သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် အရေးယူရေး အမေရိကန်နဲ့ တရုတ် အမြင်ချင်း ကွဲပြား


ဒီသတင်းပါတ်ထဲမှာ တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့တဲ့ အခါကျရင် ကုလသမဂ္ဂက အီရန်နိုင်ငံ အပေါ်မှာ ချမှတ်မယ့် အရေးယူမှု အသစ်တွေကို တရုတ်က ထောက်ခံပေးဖို့ တိုက်တွန်း သွားမယ်ဆိုပြီးတော့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျွန် နီဂရို ပွန်းတေ (John Negroponte) က ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ အားထုတ်မှုတွေကို အားပြိုင်ဖို့ အီရန်ဖက်ကလည်း အီရန် ထိပ်တန်း အရာရှိကြီးတွေကို တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းကို စေလွတ်ထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဒန်နီရယ် ရှာ့ဖ် ဘေဂျင်းမြို့ကနေ သတင်း ပေးပို့ထားတာကို ဦးရော်နီညိမ်း က တင်ပြ ပေးထားပါတယ်။

ဒီသတင်းပတ်ထဲ တရုတ်ခေါင်းဆောင်တွေနဲ့ မိမိနဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ အီရန် အပေါ် ချမှတ်မယ့် အရေးယူ ပိတ်ဆို့မှု အသစ်တွေကို တရုတ်က ထောက်ခံရေး မိမိ ကြိုးပမ်းမယ်လို့ ဘေဂျင်းမြို့တော်ကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျွန် နီဂရိုပွန်းတေ က ဒီကနေ့ သတင်းထောက်တွေကို ပြောကြား သွားတာပါ။ အီရန်ရဲ့ နျူကလီးယား ကိစ္စကို တရုတ်အစိုးရကို ရှင်းပြဖို့အတွက် အီရန်ရဲ့ နျူကလီးယားရေး ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးမှုးချုပ် စာဟက် ဂျာလီလီ ဟာလည်း ဒီကနေ့မှာပဲ ဘေဂျင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီရန်ဟာ နျူကလီးယား ထိပ်ဖူး ထုတ်လုပ်ရေး သုတေသန လုပ်ငန်းကို စွန့်လွတ်ခဲ့ပြီလို့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တစောင် မကြာသေးခင်က ထုတ်ပြန်ခဲ့တာကို မစ္စတာ နီဂရိုးပွန်တေး က အတည် ပြုခဲ့ပေမယ့်လည်း အီရန်ဟာ ဒီအစီအစဉ်ကို ပြန်လည် စတင်ဖွယ်ရာ ရှိတယ်လို့လည်း ဆိုပါတယ်။

ရပ်လိုက်တာပဲ ဖြစ်ဖြစ်၊ ပြန်စဖို့ လုပ်နေတာပဲ ဖြစ်ဖြစ်၊ အီရန်ဟာ နျူကလီးယား ဆိုင်ရာ ပစ္စည်း ပစ္စယတွေနဲ့ ဒုံးပျံတွေကိုတော့ ဆက်လက် ထုတ်လုပ်နေပြီး တနေ့မှာ နျူကလီးယား လက်နက် တခု ထုတ်လုပ် လာနိုင်တယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရင်က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို အီရန်က ပမာမခန့် လုပ်နေတာကြောင့် လုံခြုံရေးကောင်စီက ထပ်တိုး ဆုံးဖြတ်ချက်တွေ ချမှတ်ရေးက အရေးကြီးတယ်လို့ ကျနော်တို့ ထင်ပါတယ်။”

အီရန်ကလုပ်နေတဲ့ ယူရေနီယံ သန့်စင်ရေး လုပ်ငန်းကို ကုလသမဂ္ဂက ဆုံးဖြတ်ချက် ၂ ခု ချမှတ်ခဲ့ပြီး ပြစ်တင် ရှုတ်ချတာနဲ့ စီးပွားရေးဆိုင်ရာ အရေးယူ ပိတ်ဆို့တာတွေနဲ့ ဆောင်ရွက်တာတွေ ရှိနေပေမယ့်လည်း အီရန်ဟာ ယူရေနီယံ သန့်စင်တာကို ရပ်ဆိုင်းဖို့ ညင်းဆန်နေပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး အီရန်နဲ့ ဥရောပသမဂ္ဂ အီးယူတို့ရဲ့ အပေးအယူ စေ့စပ် ညှိနှိုင်းမှုတွေကလည်း အချိန် ကြာရှည်လာခဲ့ပြီ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ အကြံပေး တိုက်တွန်းချက်တွေကို ဆန့်ကျင်ပြီး မိမိတို့မှာ ငြိမ်းချမ်းစဉ် ကာလ လုပ်ငန်း ဆောင်တာတွေအတွက် နျူကလီးယား စွမ်းအင် ဖွံဖြိုး တိုးတက်ဖို့ လုပ်ပိုင်ခွင့် ရှိတယ်လို့ အီရန်က ပြောဆိုနေပြီး အီရန်မှာ နျူကလီးယား လက်နက်တွေ တည်ဆောက်ဖို့ အစီအစဉ် မရှိဘူးလို့ တွင်တွင် ကြွေးကြော်နေတာ ဖြစ်ပါတယ်။ လာမယ့် သတင်းပတ် ဂျမနီ နိုင်ငံ ဘာလင်မြို့တော်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ အိမ်ရှင် ဂျာမနီတို့က သံတမန်တွေဟာ အီရန်အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ချမှတ်ရေး အလားအလာနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အီရန်အပေါ် တတိယအချီအနေနဲ့ ပြင်းပြင်း ထန်ထန် ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ အမေရိကန်က တွန်းအားတွေ ပေးနေခဲ့ ပေမယ့်လည်း လုံခြုံရေး ကောင်စီထဲက ဗီတိုအာဏာ ပိုင်ရှင် တရုတ်နဲ့ ရုရှား ၂ နိုင်ငံကတော့ ဒီကိစ္စကို ထောက်ခံဖို့ စိတ်ပါ လက်ပါ မရှိခဲ့ကြပါဘူး။ တရုတ် နိုင်ငံခြားရေး ဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူ မစ္စ ချန်းယု (Jiang Yu) က ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်မှုကို ဒီကနေ့ပဲ အခုလို ထပ်ပြီး ပြောပြန်ပါတယ်။

“အီရန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ် ချမှတ်ထားတာတွေကို လေးစား လိုက်နာဖို့၊ နိုင်ငံတကာ မိသားစုနဲ့ ဆက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ ပျော့ပြောင်းတဲ့ သဘောထားတွေ ဆက်ပြီး ထားရှိဖို့တို့ကို တရုတ်နိုင်ငံက မျှော်လင့်တယ်” လို့ မစ္စ ချန်းယု က ပြောသွားတာပါ။

နိုင်ငံတကာ ပြဿနာတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန် အရာရှိကြီးတွေရဲ့ နှစ်စဉ် တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် နီဂရိုပွန်းတေ ဘေဂျင်းမြို့ကို ရောက်ရှိနေတာ ဖြစ်ပြီးတော့ ၂ နိုင်ငံ ဆွေးနွေးမှုတွေထဲမှာ ထိုင်ဝမ်က ကုလသမဂ္ဂအဖွဲ့ဝင် ပြန်လည် ဖြစ်ရေး ပြည်သူ့ဆန္ဒ ခံယူပွဲ ပြုလုပ်မှာကိုလည်း ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီကိစ္စကြောင့် ဒေသတွင်း တင်းမာမှုတွေ တိုးများ ကြီးထွား လာလိမ့်မယ်လို့ တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံ စလုံးက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG