သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီမရမချင်း မြန်မာနိုင်ငံကို အပျော်ခရီးမသွားဖို့ ဗြိတိန် အလုပ်သမားသမဂ္ဂတတိုက်တွန်း


မြန်မာနိုင်ငံမှာ ဒီမိုကရေစီမရသေးသရွေ့ ကမ္ဘာလှည့်ခရီးသည်တွေ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်တာတွေ မလုပ်ဖို့ လှုပ်ရှားမှု တခုကို ဗြိတိန်နိုင်ငံ အခြေစိုက် ခရီးသွားလုပ်ငန်း စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့တခုနဲ့ နိုင်ငံတကာ အလုပ်သမား လှုပ်ရှားမှု အဖွဲ့ တခုတို့ ပူးပေါင်းပြီး စတင်လိုက်ပါပြီ။ ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကို မသွားကြဖို့ လှုံ့ဆော်မှု တခု အနေနဲ့ ခရီးသွားလုပ်ငန်းတွေ ခရီးသွားလမ်းညွှန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတာတွေ ရပ်တန့်ဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှုပါ။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြထားပါတယ်။

ဗြိတိန်အခြေစိုက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း စောင့်ကြည့်လေ့လာနေတဲ့ Tourism Concern အဖွဲ့နဲ့ အလုပ်သမား သမဂ္ဂများ ကွန်ဂရက် TUC တို့ ပူးတွဲပြီး စတင်လိုက်တဲ့ ဒီလှုပ်ရှားမှုက မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွား စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ သူတို့လုပ်ငန်းတွေ ရပ်တန့်ကြဖို့နဲ့ ခရီးသွားလမ်းညွှန်စာအုပ် ထုတ်ဝေသူတွေကိုလည်း မြန်မာနိုင်ငံကို ခရီးသွားကြဖို့ တိုက်တွန်းမှုတွေ မလုပ်ဖို့ နှိုးဆော်လိုက်တာပါ။ ဒီလိုတိုက်တွန်းမှုတွေ လုပ်ရတာဟာ ဗြိတိန်နိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကို စိတ်ဝင်စားကြသူတွေ အနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို ပိုပြီး သဘောပေါက် နားလည်လာစေဖို့ ဖြစ်ပါတယ်လို့ Tourism Concern အဖွဲ့ ဒါရိုက်တာ ထရီရှာ ဘာနက်တ် (Tricia Barnett) က ပြောပါတယ်။

“မြန်မာပြည်သူတွေ ဘယ်လို လုပ်ကိုင်စားသောက်နေထိုင်နေရတယ်ဆိုတဲ့ အခြေအနေတွေကို ဗြိတိန်နိုင်ငံကလူတွေ သိစေချင်လို့ အခုလို တောင်းဆိုလိုက်ရတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ တချို့လူတွေက မြန်မာနိုင်ငံဟာ သူတို့ အားလပ်ရက်တွေအတွက် အပျော်သွားစရာ ကစားကွင်းတကွင်းလို သဘောထားနေကြလို့ပါ။ ဒါပေမဲ့ ကျမတို့ကတော့ ဒီလို မသွားခင် သေသေချာချာ စဉ်းစားစေချင်ပါတယ်။ မြန်မာစစ်အစိုးရဟာ ဘယ်လိုဆိုတာတွေကိုလည်း သိစေချင်ပါတယ်။”

မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်၊ အတိုက်အခံလှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေ ရှိနေတယ်။ ဒီအခြေအနေတွေဟာလည်း အပြောင်းအလဲမရှိ ဖြစ်ပျက်နေဆဲပဲလို့ Tourism Concern အဖွဲ့နဲ့ အလုပ်သမား သမဂ္ဂများ ကွန်ဂရက် TUC တို့က ပြောကြပါတယ်။ အခုနောက်ဆုံးမှာဆိုရင်လည်း မြန်မာစစ်အစိုးရက သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားမှုတွေကို နှိမ်နင်းခဲ့တာကြောင့်မို့ ဒါကို တုန့်ပြန်တဲ့ အနေနဲ့ လှုံ့ဆော်လှုပ်ရှားရတာ ဖြစ်တယ်လို့ ထရီရှာ ဘာနက်တ် က ဆိုပါတယ်။

“စက်တင်ဘာလတုန်းက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လှုပ်ရှားမှုကို တုန့်ပြန်ပြီး အခုလို လုပ်ဆောင်လိုက်တာပါ။ မြန်မာပြည်နဲ့ ပတ်သက်လို့ ရှေ့လျှောက် ဖြစ်ပျက်မှုတွေရှိရင်ရှိလာသလို တုန့်ပြန်ဆောင်ရွက်သွားဦးမှာပါ။ အခုလှုပ်ရှားမှုဟာလည်း အချိန်အတော်ကြာ လုပ်သွားဦးမှာပါ။ ဘာလို့လည်းဆိုတော့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ မြန်မာနိုင်ငံက သူတို့လုပ်ငန်းတွေ ရပ်ဆိုင်းထွက်ခွာဖို့ လူအများက လက်မှတ်ထိုး တိုက်တွန်းမှုတွေ လုပ်ဖို့တွေ ရှိနေသေးလို့ပါ။”

အရင့်အရင်တုန်းကလည်း အခုလို ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံမသွားဖို့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ရာမှာ နိုင်ငံခြား ခရီးသွားကုမ္ပဏီတွေ လမ်းညွှန်စာအုပ်ထုတ်ဝေသူတချို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပေမဲ့ နာမည်ကျော် Lonely Planet လို့ ခရီးသွားလမ်းညွှန် စာအုပ်တိုက်ကတော့ သူတို့ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လမ်းညွှန်စာအုပ်ထုတ်ဝေမှုတွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်တယ်လို့လည်း ထရီရှာ ဘာနတ်တ် က ဆိုပါတယ်။ ဒီအတွက် Lonely Planet ရဲ့ လန်ဒန်ရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့ စာအုပ်ထုတ်ဝေမှုဟာ မြန်မာနိုင်ငံကို ခရီးသွားကြဖို့ တိုက်တွန်းစေတယ်လို့ မယူဆကြောင်း အီးမေးလ် ကတဆင့် ဖြေကြားခဲ့ပါတယ်။ ဒီလမ်းညွှန်စာအုပ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေ၊ အတိုက်အခံ လှုပ်ရှားသူတွေရဲ့ သဘောထားတွေကို သိနိုင်ဖို့ အင်တာနက် ၀က်ဘ်ဆိုက် အချက်အလက်တွေလည်း ထည့်သွင်း ထားတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တကယ်တော့လည်း မြန်မာနိုင်ငံကို ခရီးသွားမှုတွေ မလုပ်ဖို့ အရေးယူ အပြစ်ပေးမှုတွေ လုပ်ဆောင်ဖို့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဒါဟာ အကျိုးထက် အပြစ်သာများတယ်၊ သာမာန်လူထုကိုသာ နစ်နာစေတယ်ဆိုပြီး ခရီးမသွားဖို့ လှုံ့ဆော်နေတာတွေကို ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ထရီရှာ ဘာနတ်တ် ကတော့ -

“ခရီးသွားတွေကို မသွားပါနဲ့လို့ ပြောတာဟာ တိုင်းပြည်ကို အထီးကျန်ဖြစ်အောင်လုပ်တာပဲလို့ တချို့က စောဒက တက်တာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း တကယ့် လက်တွေ့မှာတော့ ခရီးသွားတွေက တကယ်တမ်း အခြေအနေတွေ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ သဘောပေါက် သိနိုင်လောက်အောင် မြန်မာနိုင်ငံသားတွေနဲ့ ပြောဆိုနိုင်တဲ့ အခြေအနေမျိုး မရှိပါဘူး။ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီလိုလုပ်ရင် အန္တာရာယ် ရှိနိုင်တဲ့ အခြေအနေမို့ပါ။”

မကြာသေးခင်က သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့နောက် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုတွေနဲ့အတူ ခရီးသွားတာကို ဆန့်ကျင်လှုပ်ရှားမှုတွေလည်း ရှိလာတာကြောင့် ခရီးသွားသူတွေ လျှော့နည်းလာလို့ လေကြောင်းလိုင်း တချို့တောင် ရပ်ဆိုင်းခဲ့ရတာပါ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ ခွင့်ပြုစဉ်ကစလို့ အမေရိကန်ဒေါ်လာ သန်း တထောင်ကျော် ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှပ်နှံမှုတွေ ရှိခဲ့သလို ဒီလုပ်ငန်းက နှစ်စဉ်ဒေါ်လာ သန်း ၁၀၀ လောက် ၀င်ငွေရရှိနေတယ်လို့ တွက်ဆထားကြတာပါ။ ဒါပေမဲ့လည်း ဒီဝင်ငွေထဲက အများစုကို မြန်မာစစ်အစိုးရကသာ ရရှိခံစား နေတာလို့်လည်း Tourism Concern အဖွဲ့နဲ့ အလုပ်သမား သမဂ္ဂများ ကွန်ဂရက် TUC တို့က ပြောထားကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG