အနာဂတ် တရုတ်-အိန္ဒိယဆက်ဆံရေး အတွက် စိန်ခေါ်မှုတွေထဲမှာ မြန်မာ့ အရေးဟာလည်း အဓိက ကျတဲ့ စိန်ခေါ် မှုတခုအဖြစ် ရှိနေလိမ့်မယ်လို့ အိန္ဒိယ ပညာရှင်တယောက်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီ ရေးအတွက် နိုင်ငံတကာရဲ့ ဆောင်ရွက်မှုတွေမှာ ဒဏ်ခတ် ပိတ်ဆို့တဲ့ မူကလည်း အလုပ်မဖြစ်၊ ဆက်ဆံရေး မူကလည်း အလုပ်မဖြစ်ဘဲ အခြေ အနေနဲ့ ပိုပြီးတော့ လိုက်လျော ညီထွေဖြစ်မယ့် ချဉ်းကပ်မှုမျိုးကို လုပ်ဆောင် သင့်တယ်လို့လည်း ဆိုပါတယ်။ အသေးစိတ်ကို ကိုကျော်ကျော်သိန်းက ဆက်ပြီး အစီရင်ခံပါ့မယ်။
တရုတ်နဲ့ အိန္ဒိယတို့ကြား နိုင်ငံရေးအရ ကွဲပြားမှုတွေထဲမှာ အဓိကပါဝင်နေတဲ့ ကိစ္စတခုကတော့ မြန်မာနိုင်ငံ ပါပဲလို့ ပြောခဲ့သူက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ မူဝါဒရေးရာ သုတေသနဌာန၊ မဟာဗျူဟာ လေ့လာရေး ဆိုင်ရာ ပါမောက္ခ တဦးဖြစ်သူ ဒေါက်တာ ဘရာမား ချယ်လာနီး (Brahma Challaney) ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော် က ဆာဆာကာဝါ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ဆွေးနွေး ပွဲတခုမှာ သူက အဲဒီလို ပြောသွားတာပါ။ ဆွေးနွေးပွဲရဲ့ ခေါင်းစဉ်ကိုတော့ တရုတ်-အိန္ဒိယ ပြိုင်ဆိုင်မှုနဲ့ ရှုပ်ထွေးပွေလီ မြန်မာပြည် လို့ ဆိုရပါမယ်။
ဆွေးနွေးပွဲမှာ တရုတ်နဲ့ အိန္ဒိယတို့ကြား သမိုင်းအစဉ်အဆက် ဆက်ဆံရေး အခြေအနေတွေကနေ နောင်လာမယ့် အနာဂတ်မှာ ရှိလာနိုင်မယ့် ဆက်ဆံရေး အခြေအနေတွေထိ ဆွေးနွေး ခဲ့ကြပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ တခုလုံးနီးပါးကို လွှမ်းမိုး ထားတာကတော့ မြန်မာ့အရေး ဖြစ်ခဲ့ပါတယ်။ အဓိက ဦးဆောင် ဆွေးနွေးသူဖြစ်တဲ့ ဒေါက်တာ ဘရာမား က အနာဂတ် တရုတ်-အိန္ဒိယ ဆက်ဆံ ရေးမှာ ရှိလာမယ့် စိန်ခေါ်မှု ခြောက်ချက်ကို ပြောသွားရာမှာ နံပါတ်ခြောက် စိန်ခေါ်မှုကတော့ မြန်မာပြည်ပါပဲတဲ့။
“နိုင်ငံရေးအရ ကွဲပြားခြားနားမှုက တရုတ်နဲ့ အိန္ဒိယကို ဆက်ပြီး ပိုင်းခြား ထားပါမယ်။ တရုတ်နဲ့ အိန္ဒိယတို့ကြား မဟာ ဗျူဟာအရ သဘော မတူညီမှုကို မီးမောင်း ထိုးပြနေတဲ့ အမှတ် သင်္ကေတပြု နိုင်ငံရေးကိစ္စ တခုကတော့ မြန်မာပြည်ပါပဲ။ တရုတ်နိုင်ငံ ထိုးထွက် လာတာကို အကာအရံတခု အဖြစ် အိန္ဒိယက မြန်မာနိုင်ငံကို တန်ဘိုးထားပါတယ်။” လို့ ဒေါက်တာ ဘရာမား က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အိန္ဒိယကလည်း သူ့နိုင်ငံ အကျိုးစီးပွားကို အဓိကထားပြီး ချဉ်းကပ်သလို တရုတ်ကလည်း အလားတူ ချဉ်းကပ်တာပါပဲ။ အိန္ဒိယအတွက် သူ့နိုင်ငံ အရှေ့ မြောက်ပိုင်း နယ်စပ် မြန်မာနိုင်ငံထဲမှာ အခြေစိုက်ပြီး