္မတ ဘုရှ် ထပ်လာဖို့ ရှိနေပါတယ်။ အကြောင်းကတော့ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဖက်ကြားမှာ တိုးတက်မှုတွေ ဖြစ်ပေါ်လာရေး သူ ကူညီဆောင်ရွက်ပေးဖို့ပါပဲလို့ ဆိုပါတယ်။

သမ္မတ ဘုရှ်ရဲ့ အခု ခရီးစဉ်ဟာ သူ သမတ အဖြစ်နဲ့ အစ္စရေးဒေသကို ပထမဦးဆုံး အကြိမ် ရောက်လာခဲ့တာပါ။ Yad Vashem ကနေအပြန် ခရစ်ယာန်တွေရဲ့ ဘာသာရေးနယ်မြေဖြစ်တဲ့ Galilee ဒေသကိုလည်း သူ ရဟတ်ယာဉ်နဲ့ ခရီးဆက်ခဲ့ပါသေးတယ်။

အာရပ်နိုင်ငံ ၅ နိုင်ငံမှာ ပထမဆုံးနိုင်ငံအဖြစ် ကူဝိတ်နိုင်ငံကို ရောက်တဲ့အခါမှာ ကူဝိတ် စော်ဘွားနဲ့လည်း သမ္မတ ဘုရှ် တွေ့ဆုံမှာ ဖြစ်ပြီးတော့ ကူဝိတ်နိုင်ငံ အနီးမှာရှိတဲ့ အမေရိကန်တွေ တပ်စွဲထားတဲ့နေရာကိုလည်း သမ္မတ ဘုရှ် သွားလည်အုံးမှာပါ။ အဲဒီမှာ အီရတ်စစ်မြေပြင်က ထိပ်တန်းစစ်ဦးစီး ဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီးရက် (David Petrateus) နဲ့ Baghdad က အမေရိကန် သံတမန်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေလည်း လုပ်အုံးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG