သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာသနာ့ဥသျှောင်အဖွဲ့ခွဲ ထိုင်းနိုင်ငံတွင် ဖွဲ့စည်း


သာသနာ့ဥသျှောင်အဖွဲ့ဥက္ကဋ္ဌ ပီနန်ဆရာတော်ကြီးဟာ မြန်မာပြည်တွင်းက ထွက်ပြေး တိမ်းရှောင်လာတဲ့ ရဟန်းသံဃာတော်တွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သွားရောက် တွေ့ဆုံပြီး ထိုင်းနိုင်ငံမှာ သာသနာ့ ဥသျှောင်အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီသတင်းအသေးစိတ်ကို ထိုင်းနိုင်ငံက ဗွီအိုအေ သတင်းထောက် ဒေါ်အေးအေးမာက တင်ပြထားပါတယ်။

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင် ရဟန်းတော်များ အဖွဲ့ချုပ်က ဥက္ကဋ္ဌ ပီနန်ဆရာတော်ကြီး ဦးပညာဝံသဟာ ထိုင်းနယ်စပ်ကို ရောက်ရှိလာပြီး သာသနာ့ ဥသျှောင်အဖွဲ့ကြီးရဲ့ ထိုင်းဌာနခွဲကို စက်တင်ဘာ လှုပ်ရှားမှုကနေ တိမ်းရှောင်လာတဲ့ ရဟန်းသံဃာတော် အပါး (၂၀)နဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဒီလိုဖွဲ့စည်းရတာနဲ့ ပတ်သက်ပြီး ပီနန်ဆရာတော်ကြီးက အခုလို ပြောသွားပါတယ်။

“အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များအဖွဲ့ကို နိုင်ငံတိုင်းမှာ ရှိနေရမှာပေါ့။ ဒါမှ အပြည်ပြည်ဆိုင်ရာ ဖြစ်မှာပေါ့။တယောက်ထဲနဲ့ တနိုင်ငံထဲနဲ့ရှိနေလို့ရှိရင် ခေါင်းစဉ်နဲ့ ဘယ်ကိုက်တော့မလဲ။ အဲ့ဒါကြောင့်နိုင်ငံတကာမှာ ဘုန်းကြီးတို့ဖွဲ့တာပေါ့။”

ထိုင်းမြန်မာနယ်စပ်ကို လာရင်းရည်ရွယ်ချက်ကိုလည်း အခုလို မိန့်ကြားသွားပါတယ်။

“ဘာဖြစ်လို့လဲဆိုတာကလည်း ထွက်ပြေးလာတဲ့ ဘုန်းကြီးတွေကို ဘာအကူပေးရမလဲ၊ ဘာတွေ လိုအပ်နေသလဲ၊ အဲဒီရည်ရွယ်ချက်နဲ့ လာတာပါ။ ပြီးတော့မှ အဲဒီဘုန်းကြီးတွေတင်မဟုတ်ဘူး၊ ဒို့ဒကာ၊ဒကာမတွေ၊ထိုင်းမှာပြေးလာတဲ့သူတွေ သန်းနဲ့ချီရှိနေတယ်။ ဒီလူတွေလည်း ဘယ်လို နေကြလဲ။ ဒို့ဘာလုပ်ကြမှဖြစ်မှာလဲ။ ဘုန်းကြီးတွေရောလူတွေရော ညီညီညွတ်ညွတ် ဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်။ နောက် သူတို့ဘာတွေလိုအပ်သလဲ။ ဘာတွေပံ့ပိုးပေးရမလဲ။ ဘယ်သူတွေကို ပြောရမလဲဆိုရင် သက်ဆိုင်ရာ အစိုးရတွေကိုပြောမယ်။ သက်ဆိုင်ရာ ဘာသာရေး ဆရာတွေ ပြောမယ်။ သက်ဆိုင်ရာ အန်ဂျီအိုတွေပြောမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဘုန်းကြီးတို့လာတာပါ။”

မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီး ပီနန်ဆရာတော်က

“မင်းတို့သေနတ်တွေက တိုင်းပြည် ကာကွယ်ဖို့မရှိမဲ့ရှိမဲ့နဲ့လခပေးပြီးတော့ဝယ်ထားတာ။ တိုင်းပြည် မကာကွယ်ပဲနဲ့ လူတွေ့ပဲ သတ်နေရင်၊ အခု လူသတ်ယုံတင်မကဘူး။ ဘုန်းကြီးလည်း သတ်တာပဲ။ ဘာလို့သတ်သလဲ။ ကြောက်သွားရင်သူတို့ငြိမ်မယ်ဆိုတာ။ ၆၂ခုနှစ်က လူတွေဘာလို့ မငြိမ်သလဲ။ မတတ်နိုင်သေးလို့ ငြိမ်ရင်ငြိမ်မှာပေါ့။ နောက်လည်း အခြေအနေမပေးနဲ့လုပ်အုန်းမှာသေချာတယ်။ ဒါကြောင့်မင်းတို့သေနပ် အစုတ်ကို သိပ်ကြီးကျယ်တယ်မထင်နဲ့။ ဆိုဗီယက်မှာဘာဖြစ်သလဲ။ ဆိုဗီယက်မှာ နြူကလီးယားပိုင်ဆိုင်ထားတယ်။ ကမ္ဘာ့ရာဇဝင်မင်းတို့နားလည်မှာမဟုတ်ဘူး။ မင်းတို့စစ်သားက ကျကျနနပြောမှနားလည်မယ်ထင်တယ်။ အဲ့တော့ ပိုပေါ့အစိုးရ လောက်သတ်တဲ့ကောင်ဘယ်ရှိမှာလဲ။ မီလျံချီသတ်တယ်။ဘာဖြစ်လဲ။ ငါပြောတာမင်းတို့တွေကို မှိုချိုးမျှစ်ချိုး ပြောတာမဟုတ်ဘူး။ မေတ္တာနဲ့ပြောနေတာ။ မင်းတို့ အဲ့ဒါနားလည်ရင် မင်းတို့ ကိုယ်တိုင်လဲ သက်သာမယ်။ မင်းတို့ဒုက္ခပေးတဲ့သူတွေလဲသက်သာမယ်။ ဒါမြတ်စွာ ဘုရားက ဟောတယ်။ ဒုက္ခတရားဆိုတာက ကိုယ်တစ်ယောက်ထဲအကျိုးရှိတာမဟုတ်ဘူး။ ဒေါသကိုထိမ်းနိုင်ရင် နှစ်ဦးစလုံးအကျိုးရှိတယ်။ အဲ့ဒါမင်းတို့စဉ်းစားကြလို့ပြောလိုက်တယ်။ သန်းရွှေနဲ့ငါမပြောချင်ဘူး။ ပါးစပ်သနတယ်လို့ ပြောလိုက်တယ်။”

သံဃာ့ မဟာနာယက အဖွဲ့ကြီးထဲမှာလည်း အများစုက အမှန်တရာကို လိုလားထက်သန်ပေမယ့် ကြောက်ရွံ့မှုတွေကြောင့် မပြောရဲ မဆိုရဲဖြစ်နေရကြောင်း၊ ဒီအတွက် သံဃာ့မဟာနာယကကြီးကို အခုလို ပြောကြားသွားပါတယ်။

“သံဃာ့နာယက က အစိုးရခိုင်းတာကို အကုန်လုပ်တယ်။ ကြောက်လို့ မှန်ရာကို မလုပ်ရဲဘူးဆိုတော့ ဒီသာသနာမပျက်ရင် ဘယ်သာသနာပျက်မှာလဲ။”

ထိုင်းနိုင်ငံမှာ ဖွဲ့စည်းခဲ့တဲ့ သာသနာ့ဥသျှောင် ထိုင်းဌာနခွဲနဲ့ ပတ်သက်ပြီး မကြာခင်မှာ သတင်း ထုတ်ပြန်သွားမှာ ဖြစ်သလို လာမယ့် (၁၅)ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ တရပ်ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG