သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးအတွက် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို တွေ့ဆုံ တွန်းအားပေးမည်


မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ မဲခေါင်ဒေသ (၅)နိုင်ငံက နိုင်ငံခြားရေး
ဝန်ကြီးတွေဟာ အခု ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့တွေ့ဆုံခဲ့ကြပါတယ်၊ အဲဒီ တွေ့ဆုံပွဲ အပြင် နိုင်ငံအလိုက်လည်း တနိုင်ငံချင်းသီးခြားစီတွေ့ဆုံပွဲတွေလည်း တိုကျိုမှာရှိပါတယ် မနက်ဖန်ကျလို့ရှိရင်တော့ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီး ဦဉာဏ်ဝင်းနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မာရှိကို ကူမူရားMasahiko Koumura တို့ တွေ့ဆုံဖို့ရှိပါတယ်၊ အဲဒီခါကျလို့ရှိရင် မြန်မာပြည်မှာ ဒီမိုကရေစီပေါ်ပေါက်အောင်လုပ်ဖို့ ဂျပန်ဘက်က တိုက်တွန်း ပြောဆိုသွားမယ့် အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါနက ဗွီအိုအေကို အတည်ပြုပြောဆိုထားတာရှိပါတယ်၊ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဒေါ်လှလှသန်းက

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် မဲခေါင်ဒေသ (၅)နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မာရှိကို ကူမူရားMasahiko Koumura တို့ ဒီကနေ့ တွေ့ဆုံပွဲဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး ကဏ္ဍတွေကို ဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်၊ ဒါ့အပြင် စည်းဝေးပွဲအတွင်း မဲခေါင်ဒေသ(၄)နိုင်ငံတို့ကို အိုဒီအေအထောက်အကူ ယန်းကုဋေ (၆၀၀၀) ဖိုးပေးဖို့ ထုတ်ပြန် ကြေငြာဖို့ ရှိတယ်လို့ လည်း သိရပါတယ်၊ မနက်ဖန် ညနေပိုင်းမှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌါန ပြောခွင့်ရပုဂ္ဂိုလ် မစူအို ဆကာဘာက ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ နှစ်နိုင်ငံအကြားဆွေးနွေးရာမှာ ဒီမိုကရေစီ ဖေါ်ဆောင်မှု အကြောင်း အပြင် ဂျပန်သတင်းထောက် အသတ်ခံခဲ့ရတဲ့အကြောင်းလည်း မိနစ်(၃၀)ကြာဆွေးနွေးဖို့ရှိတယ်လို့ မစ္စတာ ဆာကာဘာက ပြောသွားတာဖြစ်ပါတယ်၊ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ မြန်မာ စစ်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အပြင် တခြားအတိုက်အခံခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ တိုက်တွန်းမှာလို့လည်း မစ္စတာ ဆာကာဘာကပြောပါတယ်၊ ”

“ ဒေါ်အောင်ဆန်းစုကြည်အပြင် တခြား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အခြေအတင် ဆွေးနွေးမှု စတင်ဖို့ ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန်တိုက်တွန်းမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖေါ်ဆောင်ရာမှာ လူတဦး၊ နှစ်ဦးနဲ့မပြီးပါဘူး၊ အုပ်စုအားလုံးပါဝင်ကြရမှာပါ၊ မြန်မာ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့အခြေအတင်ဆွေးနွေးမှုမှာ အတိုက်အခံ အင်အားစုတွေ ကိုလည်း ပါဝင်ဖို့လိုတာကို ကျနော်တို့ ထောက်ပြဖို့လိုတယ်လို့လည်း မစ္စတာ ဆာကာဘာက ပြောသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ဖေါ်ဆောင်ရေးအတွက် ခြေလှမ်းများယူဖို့နဲ့ အခြေအတင် ဆွေးနွေးမှုစတင်ဖို့ မြန်မာ အာဏာပိုင်တွေဘက်က သတ္တိရှိရှိနဲ့ ခြေလှမ်းယူပါဆိုတာကို ဂျပန် အစိုးရဘက်က ပြင်းပြင်းထန်ထန် ဖိအားပေးသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဌါန ပြောခွင့်ရက ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလက ရဟန်းရှင်လူတွေ ပါဝင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို မြန်မာအာဏာပိုင်တွေက သွေးထွက်သံယို ဖြိုခွင်းခဲ့ရာမှာ ဗွီဒီယိုရိုက်ရင်း ဂျပန်သတင်းထောက် ခန်းဂျိနာဂါးအိ မြန်မာစစ်အစိုးရရဲ့ စစ်သား တဦးရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့အမှုအကြောင်းလည်း ဆွေးနွေးဖို့ရှိတယ်လို့ မစ္စတာ ဆာကာဘာက ပြောပါတယ်၊”

“ အဲဒီကိစ္စနဲ့ပတ်သက်လို့ ထူးခြားတဲ့ဖြစ်ထွန်းမှုမရှိခဲ့တာကတော့ ဝမ်းနည်းစရာပါ၊ အသိမ်းခံထားရတဲ့ မစ္စတာခန်းဂျိနာဂါးအိရဲ့ ဗွီဒီယိုကင်မရာကိုပြန်ပေးဖို့နဲ့ အခင်းဖြစ်ရကြောင်းကို ဂျပန်အစိုးရက တောင်းဆိုခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေဘက်က ပေးခဲ့တဲ့ ဖြေရှင်း ချက်နဲ့ ပတ်သက်လို့ ကျနော်တို့ မကျေနပ်ခဲ့ပါဘူး။ ဒါကြောင့်မို့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို စုံစမ်းစစ်ဆေး ထားသမျှပြောဖို့အပြင် အထူးသဖြင့် ဗွီဒီယိုကင်မရာနဲ့ ပတ်သက်လို့ ကျနော်တို့လက်ထဲအပ်ဖို့ ဆက်ပြီး အလေးအနက် တောင်ဆိုသွားဖို့ရှိပါတယ်၊ ဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာစစ်အစိုးရဘက်က ကျနော် လက်ခံနိုင်လောက်တဲ့ ဖြေရှင်းချက်မျိုး မပေးသေးဘူလို့ မစ္စတာဆာကာဘာက ပြောသွားတာဖြစ်ပါတယ်၊ ”

ဂျပန် သတင်းထောက် မစ္စတာနာဂါးအိအသတ်ခံရမှုအတွက် ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ အထောက်အကူ တစိတ်တပိုင်းကို ဖြတ်တောက်ခဲ့ရာမှာ ဇန်နဝါရီလ (၁၄)ရက်နေ့က မြန်မာနိုင်ငံမှာ ခလေးနဲ့မိခင်များကျန်းမာရေးအတွက် ယူနီဆက် ကုလသမဂ္ဂ အစီအစဉ်အတွက် ဂျပန်အစိုးရက ဒေါ်လာ (၁ .၇၉) သန်းအထောက်အကူပေးမယ်လို့ ထုတ်ပြန် ကြေငြာခဲ့တယ် ဆိုတာတွေ့ရပါတယ်၊ အခုလို အထောက်အကူပေးရာမှာလည်း ကုလသမဂ္ဂ UNHCR နဲ့ WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အပြင် အသက်မွေးဝမ်းကျောင်းသင်တန်းပို့ချမှု အစီအစဉ်တွေ ပါဝင်တဲ့ လူသားချင်းစာနာမှု အထောက်အကူတွေကိုဘဲပေးနေတယ်လို့လည်း မစ္စတာ ဆာကာဘာက ရှင်းပြသွားပါတယ်၊

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မာရှိကို ကူမူရားMasahiko Koumura နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ အခုလိုတွေ့ဆုံဖို့စီစဉ်ထားနဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ ဂျပန်ကို အလည်အပတ်ရောက်ရှိနေတဲ့ အရှေ့အာရှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆဲလ်က မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံကို လမ်းမှားကို ဦးတည်ခေါ်ဆောင်နေတယ်ဆိုတာကို တရုတ်၊ အိန္ဒိယ၊ အာဆီယံ၊ ဂျပန်၊ အမေရိကန်၊ အီးယူအစရှိတဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းတရပ်လုံးက တစည်းတလုံးတည်း အသံထွက်ပြီး အသိပေးသင့်တဲ့အကြောင်း၊ အခုလိုလမ်းမှားတဲ့အတွက် မြန်မာလူထုသာမက ဒေသန္တရတခွင်လုံးလည်းထိခိုက်စေတဲ့အကြောင်း၊ အပြုသဘောဆောင်တဲ့ ဦးတည်ချက်လှမ်းဖို့ နိုင်ငံတကာက စေတနာထားတဲ့အကြောင်း မြန်မာစစ်အစိုးရကို အသိပေးဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ သူတွေ့ဆုံအပြီး မစ္စတာမာဆယ်က တိုကျိုမှာ မနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာကိုလည်း တွေ့ရပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG