သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာသနာညစ်နွမ်းစေမှုဖြင့် ဖမ်းဆီးခံထားရသည့် သက်ကြီးသံဃာများနှင့် သီလရှင်များ ထောင်တွင်း ကျန်းမာရေးဆိုးရွား


ပြီးခဲ့တဲ့ စက်တင်ဘာလ ဗုဒ္ဓဘာသာ သံဃာတွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာကို စစ်အစိုးရကနေ အကြမ်းဖက် နှိမ်နင်းပြီးတဲ့နောက် ဘုန်းကြီးကျောင်းတွေ အတော်များများကို လုံခြုံရေး အာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး သံဃာတော်တွေ တော်တော်များများလည်း အဖမ်းခံ ခဲ့ရပါတယ်။

ဒီလို ဖမ်းတဲ့ ဆီးတဲ့အထဲ မြောက်ဥက္ကလာပ ဘုန်းကြီးကျောင်းတစ်ခုက သက်ကြီးရွယ်အို သံဃာတော်တွေ၊ သီလရှင်တွေလည်း အဖမ်းခံခဲ့ရပြီး သူတို့ကို သာသနာ ညစ်နွမ်းမှုဆိုတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် သံဃာတော်တွေကတော့ သူတို့ကို မတရား စွပ်စွဲ ခံရထားရတယ်လို့ ဆိုပြီး ထောင်ထဲမှာ လူဝတ်လဲခံရပေမယ့် ရဟန်းသိက္ခာ မချထားဘူးလို့လည်း သိရပါတယ်။

ဒီသံဃာတွေ၊ သီလရှင်တွေဟာ နဂိုကတည်းက ဆင်းရဲနွမ်းပါးတဲ့အပြင် အသက်အရွယ် ကြီးတာကြောင့် အခုထောင်ထဲမှာ ကျန်းမာရေး ချို့တဲ့မှုတွေ ဖြစ်နေတယ်လို့ သူတို့ရဲ့ အမှုကို လိုက်ပေးနေတဲ့ ရန်ကုန်မြို့က ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးသားညွန်ဦးက ရှေ့နေ ဦးဖိုးဖြူကို မေးမြန်းတော့ ရှေ့နေဦးဖိုးဖြူက အခုလို ရှင်းပြပါတယ်။

“ရဟန်းတော် ၇ ပါး၊ သီလရှင် စုစုပေါင်း ၇ ပါးပါတယ်၊ ဦးအာနန္ဒ သက်တော် ၆၁ နှစ်၊ ဝါတော် ၄၀၊ နောက်တစ်ခါ ဦးဝိမာလ သက်တော် ၆၆ နှစ်၊ နောက်တစ်ပါးက ဦးပညာနန္ဒ၊ နောက်တစ်ပါးကျတော့ ဦးကုသလ၊ သက်တော် ၆၃ နှစ်၊ ဦးနာရဝရ၊ သက်တော် ၆၉ နှစ်၊ ဦးဝိသုတိ၊ သက်တော် ၅၃ နှစ်၊ ဦးပညာသာမိ၊ သက်တော် ၅၃ နှစ်၊ အဲဒါက ရဟန်းတော်တွေပါခင်ဗျ။ နောက်ပြီးကျတော့ ဒေါ်ပညာသိင်္ဂီ သက်တော် ၅၄ နှစ်၊ ဒေါ်စိတ္တတိ သက်တော် ၃၂ နှစ်၊ ဒေါ်ထေရီ သက်တော် ၇၀၊ ဒေါ်ဝဏ္ဏ သက်တော် ၆၇ နှစ်၊ ဒေါ်ပုဏ္ဏမီ သက်တော် ၈၀၊ နောက်ပြီးတော့ ဒေါ်သိင်္ဂီ သက်တော် ၆၄ နှစ်၊ ဒေါ်သီလနန္ဒီ သက်တော် ၄၈ နှစ်၊ အဲဒီထဲကမှ ဦးအာနန္ဒနဲ့ ဦးနာရဝရတို့က လေဖြတ်ပြီးတော့ ရုံးပေါ်ကို အမှု လာရင်ဆိုင်နေရတယ် ခင်ဗျ။ သက်တော် ၇၀ ဖြစ်တဲ့ ဒေါ်ထေရီနဲ့ သက်တော် ၈၀ ရှိတဲ့ ဒေါ်ပုဏ္ဏမီတို့ကလည်း တော်တော် ကျန်းမာရေး အခြေအနေ ဆိုးနေတယ်ခင်ဗျ။ ရုံးတော်ကို ဖျားဖျားကြီးနဲ့ပဲ လာတက်နေရတယ်။ ရုံးချိန်း ချိန်းလိုက်တာ ၁၀ ကြိမ်မှာမှ လောလောဆယ်ထိ သက်သေ တစ်ယောက်ပဲ စစ်ရသေးတယ်ခင်ဗျ။ နောက်ပြီးတော့ နာမကျန်းဖြစ်နေတဲ့၊ လေဖြတ်နေတဲ့ အနေအထားမျိုးနဲ့ ဆေးဝါးတွေလည်း မရရှိဘဲနဲ့ ရုံးတက်နေရတယ်လို့ ကျနော် သိရပါတယ်။ အဲဒီအမှုကို ကျနော် မနေ့ကပဲ ဒီအမှုကို ကျနော် လက်ခံလိုက်တယ်ခင်ဗျ။”