သူ့ကို ဆန့်ကျင် တိုက်ခိုက် နေတဲ့ သူပုန်တွေ နှိမ်နင်းဖို့ မြန်မာနိုင်ငံရဲ့ အကူအညီဟာ အဓိက ကျပါတယ်။ အလားတူ တရုတ်ရော၊ အိန္ဒိယရော နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံက သဘာ၀ ဓာတ်ငွေ့တွေကို လိုချင်နေကြပြီး ရဖို့လည်း အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။ ဒါပေမယ့် ဒီပြိုင်ဆိုင်မှုမှာ ခုချိန်ထိတော့ အိန္ဒိယက အသာစီး ရတာ မရှိသေးဘဲ တရုတ်ကပဲ အိန္ဒိယပေါ်မှာ အသာစီး ရနေတာပါ။ ဒါ့အပြင် မြန်မာပြည် ပေါ်မှာ တရုတ်ရဲ့ စစ်ရေးအရ လွှမ်းမိုးမှုကိုလည်း အိန္ဒိယက စိုးရိမ်မှု ရှိတယ်လို့ ဒေါက်တာ ဘရာမား ကဆိုပါတယ်။
ဒီလို အချက်တွေကြောင့်လည်း မြန်မာ့အရေးမှာ တရုတ်တို့ အိန္ဒိယတို့ကို ချန်ထားလို့မရဘဲ သူတို့ပါ ပါဝင်နိုင်မယ့် ပိုပြီး ဟန်ချက် ညီတဲ့ ချဉ်းကပ်မှုကို သုံးဖို့လိုအပ်တယ်၊ ဒဏ်ခတ် ပိတ်ဆို့မှုချည်းပဲ ကလည်း အလုပ်မဖြစ်သလို ထိတွေ့ ဆက်ဆံမှု ချည်းပဲကလည်း အလုပ်မဖြစ်ဘူးလို့ ဒေါက်တာ ဘရာမား က သုံးသပ်တာပါ။
ဒီသုံးသပ်ချက်ပေါ်မှာ လုံးလုံး လျားလျား သဘောမတူနိုင်ဘဲ တစိတ်တပိုင်း စောဒက တက်ခဲ့ သူကတော့ အဓိက ဆွေးနွေးသူ တဦးဖြစ်တဲ့ မစ္စတာ ဒဲရက်က် မစ်ချဲလ် (Derek Mitchell) ပါ။ သူကတော့ CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနရဲ့ အာရှဆိုင်ရာ ညွှန်ကြား ရေးမှူးနဲ့ အကြီးတန်း သုတေသနမှူး အဖြစ် ဆောင်ရွက်နေသူပါ။
“ဒဏ်ခတ်ပိတ်ဆို့မှုဟာ မလုံလောက်ဘူး၊ အလုပ်မဖြစ်ဘူး၊ ဒဏ်ခတ် ပိတ်ဆို့မှု တခုတည်းနဲ့ အလုပ် မဖြစ်ဘူးဆိုတာနဲ့ ပတ်သက်ပြီး ဘရာမား ပြောသွားတာကို ကျနော် အပြည့်အ၀ သဘော မတူ နိုင်ပါဘူး။ ထိတွေ့ ဆက်ဆံရေးက အလုပ်မဖြစ်ဘူး ဆိုတာကို အရှေ့ အာရှမှာ သိပ်မကြား ဖူးပါဘူး။ စက်တင်ဘာ အောက်တိုဘာ လောက်မှာမှ စကြားလာရတာ ဖြစ်နိုင်ပါတယ်။ အရှေ့အာရှ၊ အိန္ဒိယပါ ထည့်မယ်ဆိုရင် တောင်အာရှမှာ ကြားရလေ့ ရှိတာက ဒဏ်ခတ်ပိတ်ဆို့တာ၊ အထီးကျန်ဖြစ်အောင် လုပ်တာ အလုပ် မဖြစ်ပါဘူး ဆိုတာပါ။ ဟုတ်ပါတယ်၊ ကျနော်တို့ တုန့်ပြန် တာကလည်း အပြုသဘော ဆက်ဆံရေးကလည်း အလုပ်မဖြစ်ဘူး၊ ဘယ်ဟာကမှ အလုပ်မဖြစ်ဘူး ဆိုတာပါ။” လို့ မစ္စတာ ဒဲရက်က်က ချေပပါတယ်။
ဒါပေမယ့် ဒေါက်တာ ဘရာမား ပြောသလို ဒီနှစ်ခုကို ပေါင်းစပ်ပြီး ပို ဟန်ချက် ညီညီ လုပ်ဆောင် တာဟာ မှန်ကန်တဲ့ ချဉ်းကပ်မှု၊ လိုအပ်တဲ့ ချဉ်းကပ်မှု ဖြစ်မယ်လို့ သူမြင်ပါတယ်လို့တော့ မစ္စတာ ဒဲရက် က ထောက်ခံပါတယ်။ အချိန်တော့ ယူရပါလိမ့်မယ်တဲ့။
ဒီနေရာမှာ သူက အမေရိကန်နဲ့ အိန္ဒိယကြား ပူးပေါင်းဆောင်ရွယ်မယ့်၊ အိန္ဒိယ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံ တို့ကြား ပူးပေါင်းဆောင် ရွက်မယ့်၊ ဒါ့အပြင် တခြား အရှေ့တောင် အာရှနိုင်ငံတွေပါ ပါဝင်ပြီး ပူးပေါင်း ဆောင်ရွက်မယ့် နယ်ပယ်တွေ ရှင်းရှင်း လင်းလင်း ဖြစ်အောင် လုပ်ဖို့ပါပဲလို့ ထောက်ပြ သွားပါတယ်။ သူကတော့ မြန်မာ့အရေးမှာ တရုတ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အများကြီး မျှော်လင့်မထားသူပါ။
ဆွေးနွေးပွဲမှာ တက်ရောက် လာသူတဦးက မြန်မာနိုင်ငံ ကိစ္စကို အိန္ဒိယလို တရုတ်လို အိမ်နီးခြင်း နိုင်ငံတွေက စိတ်ဝင်စားတာထက် အမေရိကန်လို အနောက်နိုင်ငံတွေက ဘာ့ကြောင့် ဒီလောက် အရေးတယူ ပြောဆို လုပ်ဆောင် နေရတာလဲလို့ မေးခဲ့ပါတယ်။
ဒီအမေးကို ဒဲရက်က်က အခုလို ဖြေကြားပါတယ် -
“မြန်မာပြည်ကို ဘာ့ကြောင့် စိတ်ဝင်စားလဲ မေးရင် ဒါဟာ အမေရိကန်ရဲ့ နောက်ခံသမိုင်းကြောင်း တခုလုံးနဲ့ ဆိုင်ပါတယ်။ ကျနော်တို့ဟာ လူ့အခွင့်အရေးကို အလေးထားပါတယ်၊ ဒီမိုကရေစီကို အလေးထားပါတယ်၊ ကျနော်တို့မှာ မတူတဲ့ တန်ဘိုးထားမှုတွေ ရှိပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီ ပေါ်မှာ အခြေခံ တည်ဆောက် ထားတာပါ။ ကျနော်တို့ ကိုယ်တိုင်ရဲ့ လုပ်ဆောင်မှုတွေ လုံး၀ ပြီး ပြည့်စုံတာမဟုတ်ပါဘူး၊ နိုင်ငံခြားရေးမူဝါဒ လုံး၀ ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ ဒါပေမယ့် တဘက်မှာလည်း နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်ရှိနေ၊ တဘက်မှာလည်း သံဃာတော်တွေကို သွေး အေးအေးနဲ့ လမ်းပေါ်မှာ ပစ်သတ်တာတွေဟာ အမေရိကန်ရဲ့ တုန့်ပြန်မှု ကိုဖြစ်စေတာပါပဲ။” လို့ ဒဲရက်က်က ဖြေခဲ့ပါတယ်။
ဒေါက်တာဘရာမာကတော့ -
“၁ အချက် မြန်မာဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး နိုင်ငံတခုဖြစ်ပါတယ်။ လူတွေက ဒါကို မေ့တတ်ကြပါတယ်။ ၂ အချက် သဘာ၀ သယံဇာတ အင်မတန် ပေါကြွယ်ဝလှတဲ့ နိုင်ငံဖြစ်ပါတယ်။ ၃ အချက် အရှေ့တောင် အာရှနဲ့ တောင်အာရှကြား ကုန်းပိုင်း ဆက်ထားတဲ့နေရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တကယ်လို့သာ ပုံမှန် နိုင်ငံတခု ဖြစ်မယ်ဆိုရင် စီးပွားရေး အလားအလာတွေနဲ့ အရှေ့ တောင်အာရှနဲ့ တောင်အာရှကို ဆက်သွယ်ပေးမယ့် နိုင်ငံရေး အလားအလာတွေကို တွေးကြည့် လိုက်ပါ။ ၄ အချက် ဆိုးရွားတဲ့ နိုင်ငံရေး အခြေအနေနဲ့ ပြည်တွင်း အက်ကွဲကြောင်းတွေ ရှိနေပေမယ့် မြန်မာနိုင်ငံဟာ ဒေသထဲမှာ အချမ်းသာ အကြွယ်ဝဆုံး နိုင်ငံ ဖြစ်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေမှန်တွေနဲ့ မဟာဗျူဟာမြောက် အရေးပါမှုတွေ အရ နိုင်ငံတကာရဲ့ အာရုံစိုက် ဂရုပြုမှု ရထိုက်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။