သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအလားအလာ သမ္မတ ဘုရှ် အကောင်းမြင်


အီဂျစ်သမ္မတ မူဘာရက်နဲ့ အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို သမ္မတ ဘုရှ်က ထောက်ခံရင်း အရှေ့အလယ်ပိုင်း သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။ အီဂျစ်နိုင်ငံ ပင်လယ်ကမ်းစပ်အနီး အပန်းဖြေ နားနေရာကနေပြီး နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ပြောကြားချက်ကို အိမ်ဖြူတော် သတင်းထောက် Paula Wilfson ကသတင်းပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

သမ္မတ ဘုရှ်ဟာ အရှေ့အလယ်ပိုင်း ခရီးစဉ်ကို အစ္စရေး နဲ့ စခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တရပ်ပေါ်ပေါက်အောင်အားပေးဖို့ ကြိုးစားခဲ့ပါတယ်။ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုခဲ့တဲ့ အာရပ်နှစ်နိုင်ငံရှိပါတယ်။ တနိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံမှာ သူရဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့တာပါ။

အစ္စရေးနဲ့ အီဂျစ်အစိုးရဆက်ဆံရေးက တင်းမာနေခဲ့ပါတယ်။ ပါလက်စတိုင်းနိုင်ငံတရပ်ထူထောင်ဖို့ အစ္စရေးနိုင်ငံရဲ့ အားထုတ်ချက်ကို သမ္မတ မူဘာရက်က ထောက်ခံပါတယ်။ စကားပြန်ကတဆင့် ပြောကြားရာမှာ နှစ်အကုန်မှာ သဘောတူညီချက်ရရှိရေးကို သမ္မတ မူဘာရက်က ထောက်ခံလိုက်ပါတယ်။

“အရှေ့အလယ်ပိုင်းမှာ အခြေအနေသစ်တရပ်ဖြစ်ဖို့နဲ့ အစ္စရေး ပါလက်စတိုင်း ပဋိပက္ခကို အဆုံးသတ်ဖို့ အားလုံး အကျုံးဝင်ပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အမေရိကန် နဲ့ နိုင်ငံတကာပါဝင်ပတ်သက်နေသူ အဖွဲ့တွေနဲ့ ကျွန်တော်တို့ လက်တွဲ ဆောင်ရွက်သွားဖို့ အဆင်သင့်ပါပဲလို့ သမ္မတ မူဘာရက်က ပြောဆိုသွားခဲ့ပါတယ်။

အီဂျစ်နိုင်ငံ Charm El-Sheikhစခန်းမှာ တိုင်ပင်ညှိနှိုင်းပြီး သတင်းထောက်တွေကို နှစ်ယောက်အတူ တွေ့ဆုံကြရာမှာ သမ္မတဘုရှ်က ငြိမ်းချမ်းရေး ဖြစ်ပေါ်နိုင်တာကို သူယုံကြည်ကြောင်း၊ ဒါပေမဲ့ တကယ်လို့ အာရပ်ခေါင်းဆောင်တွေက လှည့်ထွက်သွားမယ်ဆိုရင်တော့ ဖြစ်ပေါ်လာမှာ မဟုတ်ကြောင်း သတိပေးသွားခဲ့ပါတယ်။

“သဘောတူညီချက်ရရှိနိုင်တယ်လို့ ကျွန်တော်ကတော့ အကောင်းမြင်တယ်။ အကြောင်းကတော့ အစ္စရေး ခေါင်းဆောင်တွေရော၊ ပါလက်စတိုင်း ခေါင်းဆောင်တွေပါ နိုင်ငံနှစ်နိုင်ငံထားဖြေရှင်းပုံတွေကို ကတိကဝတ်ထားပြီး လက်ခံပြီးလို့ပါပဲ။ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေကလည်း ကူညီဖို့ ဆန္ဒရှိကြတာ ကျွန်တော်သိပါတယ်။”

သူဆက်လက်လုပ်ဆောင်မှာ သေချာကြောင်း ဒေသတွင်းက ပြည်သူတွေ စိတ်အေးချင်ပါတယ်လို့ သမ္မတ ဘုရှ်ကပြောပါသေးတယ်။

“အမေရိကန် သမ္မတက တခုခုပြောတဲ့အခါ ပြောတဲ့အတိုင်းလုပ်ပါတယ်။ ကျွန်တော်ပါဝင် ပတ်သက်လုပ်ဆောင်မယ်လို့ ပြောတဲ့အခါ ကျွန်တော်တကယ်လုပ်မှာလို့ ပြောနေတာဖြစ်တယ်။ သဘောတူညီချက်တရပ် ရနိုင်တယ်လို့ အကောင်းမြင်ကြောင်းကျွန်တော်ပြောနေတဲ့အခါ ပြောတဲ့အတိုင်း ကျွန်တော်က လုပ်မှာဖြစ်ပါတယ်။”

ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ သမ္မတ ဘုရှ်က ကတိကဝတ် ထပ်ပေးပါတယ်။ ရွေးကောက်ပွဲကို လယ်ဘနွန်က အားပေးဖို့အရေးကြီးတယ်လို့ သမ္မတ ဘုရှ်က ပြောပါတယ်။ ပေါ်လာမယ့် အစိုးရပုံစံအပေါ် နိုင်ငံရေး အုပ်စုအသီးသီးက အငြင်းပွားကြပြီး ရွေးကောက်ပွဲက မဖြစ်နိုင်ခဲ့ပါဘူး။ စီရီးယားနဲ့ အီရန်ကို ဝင်ရောက်စွက်ဖက်တာ ရပ်ကြဖို့ သမ္မတ ဘုရှ်က တောင်းဆိုလိုက်ပါတယ်။ သမ္မတ ဘုရှ် ခရီးစဉ်အပေါ် ဆန္ဒပြတာတွေ ဖြစ်ပါတယ်။ သတင်းစာအမျိုးမျိုးမှာ စိတ်ဆိုးမာန်ဆိုး ခေါင်းကြီးတွေ ရေးကြပါတယ်။ သမ္မတ ဘုရှ်က အဲဒီလို ကန့်ကွက်တာတွေဟာ အီဂျစ်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ပြသနေတာဖြစ်တယ်လို့ ပြောလိုက်ပြီး ပြုပြင်ပြောင်းလဲရေးတွေလည်း လုပ်ဖို့ အများကြီးလိုအပ်တယ်လို့ ရှင်းရှင်းဆိုလိုက်ပါတယ်။

ကျွန်တော်ရဲ့ မျှော်လင့်ချက်ကတော့ အီဂျစ်အစိုးရဟာ ဒီအရေးကြီးတဲ့ ခြေလှမ်းတွေအပေါ်မှာ ဆက်လက် တည်ဆောက်လိမ့်မယ်။ ဒီဂုဏ်ယူလောက်တဲ့ နိုင်ငံက ပြည်သူတွေ အနာဂတ်အရေးမှာ ပိုမိုပါဝင် ပြောဆိုခွင့်ပေးလိမ့်မယ်ုလိ့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီလို ငြိမ်းချမ်းရေးနဲ့ မျှတရေးကို ရောက်ရှိသွားပါလိမ့်မယ်။

သမ္မတ ဘုရှ်က ဆော်ဒီအာရေးဗီးယားကနေ အီဂျစ်ကကို သွားခဲ့တာပါ။ ရေနံဈေးတွေတတ်လို့ အမေရိကန်ရဲ့ စီးပွားရေးကို သက်ရောက်မှုရှိမှာကို ရတက်မအေးဖြစ်မိတဲ့ကြောင်း သူက ဆော်ဒီပြည်ကို ပြောခဲ့ပါသေးတယ်။ အဲဒီလို စကားစမြည်ပြောခဲ့ရတဲ့ အကျိုးဆက်အဖြစ် ရေနံထုတ်လုပ်ရေးနိုင်ငံတွေဟာ ကမ္ဘာ့ဈေးကွက်ကို ရေနံ ပိုမိုတင်ပို့ ကြလိမ့်မယ်လို့ သမ္မတက မျှော်လင့်တဲ့အကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Dana Perino က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG