သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေကို တင်းတင်းကျပ်ကျပ်အုပ်ချုပ်ထားတဲ့ မြန်မာစစ်အစိုးရ


ကမ္ဘာက အထီးကျန်ဆုံးနိုင်ငံတွေထဲမှာ မြန်မာပြည်ဟာ တခုအပါအဝင်ဖြစ်နေပါတယ်။ ဒီမိုကရေစီရေး အကဲခတ်နေသူတွေကတော့ စစ်အစိုးရဟာ နှိပ်ကွပ်မှုတွေ၊ ခြောက်လန့်မှုတွေကို အသုံးပြုပြီး အာဏာကို မြဲအောင်လုပ်နေပါတယ်တဲ့။ အတိုက်အခံတွေကိုလည်း ဘယ်တော့မှာ မျက်နှာသာ မပေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက၊ စစ်အစိုးရဟာ လောင်စာဆီဈေးကို မတန်တဆ တိုးမြှင့် လိုက်တာကြောင့် ပြည်သူတွေ၊ ရဟန်းသံဃာတွေဟာ လမ်းမပေါ်ကို တက်ပြီး ဒီမိုကရေစီ ရရှိရေးအတွက် ဆန္ဒပြရတော့တာပါပဲ။

အကြိမ်ကြိမ် အကျဉ်းချခံရပြီး နောက်ဆုံးမှာတော့ ထိုင်းနိုင်ငံ နယ်စပ်ဖက်ကို ထွက်ပြေး တိမ်းရှောင်လာရတဲ့ ကိုလှိုင်မိုးသန်းက

“စစ်အစုးိရက သူတို့ စိတ်ကြိုက်လုပ်နေတာ။ သူတို့က ဥပဒေရဲ့ အထက်မှာလေ။ ကျွန်တော်တို့ ပြည်သူတွေကို ဥပဒေက အကာအကွယ်မပေးနိုင်ဘူး။ ဖမ်းဝရမ်း မပါဘဲနဲ့ ဖမ်းချင်တိုင်း ဖမ်းနေတာ။ သူတို့က ပြည်သူတွေကို ဖမ်း၊ အကျဉ်းစခန်းတွေထဲကို ပို့နိုင်တဲ့သူတွေပေါ့။”

စစ်အစိုးရက အတိုက်အခံအဖွဲ့အစည်းတွေကို လွတ်လပ်တဲ့ ပြောရေး ဆိုခွင့်တွေကို ပိတ်ပင်ထားပါတယ်။ စစ်အစိုးရကို ထောက်ခံအားပေးတဲ့ သတင်းဌာနတွေကိုပဲ လွတ်လပ်ခွင့် ပေးထားပါတယ်။

ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုဇော်မင်းက

“ပြည်သူတွေရဲ့ ကြောက်စိတ်ကို အားပြုပြီး စစ်တပ်က တိုင်းပြည်ကို နှစ်အတော်ကြာအောင် အုပ်စိုးလာတာ။ ဒါကြောင့် အဲဒီကြောက်တဲ့ ပြည်သူတွေအပေါ် နှိပ်ကွပ် နည်းအမျိုးမျိုးကို အသုံးပြုနေတာ။ စစ်တပ်ကို ပြန်လှန်တဲ့သူတွေကို ထောင်ချမယ်၊ နှိပ်စက်မယ်၊ တခါတလေ ဘယ်သူမှမသိဘဲ ပျောက်တောင်သွားတယ်။”

မြင့်တက်သွားတဲ့ လောင်စာဆီဈေးတွေက လမ်းပန်းဆက်သွယ်ရေးတွေ၊ စားသောက်ကုန်ဈေးတွေကို စိုးရိမ်ရလောက်အောင်ခြိမ်းခြောက်နေတာပါ။ ပြည်သူအများစုရဲ့ နေ့စဉ် ဝင်ငွေဟာ တဒေါ်လာတောင်မပြည့်ပါဘူး။ စစ်အစိုးရမိသားစုတွေကတော့ ဇိမ်ခံပစ္စည်းတွေနဲ့ နေထိုင်နေပါတယ်။

“စစ်တပ်ရဲ့ အုပ်စိုးမှုအောက်မှာ ကြီးပွားနေတဲ့သူတွေ အများကြီးရှိတယ်။ အဲလိုလူတွေက စစ်တပ်ကို အရမ်းအရမ်းကို ထောက်ခံပြီး လိုချင်တာတွေရယူနေတယ်။ ရလည်း ရနေကြတယ်။”

စစ်တပ်ဟာ မြန်မာပြည်ရဲ့ ပေါကြွယ်ဝတဲ့ သဘာ၀ သယံဇာတပစ္စည်းတွေကိုလည်း ထိန်းချုပ် ထားပါတယ်။ လမ်းမကြီးတွေပေါ်မှာ သစ်တွေတင်ထားတဲ့ ကုန်တင်ကားကြီးတွေကို တွေ့ရမှာပါ။ အဲဒီကုန်တင်ကားကြီး တစီးတစီး ဆီကို စစ်တပ်က ဒေါ်လာထောင်နဲ့ချီပြီး ဝန်ဆောင်ခတွေ ကောက်ခံနေပါတယ်လို့ မြန်မာ ပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေက ပြောပါတယ်။ ကျောက်တွင်းတွေကထွက်တဲ့ ကျောက်သံ ပတ္တမြားတွေကြောင့်လည်း စစ်တပ်ဟာ ဝင်ငွေတွေတိုးနေပါတယ်။ လတ်တလောကျင်းပလိုက်တဲ့ ကျောက်မျက်ရတနာ ပြပွဲမှာလည်း နိုင်ငံခြား ကျောက်ကုန်သည်တွေဆီကနေ ဒေါ်လာသန်းသုံးရာ ရလိုက်ပါသေးတယ်။ အဲဒီကျောက်ကုန်သည်အများစုဟာ တရုတ်ပြည်ကဖြစ်ပါတယ်။

အစိုးရဝင်ငွေရဲ့ ၄၀ရာခိုင်နှုန်းကျော်ကို စစ်တပ်အတွက်အသုံးပြုနေပါတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတချို့ကပြောပါတယ်။ နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်ဖို့ အသုံးပြုပါတယ်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အစိုးရကို ဒီမိုကရေစီအသွင်ပြောင်းဖို့ ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း အခုချိန်ထိတော့ စစ်တပ်က အာဏာကို လွှဲပြောင်းပေးဖို့ လက္ခဏာတွေ တွေ့မနေရပါဘူး။

XS
SM
MD
LG