သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ်ဟောင်းပါတီ ဖျက်သိမ်းရန် ထိုင်းတရားရုံးချုပ် ပယ်ချ


၂၀၀၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှီနဝဒ် (Thaksin Shinawatra)

ကို ထောက်ခံ လိုလားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီကို ဖျက်သိမ်းစေဖို့ တင်ထားတဲ့အမှုကို ထိုင်းတရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။

အခုလို တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မစ္စတာ တက်ဆင် ထိုင်းကို ပြန်ရောက်လာစေဖို့ နောက်ခြေလှမ်း တစ်လှမ်း ဖြစ်စေတယ်လို့ သုံးသပ်သူတွေက ပြောနေပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ကနေ Luis Ramirez ရေးသားပေးပို့ထားတာကို ဦးသားညွှန့်ဦးက တင်ပြထားပါတယ်။

နိုင်ငံရေးလုပ်ခွင့်ကနေ တားမြစ်ခံထားရတဲ့ မစ္စတာ တက်ဆင်ရဲ့ ကိုယ်စား သဘောမျိုးနဲ့ မစ္စတာ တက်ဆင်ကို ထောက်ခံလိုလားသူတွေဟာ ပြီးခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲအတွင်းမှာ မဲကလိမ်ကျမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့အမှုကို ထိုင်းတရားရုံးချုပ်က ပလပ် လိုက်ပါတယ်။

အခုလို တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် မစ္စတာ တက်ဆင်ကို ထိုင်းနိုင်ငံရေးကနေ ဖယ်ထုတ်ဖို့ သူ့အတိုက်အခံတွေရဲ့ ကြိုးပမ်းမှုတွေဟာ မအောင်မြင်ဘူးဆိုတာ နောက်တစ်ကြိမ် မြင်တွေ့ရတာပါ။

၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မစ္စတာ တက်ဆင်ရဲ့ ထိုင်းရက်ထိုင်း (Thai Rak Thai) ပါတီကို အာဏာသိမ်း စစ်တပ်အစိုးရက ဖျက်သိမ်းလိုက်ပြီးတဲ့ နောက်တော့ ထိုင်းရက်ထိုင်း ပါတီဝင်အများစုဟာ ပီပီပီ (People Power Party) ပါတီ ပြည်သူ့အာဏာပါတီ ဆိုတာကို ဖွဲ့စည်းခဲ့ပြီး အခု ပြီးခဲ့တဲ့လ ရွေးကောက်ပွဲအတွင်းမှာတော့ အဲဒီ ပီပီပီ ပါတီက နေရာအတော်များများ အနိုင်ရခဲ့ပါတယ်။ အခုဆိုရင်တော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ ပီပီပီ ပါတီအနေနဲ့ အခုလာမယ့် စနေနေ့မှာ အစိုးရသစ်ဖွဲ့ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။

ပီပီပီ ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် လျာထားတဲ့ ဆမတ် ဆန်ဒရာဗက်ဂျ် (Samak Sundaravej) အပါအဝင် ပီပီပီ ထောက်ခံသူတွေနဲ့ ပီပီပီ ပါတီ တာဝန်ရှိသူတွေဟာ မစ္စတာ တက်ဆင် ထိုင်းနိုင်ငံကို ပြန်လာဖို့ လိုလားသူတွေ ဖြစ်ပါတယ်။ မစ္စတာ တက်ဆင်ဟာ အခုအခါမှာတော့ ဟောင်ကောင်ကနေ ထိုင်းနိုင်ငံ နိုင်ငံရေး ဖြစ်ထွန်းမှုတွေကို အကဲခတ် လေ့လာနေပါတယ်။

အခု ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေး မလုပ်ဖို့ တားမြစ် ပိတ်ဆို့ခံထားရတဲ့ နိုင်ငံရေးသမားတွေ ကိုယ်စား ပြန်လည် ဝင်ရောက် အရွေးခံတာမျိုးကို တားမြစ်ထားလေတော့ မစ္စတာတက်ဆင် ကို အတိုက်အခံ လုပ်သူတွေကလည်း အခု ပီပီပီကို တရားစွဲတဲ့နေရာမှာ ဒီအချက်ကို ကိုင်သုံးခဲ့ကြပါတယ်။ ချုလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ တစ်တန်နီ ဖုန်ဆုဟီရက် (Thitinan Pongsudhirak) ကတော့ အခု တရားရုံးချုပ်အနေနဲ့ ထိုင်းနိုင်ငံရေးကို ပိုပြီး ရှုတ်ထွေးစေမယ့် ဆန္ဒပြမှုတွေ ဖြစ်မလာဖို့ တရားဥပဒေကို ထိန်းသိမ်းရမယ့် တာဝန်ကိုလည်း ကြည့်ရသေးတယ်လို့ ပြောပါတယ်။

“အခြားတစ်ဖက်မှာ တရားဥပဒေက ရှိသေးတယ်လေ။ အတော်များများကတော့ ပီပီပီ ပါတီနဲ့ သူ့ခေါင်းဆောင် ဆမတ်တို့ကို မစ္စတာ တက်ဆင်ရဲ့ ကိုယ်ပွားတွေလို့ မြင်ထားကြတယ်လို့ ထင်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဒီပါတီကို ဖျက်သိမ်းဖို့ အခြေအနေ ရောက်လာရင်တော့ ထိုင်းနိုင်ငံရေးမှာ ပိုလို့ ရှုတ်ရှုတ်ထွေးထွေး ဖြစ်လာစရာတွေ ရှိပါတယ်။”

အခု သောကြောနေ့ နောက်ထပ် တရားရုံး ဆုံးဖြတ်ချက်မှာတော့ ပီပီပီ ပါတီက အများစု အနိုင်ရခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက် ရွေးကောက်ပွဲ ရလဒ်အချို့ကို ပယ်ဖျက်ပေးဖို့ တင်ပြထားတာကို ပယ်ချလိုက်တာပါ။

မစ္စတာတက်ဆင်ကို အတိုက်အခံ လုပ်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုကတော့ အဆုံးမသတ်နိုင်အောင်ပါပဲ။ ၂၀၀၆ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး မစ္စတာ တက်ဆင်ရဲ့ ထိုင်းရက်ထိုင်းပါတီကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီနောက် မစ္စတာ တက်ဆင်နဲ့ သူ့ဇနီးဖြစ်သူတို့ကို အဂတိ လိုက်စားမှုတွေနဲ့ စွဲချက်တင် ထားပါတယ်။ မစ္စတာတက်ဆင် ကိုယ်တိုင်လည်း ပြည်ပမှာ ခုံလှုံနေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲမှာ မစ္စတာတက်ဆင်ကို ထောက်ခံသူတွေ အခိုင်အမာ ထောက်ခံမှုအပြည့် ရှိထားတယ် ဆိုတဲ့ အချက်ရယ်၊ အခု တရားရုံးချုပ် ဆုံးဖြတ်ချက်တွေရယ်ကြောင့် တက်ဆင်ရဲ့ အခန်း ပြန်လာပြီလို့ ဆိုရမှာပါ။

သူ့ကို အတိုက်အခံပြုသူ အများစုကတော့ စစ်တပ်ထဲမှာဖြစ်ပြီး အခြား မြို့ပြ လူလတ်တန်းစားတွေနဲ့ အထက်တန်းလွှာတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် မစ္စတာတက်ဆင်ဟာ ထိုင်းဘုရင်ကိုလည်း လေးစားသမှု မရှိဘူးလို့လည်း စွပ်စွဲခံထားရပါတယ်။

မစ္စတာတက်ဆင်ကို လိုလားသူ အများစုကတော့ ဆင်းရဲသားတွေပါ။ ဆင်းရဲသားတွေအပေါ် သူရဲ့ စွဲဆောင်နိုင်တဲ့ ရွေးကောက်ပွဲ စည်းရုံးမှုတွေကြောင့် ဆင်းရဲသားအများစုက မစ္စတာတက်ဆင်ကို လိုလားပါတယ်။

ထိုင်းနိုင်ငံဟာ စီးပွားရေး တိုးတက်မှုတွေ ရှိနေတယ်ဆိုပေမယ်လို့ ထိုင်းလူမျိုး အတော်များများကတော့ ဆင်းဆင်းရဲရဲ နေထိုင်နေကြရတာပါ။ ဒါကြောင့် ထိုင်းနိုင်ငံတွင်းက ဆင်းရဲချမ်းသာ ကွာဟချက်ကို အသုံးပြုပြီး စည်းရုံးမှုတွေ လုပ်ခဲ့တဲ့ မစ္စတာတက်ဆင်ကို ဆင်းရဲသားတွေ အကြိုက်များမှုဟာ ခုလည်းပဲ ရှိနေဆဲပါလို့ ပါမောက္ခ တစ်တီနန်က ပြောပါတယ်။

“နယ်စွန်နယ်ဖျားကရော ဘန်ကောက်မြို့ကပါ ဆင်းရဲသားတွေက သူ့ကို ကြိုက်ပါတယ်။ ဒါဟာ သူရဲ့ အောင်မြင်မှုအကြောင်းပါ။ ဒီအောင်မြင်ခဲ့တာတွေကြောင့်ပဲ သူဟာ ထုသားပေသားကျအောင် နေနိုင်သလို ပီပီပီ ပါတီလည်း အရှည်သဖြင့် ရှိပြီး လူကြိုက်များလာတာပါ။ ဒါကြောင့် မစ္စတာတက်ဆင်ကို နိုင်ငံရေးမှာ အဆုံးသတ်အောင် လုပ်လို့မရပါဘူး။”

အခု သောကြောနေ့ တရားရုံးချုပ် ဆုံးဖြတ်ချက်အရဆိုရင် မစ္စတာတက်ဆင်ကို ထောက်ခံလိုလားသူတွေ ဦးဆောင်ပြီး ပီပီပီ ပါတီအနေနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့ခွင့် ရသွားပါပြီ။ လာမယ့် စနေနေ့မှာတော့ ၆ ပါတီပါ ညွန့်ပေါင်းအစိုးရ အဖွဲ့စာရင်းကို ကြေညာဖို့ အစီအစဉ်ရှိတယ်လို့ ပီပီပီ ပါတီ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG