သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးတပ်ဖွဲ့အပေါ် ဝေဖန်ခဲ့မှု အမေရိကန်ကာကွယ်ရေးဝန်ကြီး ဖြေရှင်း


Los Angeles Times သတင်းစာနဲ့ မေးမြန်းခန်းတခုမှာ အာဖဂန် နစ္စတန်နိုင်ငံမှာ ရှိတဲ့ သောင်းကျန်း သူတွေကို နှိမ်နင်းရေး နေတိုး တပ်ဖွဲ့ဝင် တချို့ဟာ အဆင်သင့် မဖြစ်သေးတဲ့အတွက် အာဖဂန် တပ်ဖွဲ့တွေကို သင်တန်း ပေးဖို့လည်း မဖြစ်နိုင်သေးဘူးလို့ သူပြောခဲ့တဲ့ အညင်းပွားစရာ ကိစ္စ ပြေလည်စေဖို့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Robert Gates ကြိုးစား ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း ဗီအိုအေ သတင်းထောက် Al Passin ပင်တဂွန်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန် ထမ်းဆောင်နေကြတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံ တခုချင်းစီကို ဒီ သတင်းစာ ရှင်းလင်းပွဲရဲ့ အစမှာ ကာကွယ်ရေး ၀န်ကြီး ဂိတ်စ် က အထူးပြုပြီး ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

“United Kingdom၊ Canada၊ Netherlands၊ Australia၊ Denmark နဲ့ တခြား ညွန့်ပေါင်း တပ်ဖွဲ့ဝင် နိုင်ငံအားလုံး အနေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း လုပ်ဆောင် ပေးခဲ့ကြသလို အာဖဂန် နိုင်ငံထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင် လုပ်ဆောင်နေကြတယ်” လို့ ပြောသွားပါတယ်။

ဝန်ကြီး ဂိတ်စ် က အာဖဂန်နိုင်ငံမှာရှိတဲ့ ဘယ်နေတိုးတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်ကိုမှ မကျေနပ်၊ အားမရဘူးဆိုတာ မရှိဘူးလို့ ပြောဆိုခဲ့သလို လက်ရှိ ရင်ဆိုင်နေကြရတဲ့ ဆိုးရွားလှတဲ့ အခြေ အနေတွေ ကြားမှာ တာလီဘန် တပ်ဖွဲ့တွေ နောက်ကြောင်းပြန်လှည့် ပြေးရတဲ့အထိ နေတိုး တပ်ဖွဲ့တွေက စွမ်းဆောင် နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ညွန့်ပေါင်းတပ်ဖွဲ့တွေ့နဲ့ မဟာမိတ် အဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်မှုကြောင့် တာလီဘန် တပ်ဖွဲ့တွေ အနေနဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေ မရှိတော့သလောက် အထိ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။ တကယ်တော့ ရန်သူဖက်က အသေခံဗုံး ဖောက်ခွဲမှုတွေ လောက်သာ လုပ်ဆောင် လာနိုင်တော့ တာဟာ ၂၀၀၇ ခုနှစ်အတွင်း ရန်သူအနေနဲ့ သမရိုးကျ စစ်ပွဲတွေကို မဆင်နွဲ နိုင်တော့လို့သာ ဖြစ်ပါတယ်။” လို့ ၀န်ကြီး ဂိတ်စ် က ပြောသွားပါတယ်။

တကယ်တော့ ၀န်ကြီး ဂိတ်စ် ဟာ Los Angeles Times သတင်းစာမှာ သူပြောခဲ့တဲ့ စကားတချို့ ဖြစ်တဲ့ အာဖဂန်မှာ ရှိတဲ့ နေတိုးတပ်ဖွဲ့ဝင် အကြံပေး အရာရှိတွေဟာ စနစ်တကျ သင်တန်း မယူထားတဲ့အပြင် သောင်းကျန်းသူ တိုက်ဖျက်ရေး စစ်ဆင်ရေး ကိုလည်း ဘယ်လို လုပ်ဆောင် ရမယ်ဆိုတာ ဂဃနဏ မသိတဲ့အတွက် စိုးရိမ် ပူပန်မိတယ်လို့ ပြောဆိုခဲ့တာကို ပြန်လည် ချေပဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

စစ်အေးတိုက်ပွဲ ခေတ်ကို အခြေခံထားတဲ့ နေတိုးတပ်ဖွဲ့ဝင်တွေ အနေနဲ့ သောင်းကျန်းသူ တိုက်ဖျက်ရေး လုပ်ငန်း ဆိုင်ရာ သင်တန်းတွေ ပြန်တက်ဖို့ လိုတယ်လို့ သူ့အနေနဲ့ ရည်ညွန်း ပြောခဲ့တာဖြစ်ကြောင်း မစ္စတာ ဂိတ်စ် က ပြောပါတယ်။ တချို့နိုင်ငံတွေ အနေနဲ့ ပြန်လည် မွမ်းမံရေး သင်တန်းတွေကို လုပ်ဆောင် နေကြပြီး အောင်မြင်မှုလည်း အတန်အသင့် ရနေပြီ ဖြစ်ပေမယ့် အာဖဂန် တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးဖို့ မစေလွတ်ခင်မှာ သောင်းကျန်းသူ တိုက်ဖျက်ရေး ဆိုင်ရာ သင်တန်းတွေ ပေးစေလိုတယ်လို့ သူက ပြောပါတယ်။

“ကျနော့်အနေနဲ့ ဘယ်နိုင်ငံကိုမှ ဥပမာပေးပြီး ပြောနေတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဒေသတွင်း စစ်ခေါင်းဆောင်တွေ အနေနဲ့ သောင်းကျန်းသူ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အောင်မြင်မှု ရရှိ နေတယ် ဆိုတာကို ကျနော့်အနေနဲ့ ထောက်ပြခဲ့ခြင်း ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

အာဖ၈န်မှာရှိတဲ့ နေတိုးတပ်ဖွဲ့ဝင်တွေကို ကူညီဖို့နဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို သင်တန်း ပေးဖို့ အမေရိကန် တပ်ဖွဲ့အင်အား ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် မရိန်း တပ်ဖွဲ့အင်အား ၃,၂၀၀ တိုးမြင့် သွားမယ်လို့ အမေရိကန် ပြည်ထောင်စုက အင်္ဂါနေ့က ကြေငြာခဲ့ပါတယ်။ အဲဒီလို အမေရိကန် ပြည်ထောင်စုက တပ်ဖွဲ့အင်အား တိုးမြင့်ပြီးတဲ့ အပြင် နေတိုး စစ်ခေါင်းဆောင်တွေက လိုအပ်တယ်လို့ ပြောဆိုနေတာထက် အင်အား ၃ ထောင် လျော့နေပါသေးတယ်။ ဒါပေမယ့် အခု ထပ်ပို့မယ့် မရိန်းတပ်ဖွဲ့ဝင်တွေ အနေနဲ့ အတော်လေး အထောက်အကူ ဖြစ်စေမယ်လို့ ၀န်ကြီး ဂိတ်စ် က ပြောပါတယ်။

သတင်းစာမှာ သူပြောခဲ့တဲ့ အပေါ် ဥရောပတိုက်က အရာရှိတွေ ဝေဖန် ပြောဆိုတဲ့ အပေါ်မှာတော့ “စစ်ဖြစ်နေတဲ့ ကာလအတွင်း ညွန့်ပေါင်းတပ်ဖွဲ့ အနေနဲ့ ပင်ပန်း ဆင်းရဲမှုတွေ၊ စိတ်သောက ရောက်မှု တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီ ပြဿနာတွေကို နေတိုး တပ်ဖွဲ့အနေနဲ့ ကျော်လွှားပြီး ညီညီ ညွတ်ညွတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံ လွတ်မြောက် လုံခြုံအောင် လုပ်ဆောင် ပေးရမယ်လို့ ပြောကြား သွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG