သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်အပါအဝင် နေရာသုံးခုတွင် သုံးရက်အတွင်း ဗုံးသုံးလုံးကွဲ


ရန်ကုန်မြို့ ဘူတာရုံကြီးအနီးက အမျိုးသမီးအိမ်သာမှာ ဒီကနေ့ ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းကစလို့ သုံးကြိမ်မြောက် ပေါက်ကွဲခဲ့တဲ့ဗုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက် သောကြာနေ့ ညကလည်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာ ဘူတာရုံအနီးက လွတ်လပ်ရေးအခမ်းအနားပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်းအတွင်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုအတွင်း ဗုံးဖောက်ခွဲသူတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာစစ်အစိုးရ သတင်းစာတွေမှာ ရေးသားဖော်ပြပါတယ်။ အခုလို ဖောက်ခွဲမှုကို ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက လုပ်တာလို့ မြန်မာ အာဏာပိုင်တွေကတော့ စွပ်စွဲနေပါတယ်။ ဒါနဲ့ပတ်သက်လို့ စုံစမ်းသိရှိရသမျှ ဒေါ်ခင်ဖြူထွေးက အစီရင်ခံထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှုတွေဟာ ဆက်တိုက်နီးပါး ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့ မနက်က မြို့တော်သစ် နေပြည်တော်အနီး ဘူတာရုံက အမျိုးသမီး အိမ်သာ တစ်ခုမှာ ဗုံးပေါက်ကွဲခဲ့တာနဲ့ တစ်ရက်တည်း အဲဒီနေ့ညမှာပဲ ဖြူးမြို့နယ် ညောင်ပင်သာရွာမှာ လွတ်လပ်ရေးနေ့ အခမ်းအနားပွဲတွေ လုပ်နေတဲ့ ဘောလုံးကွင်းအတွင်း ဗုံးပေါက်ကွဲခဲ့ပါတယ်။ အခုတခါ ရန်ကုန်မြို့ ဘူတာရုံကြီးက အမျိုးသမီးအိမ်သာမှာ ဒီကနေ့ ဗုံးပေါက်ကွဲခဲ့တယ်လို့ မြန်စစ်အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။

ဒီ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ ရန်ကုန်မြို့ခံတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်တော့ -

“ဘူတာကြီး ဗိုလ်ချုပ်လမ်းဖက် လက်မှတ်ရောင်းတဲ့ရုံတွေနားမှာတဲ့၊ အဲဒီဖက်ကတော့ သံလမ်းတွေ ကတော့ အများကြီး ရှိတယ်လေ။ ဘယ်လမ်းပေါ်လဲတော့ မသိဘူးပေါ့။ ၂ နာရီနဲ့ ၂ နာရီခွဲကြား လောက် ရှိမယ်ထင်တယ်။ အခု သတင်းကြားတာက ၃ နာရီကျော် ၃ နာရီခွဲလောက်မှ၊ အဲဒီလို ဖြစ်တယ်လို့ ကြားတာ။ အခုရက်အတွင်း တော်တော်ကြာပြီ မကြားတာ။ အခုမှ ပထမဆုံး ကြားတာပဲ။ ဟိုတစ်ပတ်ကတုန်းကတော့ ပျဉ်းမနားမှာကြားတယ်။”

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦး ပြောပြခဲ့တာပါ။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေဖက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့က ညောင်ပင်သာ ဘောလုံးကွင်း ဗုံးပေါက်ကွဲမှုနဲ့ နေပြည်တော်အနီး ဗုံးပေါက်ကွဲမှု တွေကိုတော့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး က လုပ်တာလို့ မြန်မာစစ်အစိုးရက စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ကေအဲန်ယူဖက်ကတော့ အခုလို တုန့်ပြန်ပါတယ်။

“အဲဒီ ကြပ်ပြေးမှာရော၊ ဖြူးမှာရော နောက်ပြီးတော့ မကြာခင်တုန်းက ကျောက်ကြီး တောထဲမှာ လည်းပဲ အဲဒီလို ပေါက်တယ်ဆိုပြီးတော့ သတင်းတွေ လျှောက်ရေးနေကြတာရှိတယ်။ အဲဒါတွေ အားလုံးဟာ ကျနော်တို့ ကေအဲန်ယူ လုပ်တာမဟုတ်ပါဘူး။ ကေအဲန်ယူနဲ့လည်း လုံး၀ ပတ်သက်တာ မရှိပါဘူး။”

ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် ဖဒို မန်းရှာ ပြောသွားတာပါ။ ကေအဲန်ယူဟာ အကြမ်းဖက်သမားတွေဖြစ်တယ်ဆိုတာမျိုး ဖော်ပြချင်လို့ ပေါက်ကွဲမှုတွေဖြစ်တိုင်း ကေအဲန်ယူကို အခုလို စွပ်စွဲချက်တာဖြစ်ပြီးတော့ ကေအဲန်ယူဟာ အကြမ်းဖက်အဖွဲ့ မဟုတ်ပါဘူးလို့ ဖဒို မန်းရှာက ပြောဆိုခဲ့ပါတယ်။

တုန့်ပြန်ချင်တာက နှစ်ချက်။ ပထမ တစ်ချက်က ဘာလဲဆိုတော့ ကေအဲန်ယူဟာ သူတို့အတွက် ကြီးမားတဲ့ အတားအဆီးလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ သြဇာကို မခံလို့။ အဲဒီလို ဖြစ်တော့ ကေအဲန်ယူ နာမယ်ပျက်အောင်၊ ကေအဲန်ယူဟာ အကြမ်းဖက်သမားတွေ ဖြစ်တာကို ဖော်ပြချင်လို့ သူတို့ လုပ်ဇာတ်တွေက၊ အရင်တုန်းက ကျောက်တံခါးတို့လို၊ နောက်ပြီးတော့ တောင်ငူတို့လို စသည်ဖြင့်ပေါ့လေ။ ရန်ကုန်မှာဖြစ်တဲ့ကိစ္စတွေလည်း ဒီအတိုင်းပဲ။ ကေအဲန်ယူလိုလို ဘာလိုလို အဲဒီလို လျှောက်ပြီးတော့ ဟိုတစ်နှစ်တုန်းက ရန်ကုန်မြို့မှာ လူအကြီးအကျယ် သေခဲ့တဲ့ ဖောက်ခွဲမှုကြီးကိုလည်း အဲဒီလို စွပ်စွဲတာပါဗျ။ အခုလည်းပဲ စွပ်စွဲနေတာရှိတယ်။ ဒါတွေက ဘာလဲဆိုတော့ ကေအဲန်ယူဟာ အကြမ်းဖက်အဖွဲ့ဖြစ်တယ်ဆိုတာကို ဖော်ပြချင်တာ။ သို့သော်လည်းပဲ ကျနော်တို့ ကေအဲန်ယူဟာ တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးကို လုပ်နေတာလည်း အမှန်ပဲ။ သို့သော်လည်းပဲ ဒါက အကြမ်းဖက် ဖြစ်နေတာမဟုတ်ဘူး။ ကျနော်တို့က တော်လှန်ရေး အဖွဲ့အစည်းဖြစ်တယ်။ အဲဒါတစ်ခုကို ကျနော်တို့က ရှင်းပြချင်တယ်။ ဒုတိယတစ်ခုက ကျနော်တို့ ဒေသမှာ အခု အကြီးအကျယ် စစ်ဆင်နေတယ်။ စစ်ဆင်နေတဲ့အခါကျတော့ ရွာသားတွေကို မောင်းထုတ်၊ ရွာတွေ အများကြီး ဖျက်ဆီး၊ အဲဒီလို ဖြစ်နေတယ်။ ရွာထဲမှာလိုက်ပြီးတော့ မိုင်းထောင်နေတာလည်း နအဖ စစ်တပ်ပဲ။ နောက်ပြီးတော့ လူထုတွေကလည်း သူတို့ မောင်းထုတ်တဲ့လူထုတွေက သူ့ကျေးရွာကို ပြန်လာကြတယ်။ သူတို့ လုပ်ခင်းကိုင်ခင်းတွေ၊ ကွမ်းသီးခြံတို့၊ ဒူးရင်းခြံတို့ ပြန်လာကြတယ်။ အဲဒီ ပြန်လာတဲ့လမ်းမှာရော၊ ခြံထဲမှာရော မိုင်းတွေ လိုက်ထောင်နေတယ်။ ထင်းခွေရေခပ် အဲဒီလို တောထဲမှာသွားလုပ်တဲ့နေရာမှာလည်း လိုက်ထောင်ကြတယ်။ ဒါတွေ အားလုံးဟာ သူတို့ဟာ လူထုကို ရန်သူလို သဘောထားတာပဲဗျ။ အားလုံး သိတဲ့အတိုင်းပဲ အဲဒီလိုဖြစ်တော့ လူထုအတွက် ဘာမှ စဉ်းစားတာမှ မဟုတ်ပဲ။ အဲဒီလိုဖြစ်တော့ လူထုတွေက သူတို့မိုင်းနဲ့ အများကြီး ထိနေတာ ဖြစ်တယ်။ ဒါကို ကျနော်တို့က အများ သိစေချင်တယ်လေ။”

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် ဖဒို မန်းရှာ ပြောခဲ့တာပါ။

မြန်မာစစ်အစိုးရဟာ အခုလို ဗုံးပေါက်ကွဲမှုတွေဖြစ်တိုင်း အတိုက်အခံ အင်အားစုတွေကို အမြဲတမ်း လက်ညိုးထိုး စွပ်စွဲလေ့ရှိပါတယ်။ အခုလည်း ဒီရက်ပိုင်းတွေအတွင်း မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအဲန်ယူကို စွပ်စွဲနေ တာဖြစ်ပါတယ်။

တချိန်တည်းမှာလည်း နယ်စပ်ဒေသ အတိုက်အခံအင်အားစုတွေကို ချေမုန်းဖို့ အခုဆိုရင် နယ်စပ်ဒေသ အချို့နေရာတွေမှာ စစ်ဆင်ရေးတွေလုပ်နေသလို လမ်းဖောက်၊ ရိက္ခာဖြည့်နဲ့ တပ်အင်အား တိုးချဲ့ချထားတာတွေ လုပ်နေတယ်လို့လည်း ဖဒိုမန်းရှာက ပြောပြခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG