သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေး


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲဖို့ နှေးကွေးလွန်းနေတယ်၊ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ (Ibrahim Gambari) မြန်မာနိုင်ငံကို စောစော သွားရောက် သင့်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြောကြား သွားပါတယ်။ ဒီအကြောင်း ဗီအိုအေ သတင်းထောက် မာဂရက် ဘက်ရှီး (Magaret Besheer) သတင်း ပေးပို့ထားတာကို ထည့်သွင်းပြီး မအေးသန္တာကျော် က တင်ပြပေးထားပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေရဲ့ သဘောထား ဘယ်လိုရှိလဲ၊ ရှေ့ဆက်ပြီးတော့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ ကိစ္စမှာ အကြံဉာဏ် ရယူဖို့အတွက် ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ က ပြောပါတယ်။ ဆွေးနွေးပွဲ အပြီးမှာတော့ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ ကြေငြာချက် တစောင် ထုတ်ပြန် ခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ ကြေငြာချက်ကို လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဂီယာဒါလာ အက်တာလ်ဟီ (Giadalla Ettalhi) က ဖတ်ကြားသွားတဲ့ ကြေငြာချက် ထဲမှာတော့ -

“မနှစ်က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ပါရှိတဲ့ ပြဌာန်း ချက်တွေကို မြန်မာနိုင်ငံ အနေနဲ့ ပြည့်မှီအောင် ဆောင်ရွက်ရမယ့် နေရာမှာ နှေးကွေးနေတဲ့အတွက် လုံခြုံရေး ကောင်စီ အနေနဲ့ စိတ်ပျက်မိပါကြောင်း” ပြောထားပါတယ်။

ပြီးတော့ -

“လုံခြုံရေး ကောင်စီအနေနဲ့ မစ္စတာ အီဘရာဟမ် ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံ အရေး ကြိုးပမ်းမှုတွေကို အပြည့်အ၀ ထောက်ခံပါတယ်။ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို လာဖို့ စစ်အစိုးရက ဖိတ်ခေါ်ထားတဲ့ ဧပြီလထက် စောပြီးတော့ သွားရောက် သင့်ပါတယ်” လို့ ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

မနှစ်က လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ပြဌာန်းချက်တွေထဲမှာ ဒီမိုကရေစီ ပြုပြင်ရေး လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေး အပြည့်အဝရှိအောင် ဆောင်ရွက်ဖို့၊ အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေတာကို အဆုံးသတ်ပြီးတော့ တိုင်းရင်းသား လူမျိုးစုတွေ အပေါ်မှာ ဖိနှိပ်တာတွေ ရပ်တန့်ဖြစ်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

ဒီလို မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ အောင်မြင်မှု ရဖို့ဆိုရင် လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိုပြီးတော့ ဖိအား ပေးသင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇာလ်မေး ခါလီဇတ် (Zalmay Khalilzadက ပြောပါတယ်။

“တဖက်ကလည်း မစ္စတာ ဂမ်ဘာရီ ကတဆင့် ဆွေးနွေး ပြောဆိုတဲ့နည်းလမ်းကို သုံးသလို တခြား တဖက်ကလည်း ဖိအား ပေးတာမျိုး လုပ်ဆောင်ရပါမယ်။ လိုအပ်တဲ့ နေရာမှာ လိုသလောက် ဖိအားပေးတာမျိုး လုပ်ဆောင်တာဟာ လုံခြုံရေး ကောင်စီ အသုံးပြုသင့်တဲ့ နည်းလမ်းပါပဲ။”

တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ အာဆီယံ နိုင်ငံတွေလို မြန်မာနိုင်ငံအပေါ်မှာ သြဇာညောင်းတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ပိုပြီး တိုးတက်မှုတွေ ရရှိဖို့ တိုက်တွန်းပေးရမယ်၊ မစ္စတာ ဂမ်ဘာရီရဲ့ ကြိုးပမ်းမှု တွေမှာလည်း ပါဝင် ကူညီရမယ်လို့ မစ္စတာ ခါလီဇတ် က ပြောသွားပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ မနှစ်က စက်တင်ဘာလမှာ ဆန္ဒပြ ပြည်သူတွေကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံကို ၂ ခေါက် သွားရောက်ခဲ့ပြီးပါပြီ။ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို နောက်တခေါက် သွားရောက်တာဟာ အထောက်အကူ ဖြစ်စေမယ်လို့ လုံခြုံရေးကောင်စီက မနေ့က ထည့်ပြောသွားပါတယ်။ ဒါပေမယ့် ဒီလို နောက်တခေါက် သွားရောက်ဖို့ကိစ္စမှာ ပြဿနာ ရှိတယ်လို့ မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။

“ဒီလအတွင်း မြန်မာနိုင်ငံကို လာနိုင်ဖို့ ကျနော် တောင်းဆိုထားပါတယ်။ ဒါပေမယ့် မြန်မာ အစိုးရဖက်က ဒီအချိန်ဟာ အဆင် မပြေပါဘူး၊ ဧပြီလလယ်မှ လာပါလို့ ပြန်ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ဒါဟာ လက်ခံစရာ မရှိပါဘူးလို့ ပြောပါတယ်။ ကျနော်လည်း ဒါကို သဘောတူပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကို ပိုစောစော သွားနိုင်အောင် ကျနော်တို့ ညှိနှိုင်း နေပါတယ်။”

မြန်မာနိုင်ငံအရေး ဆွေးနွေးရမယ့် ကိစ္စရပ်တွေ အများကြီး ကျန်သေးတာမို့ မြန်မြန် ပြန်သွားနိုင်လေ ကောင်းလေပဲလို့ မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။ သူ့ရဲ့ ဒီလို မြန်မာနိုင်ငံ အရေး ကြိုးပမ်းချက်တွေကို ဒေသတွင်း နိုင်ငံတွေက ထောက်ခံကြကြောင်း ထုတ်ဖော် ပြောဆိုမှုတွေတော့ ရှိပါတယ်။ ဒါပေမယ့် ပြောသလို လက်တွေ့မှာပါ ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ အားလုံးအနေနဲ့ လက်ရှိ လုပ်ဆောင်ပေးနေတာထက် ပိုလုပ်ပေးနိုင်တာတွေ ရှိပါတယ်လို့ မစ္စတာ ဂမ်ဘာရီ က ဆိုပါတယ်။

မြန်မာနိုင်ငံမှာက ၂၀၀၇ ခုနှစ် သြဂုတ်လမှာ အစိုးရက လောင်စာဆီ ဈေးတွေကို အဆမတန် မြင့်တင်လိုက်ပြီးနောက် လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး စစ်အစိုးရကလည်း ဒါကို အင်အားသုံး နှိမ်နင်းခဲ့တာပါ။ နှိမ်နင်းမှုတွေအတွင်းမှ သေဆုံးသူ ၁၀ ဦး ရှိခဲ့ပါတယ်၊ လူ ထောင်ကျော်ကိုတော့ ဖမ်းဆီးခဲ့ပါတယ်လို့ စစ်အစိုးရက ပြောပေမယ့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ သေဆုံးသူ အရေအတွက် အများကြီး ပိုများတယ်လို့ ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG