သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စီးပွားရေး ဦးမော့လာဖို့ အခွန်လျော့ချရေး အဆိုပြုချက် သမ္မတဘုရှ် ကမ်းလှမ်း


လောင်စာဆီဈေးနှုန်း မြင့်တက်မှုနဲ့အတူ တဟုန်ထိုး ထိုးကျနေတဲ့ အိမ်ယာဈေးတွေနဲ့ ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ကျဆင်းနေတဲ့ အမေရိကန် စီးပွားရေး ပြန်လည် ခေါင်းထောင်လာဖို့အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၅၀, ဝ၀၀ အထိကို ပြည်သူတွေဆီက အခွန်ငွေ လျော့ပေါ့ပေးလိုတဲ့အကြောင်း အမေရိကန်သမ္မတ ဘုရှ် က ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပြန်လည် အားကောင်းလာအောင် အခုလို အခွန်တွေ လျော့ပေါ့လိုတဲ့အကြောင်း ပြောဆိုတာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကနေ ဗွီအိုအေ သတင်းထောက် Scott Stearns သတင်းပေးပို့ထားကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

စားသုံးသူတွေ ပိုပြီးတော့ ဝယ်ယူသုံးစွဲလာနိုင်အောင်နဲ့ ကုမ္ပဏီကြီးတွေရဲ့ အသုံးစာရိတ်တွေ ပိုများလာအောင် အားပေးဖို့ အတွက် စီးပွားရေး ပြန်ပြီး ဖွံ့ဖြိုးအောင်လုပ်မယ့် ကမ်းလှမ်းချက် အစီအစဉ်တစ်ခု အမြန်ဆုံး ဆောင်ရွက်သွားဖို့ သမ္မတရဲ့ ထိပ်တန်း စီးပွားရေး အကြံပေးတွေဟာ ကွန်ဂရက်စ် လွှတ်တော်နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတ ဘုရှ် ကပြောပါတယ်။

“စီးပွားရေးကို ထိထိရောက်ရောက်နဲ့ ဖွံ့ဖြိုးအောင်လုပ်မယ့် ဒီ ကမ်းလှမ်းချက်ကို မြန်မြန်ဆန်ဆန် အတည်ပြု လိုက်မယ်ဆိုရင် အခြေခံခိုင်တဲ့ စီးပွားရေးတစ်ခု ပြန်ပြီးအားကောင်းလာအောင် ကျနော်တို့ လုပ်နိုင်ပါလိမ့်မယ်။ အိမ် အရောင်းအဝယ် ဈေးကွက်လိုမျိုး တချို့ စီးပွားရေးကဏ္ဍတွေကို ထိခိုက်နေတာတွေကို ပြန်ပြီးတော့ အဖတ်ဆယ် သွားနိုင်ပါလိမ့်မယ်။”

စီးပွားရေး အားကောင်းအောင်လုပ်တာဟာ ယာယီအားဖြင့်သာ ဖြစ်ပေမယ့်လည်း ဒါဟာ အပြောင်းအလဲ အကြီးအကျယ် လုပ်နိုင်တာမျိုးလည်း ဖြစ်ရလိမ့်မယ်လို့ သမတ ဘုရှ် က ဆိုပါတယ်။ သူ အဆိုပြုထားတဲ့ ဒီ ပမာဏဟာ ဒေါ်လာ သန်းပေါင်း ၁၄၀,၀၀၀ နဲ့ ၁၅၀,၀၀၀ အထိ အဖိုးရှိပါတယ်။ အမေရိကန် ကုန်ပစ္စည်းတွေနဲ့ လုပ်ငန်းတွေရဲ့ ၁ % နဲ့ ညီတယ်လို့လည်း သမတ ဘုရှ် က ပြောပါတယ်။

အမေရိကန် စီးပွားရေး အခြေအနေနဲ့ပတ်သက်လို့ သူ့အနေနဲ့ အကောင်းမြင်ပေမယ့်လည်း အခုအချိန်မှာ စီးပွားရေး ကျဆင်းလာနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ သမတ ဘုရှ် ကဆိုပါတယ်။

အခွန်နဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့်တွေကို အမြန်ဆုံးနဲ့ တိုက်ရိုက်ပေးနိုင် သူ့အနေနဲ့ လုပ်လိုတဲ့အကြောင်း၊ ဒါမှသာ ပြည်သူတွေ ဆောင်ထားတဲ့ အခွန်ငွေတွေ ပြန်ပေးတာကနေ သုံးစွဲမှုအားတွေ မြှင့်တင်လာမယ့်အပြင် စီးပွားရေးသမားတွေ အနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုကြီးတွေကို လုပ်လာနိုင်လိမ့်မယ်လို့ သမ္မတ ဘုရှ်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“အမေရိကန်နိုင်ငံသားတွေ လက်ထဲမှာ ငွေပိုရှိတဲ့အခါ သူတို့ သုံးစွဲနိုင်မှာဖြစ်သလို ကျနော်တို့ရဲ့ စီးပွားရေးကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ ပြည်သူတွေအနေနဲ့ သုံးစွဲမှုအား နည်းနေအုံးမှာပါပဲလေ။”

သမ္မတ ဘုရှ် ဟာ လွှတ်တော်နှစ်ရပ်စလုံးမှာရှိတဲ့ ပါတီ နှစ်ရပ်စလုံးက ခေါင်းဆောင်တွေနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့သလို သူ့ရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ မကြာခင် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း သမ္မတ ဘုရှ် က ပြောဆိုခဲ့ပါသေးတယ်။

အတိုက်အခံ ဒီမိုကရက်တွေကလည်း သူတို့အနေနဲ့ သဘောတူညီမှု အမြန်ဆုံး ရလိုတယ်လို့ ဆိုပါတယ်။ မကြာခင်ရက်တွေအတွင်း နှစ်ဖက်ပါတီကြား စေ့စပ်ညှိနှိုင်းမှုတွေကနေ အချိန်ကိုက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ့် ရေတို အထောက်အပံ့ဖြစ်နိုင်မယ့် သဘောတူညီမှုတစ်ရပ် ရရှိလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒီမိုကရက်တစ်ဦးဖြစ်တဲ့ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က ပြောပါတယ်။

အိမ်ဖြူတော်ရဲ့ ကြိုးပမ်းချက်တွေအတွက် လွှတ်တော်ရဲ့ သဘောတူညီချက် ရရှိဖို့ ဘဏ္ဍာရေး ဝန်ကြီး Henry Paulson က ဦးဆောင်ကြိုးပမ်းနေပါတယ်။ အခု အဆိုပြုချက်အရ အခွန်ဆောင်ထားသူတွေကို ဒေါ်လာငွေ ၈၀၀ ပြန်ပေးတာမျိုးတွေ ပါဝင်နိုင်တယ်လို့ သတင်းစာတွေက ရေးသားနေကြတာနဲ့ပတ်သက်လို့တော့ တုံ့ပြန်ပြောဆိုဖို့ သူက ငြင်းဆိုပါတယ်။

“ကျနော်တို့အနေနဲ့ အသေးစိတ် ဘာမှ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထပ်ပြောရမယ်ဆိုရင် ကျနော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ နှစ်ဖက် သဘောတူညီချက်တွေလည်း အများကြီး ရှိနေပါတယ်။”

သမ္မတ ဘုရှ်က အခွန်နှုန်းထားတွေ ဖြတ်တောက်တာကို အမြဲတမ်းသတ်မှတ်ဖို့ သူ့အနေနဲ့ အခိုင်အမာ ဆုံးဖြတ်ထားဆဲ ဖြစ်တဲ့အကြောင်း ပြောဆိုထားတဲ့ တချိန်တည်းမှာ ရေတို စီးပွားရေး ပြန်လည် ဦးမော့လာအောင် သူ တောင်းဆိုထားတဲ့ အခွန်လျော့ချရေး အဆိုပြုချက်ထဲမှာတော့ အဓိက အဟန့်အတား ဖြစ်စေမယ့် အကြောင်းအရာတွေကိုတော့ ဖယ်ရှားပြီး ထည့်သွင်း ဖော်ပြမထားတဲ့အကြောင်း ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG