သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက်အပေါ် အဲန်အယ်လ်ဒီ တုံ့ပြန်


မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ကြားဝင်ဖြန်ဖြေရေး ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို ဧပြီလကျမှ မြန်မာပြည်ကို လာရောက်ခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရက အကြောင်းပြန်လိုက်အပြီး ရန်ကုန်မြို့မှာရှိတဲ့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြန်မာစစ်အစိုးရဟာ နိုင်ငံတကာက တောင်းဆိုနေတဲ့ အမျိုးသားပြန်လည် ရင်ကြားစေရေး လုပ်ငန်းစဉ်ကို စိတ်ကောင်း စေတနာကောင်းနဲ့ ဆောင်ရွက်နေပါတယ် ဆိုတာ ပေါ်လွင်အောင် မပြနိုင်သေးဘူးလို့ ဝေဖန်လိုက်ပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ အဲန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ပေးဖို့ စတာတွေကိုလည်း ဒီကနေ့ ထုတ်ပြန်တဲ့ အဲန်အယ်လ်ဒီ ကြေညာချက်မှာ ထပ်မံ တောင်းဆိုထားပါတယ်။ ဒီအကြောင်းကို ဒေါ်လှလှသန်းက ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလက ရဟန်းရှင်လူတွေ ဆန္ဒပြမှုကို အာဏာပိုင်တွေက အကြမ်းဖက်နှိပ်ကွက်ခဲ့အပြီး လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ မြန်မာစစ်အစိုးရကို အုပ်စုအားလုံးပါဝင်တဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖော်ဆောင်ဖို့၊ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးပြီး ဆန္ဒပြမှုဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းတွေဖြစ်တဲ့ စီးပွားရေး ချွတ်ခြုံကျမှု အခြေအနေ ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့ စသဖြင့် တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်တွန်းချက်တွေကို ဖော်ဆောင်ရာမှာ ကုလသမဂ္ဂက ဦးဆောင်ပြီး နိုင်ငံတကာက အကူအညီပေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း ကမ်းလှမ်းခဲ့ပေမယ့် ပြီးခဲ့တဲ့ လေးလအတွင်း လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင် မြန်မာစစ်အစိုးရဖက်က ဖော်ဆောင်တာ မတွေ့ရသေးတဲ့အပြင် ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို ဦးစီးဆောင်ရွက်ပေးနေတဲ့ မစ္စတာ ဂမ်ဘာရီ လည်း လောလောဆယ် မြန်မာနိုင်ငံကို သွားရောက်ခွင့်မရသလို နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့အကြား လေးကြိမ်မြောက် တွေ့ဆုံခဲ့ပေမယ့် ဖြစ်ထွန်းတိုးတက်မှုတွေအကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိတဲ့အတွက် တွေ့တယ်ဆိုတာလောက်ပဲ နိုင်ငံတကာက သိကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို အခြေအနေမျိုးအောက်မှာ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကြေညာချက်မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဟာ အရေးကြီးတဲ့အကြောင်း ဖော်ပြထားပြီး အတိတ်ရဲ့ သင်္ခန်းစာကို ယူကာ လူထုအကျိုးအတွက် ဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ရဲ့ ကြေညာချက်သည် ကျနော်တို့ လက်ရှိ မြန်မာနိုင်ငံ အစိုးရဖက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တစုံတရာ တိုးတက်မှု မပြတဲ့အတွက် ကျနော်တို့ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ ပိုမိုပြီးတော့ ထင်ရှားအောင်နဲ့ လိုအပ်ချက်တွေကို သိသာအောင် ကျနော်တို့ တုံ့ပြန်ခြင်း ဖြစ်ပါတယ်။”

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂမ်ဘာရီနဲ့ နောက်ဆုံး တွေ့တဲ့အချိန်မှာ ကြေညာချက်ပေးလိုက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။ အထူးသဖြင့် စစ်မှန်ပြီးတော့ Time bound ပေါ့နော်၊ အချိန် အကန့်အသတ် ရှိရမယ်ဆိုတော့ အခုအနေအထားမှာကတော့ ဧပြီလလယ်မှာ မစ္စတာ ဂမ်ဘာရီက လာဖို့ အလားအလာ ဖြစ်နေတယ်လေ။ ဆိုတော့ အခု လက်ရှိ အခြေအနေမှာ မြန်မာစစ်အစိုးရအနေနဲ့ အခုလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နှေးကွေးနေတာက ဘယ်အချက်တွေကြောင့်လို့ ဦးဉာဏ်ဝင်းတို့ သုံးသပ်မိပါလဲရှင့်။ -

“ကျနော်တို့ ပြောနိုင်တာက စိတ်စေတနာပဲ။ ကျနော်တို့ လက်ရှိအစိုးရမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စိတ်စေတနာ ရှိရင် ကနေ့ ကျနော်တို့ ထုတ်တဲ့ ကြေညာချက် အချက်တွေကိုလည်း လိုက်လျောသင့်တယ်။ ကျနော်တို့ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကိုလည်း အစောဆုံး ပြန်လည် ဝင်ခွင့်ပေးသင့်တယ်။ ဒါ ကျနော်တို့ရဲ့ အမြင်ပါ။”

နောက် ပြင်ပမှာကတော့လေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို တစိုက်မတ်မတ် ထောက်ခံအားပေးလာတဲ့ အစိုးရတွေက ပြောကြတာ၊ အထူးသဖြင့်ပေါ့နော် အမေရိကန် အစိုးရ အရာရှိတွေက ပြောကြတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ အခု လေးကြိမ်မြောက် တွေ့ပြီးပြီပေါ့နော်။ ဒီလို တွေ့ပြီးတော့ အသေးစိတ် အချက်အလက်လည်း မသိရသေးတဲ့ အနေအထားမျိုးက အားရကျေနပ်စရာ မရှိဘူးလို့တော့ ပြောနေကြပါတယ် ဦးဉာဏ်ဝင်းရှင့်။ -

“ဟုတ်ကဲ့ပါ၊ ကျနော်တို့ကလည်း ဒီ လက်ရှိ အခြေအနေဟာ အခု အများမြင်သလို နိုင်ငံတကာ မြင်သလို တိုးတက်မှု မရှိဘူးဆိုတာ ကျနော်တို့ လက်ခံတယ်။ လက်ရှိ အစိုးရက အမျိုးသားရင်ကြားစေ့ရေးအတွက် စိတ်ကောင်း စေတနာနဲ့ ဆောင်ရွက်နေတယ် ဆိုတဲ့ အချက်အလက်ကို သိပ်မပေါ်လွင်သေးဘူးလို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပတ်သက်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG