သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စီးပွားရေး အားကောင်းလာအောင် မြေတောင်မြှောက်နိုင်ရေး ဒီမိုကရက်ပါတီက သမ္မတဘုရှ်နှင့် လက်တွဲဆောင်ရွက်မည်


ဒီအချိန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအတွက် စိန်ခေါ်အကဲစမ်းမှုတွေ ရင်ဆိုင် နေရတဲ့ကာလလို့ သမ္မတဘုရှ်က ပြောဆိုပါတယ်။ စီးပွားရေး ပြန်လည်အားကောင်းလာအောင် ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၅၀ လောက် အခွန် လျှော့ပေါ့ရေး အတွက် လုပ်ဆောင်လိုတယ်လို့ ပြောပါတယ်။ အတိုက်အခံ ဒီမိုကရက်ပါတီကတော့ စီးပွားရေး ပြန်လည်အားကောင်းလာဖို့ အဆိုပြုတဲ့စီမံချက်မှာ လူမှုရေးအထောက်အကူပြု စီမံချက်တွေအတွက် သုံးစွဲတာတွေ ပိုပြီး ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။ ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Scott Stearns သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

အမေရိကန်ပြည်သူတွေ စီးပွားရေး ရှေ့အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ် ဆိုတာကို သူ့အနေနဲ့သိပါတယ်လို့ သမ္မတဘုရှ်က ပြောပါတယ်။ အိမ်ယာဈေးကွက် မတည်မငြိမ် ဆက်ပြီးဖြစ်နေတဲ့အခြေအနေနဲ့ အလုပ်လက်မဲ့တွေ ပိုပြီးများလာနိုင်ခြေတွေ၊ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တဲ့ အန္တရာယ်တွေကို သူ့အနေနဲ့သိရှိတဲ့အကြောင်း ပြောဆိုတာပါ။

ဒါကြောင့်လည်း သမ္မတဘုရှ်အနေနဲ့ စီးပွားရေး ပြန်လည်အားကောင်းလာဖို့ အဆိုပြုတဲ့ စီမံချက်ကို ကွန်ဂရက်စ်နဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်လိုပါတယ်။ အပတ်စဉ် ရေဒီယိုက ပြောကြားတဲ့မိန့်ခွန်းမှာ သူက ကျယ်ကျယ်ပြန့်ပြန့် အခွန်လျှော့ချရေး လုပ်ငန်းတွေက စီးပွားရေး ပြောင်းလဲလာအောင် လုပ်နိုင်မယ့် လုံလောက်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်မယ်လို့ ဆိုပါတယ်။ အခွန်လျှော့ချရေး သူအဆိုပြုထားတဲ့ ငွေပမာဏဟာ အမေရိကန်ပြည်ထောင်စုအတွင်း ကုန်ပစ္စည်းနဲ့
ဝန်ဆောင် ထုတ်လုပ်မှု ပမာဏအားလုံးရဲ့ တစ်ရာခိုင်နှုန်းနဲ့ ညီပါတယ်။ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၀,၀၀၀ နဲ့ ၁၅၀,၀၀၀ ကြားမှာ ရှိပါတယ်။

“စီးပွားရေး ပြန်လည်အားကောင်းလာအောင်၊ ဦးမော့လာအောင် အဆိုပြုတဲ့ ဒီစီမံချက်ဟာ ယာယီဖြစ်ပြီး ချက်ခြင်းအကျုံးဝင် ထိရောက်အောင် ဆောင်ရွက်ရပါလိမ့်မယ်။ ဒါမှလည်း ကျနော်တို့ရဲ့စီးပွားရေးအတွက် အလိုအပ်ဆုံးအချိန်မှာ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ စီးပွားရေး ဦးမော့လာအောင် လုပ်တဲ့အစီအစဉ်မှာ အခွန်တွေ တိုးမြှင့်ကောက်ခံတာတွေ မပါစေရပါဘူး။ အထူးသဖြင့် ဒီ အဆိုပြုတဲ့ စီမံချက်မှာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ရမယ်၊ လူတွေရဲ့ ကုန်ပစ္စည်း ဝယ်လိုအားကို မြှင့်တင်နိုင်ရမယ်၊ ဒီအချက်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။”

သမ္မတဘုရှ်က စီးပွားရေး ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ဒီနှစ်အတွင်း အခွန်နဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့်တွေပေးဖို့၊ နောက် တဦးချင်းအခွန်ပေးတဲ့သူတွေကိုလည်း အခွန်လျှော့ပေါ့ပေးတာတွေ လုပ်ချင်ပါတယ်။ ကုန်ဝယ်သုံးစွဲသူတွေရဲ့လက်ထဲကို ကိုယ်ပိုင် ငွေများများထည့်ပေးနိုင်မယ်ဆိုရင် လူတွေ အသုံးနည်းနေတဲ့အချိန်မှာ ပိုပြီး
ဝယ်နိုင် သုံးလာနိုင်ကြလိမ့်မယ်လို့ ပြောပါတယ်။

သမ္မတဘုရှ်ဟာ ကြာသာပတေးနေ့က ကွန်ဂရက်စ်အတွင်း အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ ပါတီနှစ်ရပ်စလုံးက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ စေ့စပ်ညှိနှိုင်းဆောင်ရွက်တာတွေ မကြာခင် အောင်မြင်ပြီးစီးမယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း ပြောပါတယ်။

ဒီမိုကရက်ပါတီရဲ့ ရေဒီယိုကမိန့်ခွန်းမှာလည်း မက်ဆာချုးဆက် ကွန်ဂရက်စ်လွှတ်တော်အမတ် ဘာနီ ဖရန်ခ် (Barney Frank) က ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်ပါတီတွေ ဒီကိစ္စကို အမြန်ဆုံး အတူလက်တွဲလုပ်ဆောင်ဖို့ လိုတယ်လို့ ပြောဆိုပါတယ်။

“ချက်ခြင်း စီးပွားရေး ပြန်လည် ဦးမော့လာပြီး အားကောင်းဖို့အတွက် ဒီမိုကရက်ပါတီအနေနဲ့ သမ္မတနဲ့ ကွန်ဂရက်စ်အတွင်းက ရီပတ်ဘလီကန်ပါတီ အမတ်တွေနဲ့အတူ ရပ်တည် လက်တွဲဆောင်ရွက်မှာဖြစ်ပါတယ်။ ဆောင်ရွက်မယ့်အစီအစဉ်တွေထဲမှာ အမေရိကန်ပြည်သူ အများစုဆီရဲ့ အခွန်တွေကို ပြန်ပြီး ပေးနိုင်အောင်နဲ့ စီးပွားရေးကျဆင်းမှုရဲ့ အကြီးလေးဆုံး
ဝန်ထုပ်ဝန်ပိုးဒဏ် ခါးဆီးခံနေရသူတွေဆီ တိုက်ရိုက် တကြိမ်တည်းအဖြစ် တိုးပြီး ထောက်ပံ့တဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။”

မက်ဆာချုးဆက် ကွန်ဂရက်စ်လွှတ်တော်အမတ် ဖရန့်ခ်ဟာ အောက်လွှတ်တော် ဘဏ္ဍာငွေကြေးဌာနရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ အလယ်အလတ်တန်းစားလူတွေနဲ့ ရုန်းကန်လုပ်ကိုင်နေရတဲ့ လူတန်းစားတွေ ငွေပိုငွေလျှံရှိလာမယ်၊ သုံးစွဲလာနိုင်မယ်ဆိုရင် စီးပွားရေးကို ပြန်ပြီး အားကောင်းအောင် မြေတောင်မြှောက်ပေးမယ်၊ အလုပ်အကိုင်တွေ ဖန်တီးနိုင်မယ်ဆိုတာ စီးပွားရေး ပညာရှင်တွေကလည်း သဘောတူ လက်ခံကြတယ်လို့ သူက ပြောပါတယ်။

ဒီမိုကရက်တွေကတော့ အလုပ်လက်မဲ့တွေကိုပေးတဲ့ အကျိုးခံစားခွင့် တိုးပေးတာ၊ ဆင်းရဲသား တွေအတွက် အစားအသောက်တွေ ပိုပေးတာတွေကိုလည်း စီးပွားရေးအားကောင်းလာအောင် မြေတောင်မြှောက်ပေးမယ့် အစီအစဉ်ထဲမှာ တစိတ်တပိုင်းအဖြစ် ထည့်သွင်းချင်ကြပါတယ်။ ဒီလို လူမှုရေးအသုံးစရိတ်တွေ ပိုသုံးဖို့ကိစ္စကတော့ စီးပွားရေးကို ချက်ခြင်း များများ သက်ရောက်မှုရှိလာနိုင်တဲ့ကိစ္စ မဟုတ်တဲ့အတွက် စီမံချက်ထဲမှာ မထည့်သွင်းသင့်ဘူးဆိုပြီး သမ္မတဘက်က ကန့်ကွက်လာနိုင်ပါတယ်။

သမ္မတဘုရှ်က အခွန်နှုန်းထားတွေ ဖြတ်တောက်တာကို အမြဲတမ်းသတ်မှတ်နိုင်ဖို့ သူ့အနေနဲ့ ဆက်ပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာလည်း ယာယီ အဖြစ် စီးပွားရေး ပြန်လည်ဦးမော့လာအောင် သူ့ဘက်က အဆိုပြုချက်ထဲမှာတော့ သဘောတူညီချက်မရစေမယ့် အဓိက အဟန့်အတား ဖြစ်စေမယ့် အကြောင်းအရာတွေကို ဖယ်ရှားပြီး အတားအဆီးဖြစ်နိုင်တာတွေ ထည့်သွင်း ဖော်ပြမထားတဲ့အကြောင်း ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG