ဒီနေ့မနက် စောစောပိုင်းက မြန်မာစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်အနီးက ပျဉ်းမနားဘူတာရုံးမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးပြီး အနည်းဆုံး လူတစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် သတင်းထောက် ဦးမိုးဇော်က အစီရင်ခံထားပါတယ်။
ဒီဗုံးပေါက်ကွဲမှုဟာ မနက် ၄ နာရီခွဲလောက်မှာ ပျဉ်းမနားဘူတာရုံက အမျိုးသမီး အိမ်သာမှာ ဖြစ်ပွားခဲ့တာပါ။ ဒီပေါက်ကွဲမှု အခြေအနေကို ပျဉ်းမနားမြို့ခံ တစ်ယောက်က အခုလို ပြောပါတယ်။
“ကျနော်တို့ သိရသလောက်တော့ အိမ်သာထဲမှာ ဗုံးကွဲတယ်။ ကျနော်တို့နဲ့တော့ နည်းနည်း အလှမ်းဝေးတယ်ဗျ၊ အိမ်သာထဲမှာ ဖြစ်တယ်လို့ ပြောတယ်၊ လူကြီးတွေလည်း ရောက်နေပါတယ်ခင်ဗျ။ အမျိုးသမီး တစ်ယောက် အိမ်သာရှေ့မှာ ထိုင်စောင့်နေတယ်လို့ ပြောတယ်။ အဲဒီ အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်၊ အိမ်သာထဲက အမျိုးသမီးကတော့ ဆုံးသွားတာပေါ့။ ၄ နာရီ ဝန်းကျင်လောက်ကလို့ ပြောတယ်။”
ဗုံးထောင်တဲ့ တရားခံကို ဖမ်းမိတယ်ဆိုတဲ့သတင်း မကြားရသေးဘူးလို့လည်း ပျဉ်းမနား ဒေသခံက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ နယ်မြေခံ ရဲစခန်းကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူူး။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ ဒဏ်ရာရတဲ့သူ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုရဲ့ သုတေသန ဌာနမှူး ဦးဌေးအောင်ကတော့ မြန်မာစစ်အစိုးရ ရုံးစိုက်တဲ့ မြို့တော်သစ်ကို လုံခြုံရေး အဆင့်ဆင့် တင်းကြပ်ထားတဲ့ကြားက ဒီလို ဗုံးပေါက်ကွဲခဲ့တဲ့အပေါ်မှာ အခုလို သုံးသပ်ပါတယ်။
“စစ်အစိုးရက ကြပ်ပြေး နေပြည်တော် လုံခြုံရေးကို လုံခြုံရေးစည်းတွေ အဆင့်ဆင့်ပေါ့လေ။၊ အထပ်ထပ် ချထားတယ်ဆိုတာကို ကျနော်တို့ သိရတယ်။ အတွင်းစည်းတင်မကဘဲ အပြင်စည်းတွေလည်း ချထားတာရှိတယ်။ အလားတူပဲ သူတို့ မကြာခဏ စွပ်စွဲနေတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေလို့ စွပ်စွဲခံနေရတဲ့ နယ်စပ်အခြေစိုက် တော်လှန်ရေးအင်အားစုတွေ ဝင်နိုင် ထွက်နိုင်တဲ့ လမ်းကြောင်းတွေကိုလည်း သူတို့က သေသေချာချာ စေ့စေ့စပ်စပ်နဲ့ အမြဲတမ်းရှာဖွေ စစ်ဆေးတာတွေ လုပ်နေတယ်။ အဲဒီကြားထဲကပဲ ဒီလို လုံခြုံရေး အထပ်ထပ်ချထားတဲ့ နေပြည်တော်နားမှာ ဗုံးကွဲတယ်ဆိုတော့ စစ်အစိုးရက ဒီ နယ်စပ်က ရှိတဲ့သူတွေကို နိုင်ငံရေးအရ အမြတ်ထုတ်တဲ့အနေနဲ့ စွပ်စွဲ ပြောဆိုတာမျိုး လုပ်မှာသေချာတယ်။ ဒါပေမယ့် ဒီဗုံးခွဲတဲ့ လက်သည် တရားခံကတော့ အပြင်က လာတာမျိုး မဖြစ်နိုင်ဘူး။ စစ်အစိုးရအတွင်းမှာ သူတို့ အချင်းချင်း မကျေနပ်မှုတွေကြောင့်ပဲ ဖြစ်နိုင်သလို ပြည်သူလူထု အခုလက်ရှိ ကြုံနေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေကို အာရုံလွှဲဖို့အတွက် သူတို့ရဲ့ ဒီ စရဖ ကနေပြီး လုပ်ကြံဖေါက်ခွဲတာမျိုးလည်း ဖြစ်နိုင်တာပေါ့။”
အရင်နှစ်တွေကလည်း မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ ဗုံးအကြိမ်ကြိမ် ပေါက်ကွဲခဲ့ပေမယ့် မြန်မာစစ်အစိုးရဟာ တိကျတဲ့ တရားခံကို ဖေါ်ထုတ်နိုင်ခဲ့တာ မရှိခဲ့ပါဘူူး။ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကိုပဲ အပြစ်တင် စွပ်စွဲလေ့ရှိပါတယ်။
၂၀၀၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က ဗုံးကွဲမှုတွေမှာတော့ လူ ၁၉ ယောက် သေဆုံးခဲ့ပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။