အခု ဒီဘုန်းကြီးတွေ၊ သီလရှင်တွေကို သာသနာညိုးနွမ်းမှုနဲ့ တရားစွဲထားတယ် ဆိုတော့ သူတို့ကရော ဘာတွေများ လုပ်ခဲ့လို့လဲခင်ဗျ။ -

“စွပ်စွဲချက်တွေတော့ ရှိပါတယ်၊ ကျောင်းတိုက်ကို အခကြေးငွေ ယူပြီးတော့ လက်ခံတယ်၊ နောက် ရဟန်း ရက်ချုပ် အတုတွေ ကိုင်ဆောင်ထားတယ်။ နောက် ကိုယ်ရင်ကြီးများကို ရဟန်းအဖြစ် အယောင်ဆောင်ထားတယ်လို့ သူတို့က အဲလို စွပ်စွဲထားပါတယ်ခင်ဗျ၊ နောက်ပြီးတော့ ဆင်ဆာမဲ့ ဗီဒီယိုတွေ၊ ညစ်ညမ်းဗွီဒီယိုတွေလည်း သိမ်းဆည်းထားတာကို တွေ့ရတယ်ခင်ဗျ။ ကိုယ်တော်ကြီးတွေကို မေးတဲ့အခါကျတော့ သူတို့ကျောင်းအနေနဲ့ ဒါမျိုးတွေ မရှိပါဘူး၊ သူတို့တွေ ဒါမျိုးတွေလုပ်တဲ့ သူတွေ မဟုတ်ပါဘူး၊ သက်တော်ဝါတော်တွေလည်း အလွန်ကြီးနေပါပြီ။ ဒါကြောင့်မိုလို့ ဒါမျိုးတွေလည်း မကြည့်ပါဘူး၊ ကြည့်ရအောင် ဘာစက်မှလည်း မရှိပါဘူးလို့ ပြောတယ်။ ကျနော်ကလည်း ကျောင်းတိုက်ကို သွားကြည့်တယ်ခင်ဗျ။ ကျောင်းတိုက်က သစ္စာသရဖူ ကျောင်းတိုက်၊ အာသာဝတီ ကျောင်းဝင်းထဲမှာ ရှိတယ်၊ မြောက်ဥက္ကလာ။ ကျောင်းက တော်တော် ဆင်းရဲပါတယ်ခင်ဗျ။ အဲလိုမျိုး အပေါ်စက်တွေ၊ အောက်စက်တွေ အဲလိုမျိုးကြည့်လို့ရတဲ့ ကျောင်းမျိုးလည်း မဟုတ်ဘူးခင်ဗျ။”

ဟုတ်ကဲ့၊ ဘုန်းကြီးတွေကျတော့ ဒီပြစ်မှုနဲ့ပေါ့၊ သီလရှင်တွေကျတော့ ဘာပြစ်မှုနဲ့ စွဲချက် တင်ထားပါသလဲ။ -

“ဟုတ်ကဲ့၊ သီလရှင်တွေကိုလည်း ဒီပြစ်မှုထဲမှာပဲ တတွဲတည်းပဲ စွဲဆိုထားတယ် ခင်ဗျ၊ သီလရှင်တွေနဲ့ ပတ်သက်ပြီးတော့ သီးခြား ဘာမှ သက်သေခံ ပစ္စည်း အနေနဲ့ သိမ်းဆည်းထားတာတော့ မရှိပါဘူး ခင်ဗျာ။”

ဟုတ်ကဲ့၊ သူတို့ကို ဘယ်အချိန်တုန်းက စပြီးတော့ ဖမ်းတာလဲခင်ဗျ။ -

“သူတို့ကို ၂၈ ရက်နေ့ ၉ လပိုင်းက စဖမ်းတယ်လို့ သိရပါတယ်။”

အဲဒီတော့ ကျနော်တို့ ဒီ စက်တင်ဘာ လှုပ်ရှားမှုတွေ ဖြစ်နေတဲ့ကာလပေါ့။

“ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒီအထဲမှာပဲ၊ ဒီကျောင်းတိုက်ကို မသင်္ကာလို့ ဆိုပြီး ဝင်ဖမ်းတဲ့ အခါကျတော့ တကယ့် ရဟန်းပျိုတွေ၊ တက်ကြွစွာ လှုပ်ရှားနေတဲ့ ရဟန်းပျိုတွေ မဟုတ်ဘဲနဲ့ ဒီလောက် သက်တော်တွေ ကြီးနေတဲ့ ရဟန်းတော်ကြီးတွေပဲ ရှိတယ်။ ဘယ်သူတွေမှလည်း ရှိတာမဟုတ်ဘူးခင်ဗျ။”

ဒီဘုန်းကြီးတွေက ပြီးခဲ့တဲ့စက်တင်ဘာ ရဟန်းသံဃာတွေ ဆန္ဒပြတုန်းက ပါဝင်ခဲ့ဖူးလား။ -

“ကိုယ်တော်တို့ ဘာတွေ လုပ်ခဲ့လဲဆိုပြီး မေးတဲ့အခါကျတော့ အပြင်ထွက်ဖို့ နေနေသာသာ လောလောဆယ် ကိုယ့်ကိုကိုယ်တောင် တုန်ချိနေလို့ ကျန်းမာရေးကိုတောင် တော်တော် ဂရုစိုက်နေရတဲ့ အနေအထားပါတဲ့။”

ဒီအစိုးရဖက်က တရားစွဲရလောက်အောင် ဘုန်းကြီးတွေကို ဖမ်းမိတဲ့အခါမှာ သက်သေ၊ သက်ကာယတွေရော ရှိထားလား။ -

“အဲ - လောလောဆယ် ရှာဖွေပုံစံနဲ့ပတ်သက်ပြီးတော့ ကျနော် ကြည့်မိရသလောက်တော့ ရက်ချုပ်အတုလို့ စွဲထားတဲ့ စာရွက်တစ်ရွက် ပါတယ်။ ဆင်ဆာမဲ့ ဗွီဒီယို ဆိုတဲ့ အခွေတွေ တွေ့ရတယ်။ ဒါပေမယ့်လို့ အမှုစစ်ကြည့်တဲ့ အခါကျတော့မှ ဒါတွေက သူတို့ဆီက သိမ်းဆည်းမိတာ၊ သူတို့ ကိုယ်တိုင် အပ်ပေးတာတွေ ဟုတ်မဟုတ် ဆိုတာ ကျနော်တို့ တွေ့ရှိရမှာခင်ဗျ။ အမှု မစစ်ရသေးတော့ ကြိုတော့ မပြောနိုင်ပါဘူးခင်ဗျ။”

အခု သူတို့ကို ဘယ်မှာထားလဲခင်ဗျ။ -

“ဟုတ်ကဲ့၊ အင်းစိန်မှာ ထားတယ်လို့ သိရပါတယ်ခင်ဗျ။ မနေ့က ရုံးချိန်းရက်ကပဲ ခေါ်သွားပါတယ်။”

သူတို့ရဲ့ သက်ဆိုင်ရာ မိသားစုတွေ၊ ဆွေမျိုးတွေကရော တွေ့ခွင့်ရသလား။ -

“မိသားစုဝင်တွေကတော့ မလာနိုင်ပါဘူးခင်ဗျာ၊ ဆွမ်းလေး တခါတရံ လာပို့တဲ့ ရပ်ကွက်ထဲက ဒကာ၊ ဒကာမတွေ နည်းနည်းပါးပါး လောက်ပဲ လာနိုင်ကြတယ်။ တော်တော်လေး ဆင်းရဲတဲ့ ကျောင်းမျိုးပါ ခင်ဗျ။ ရုံးတက်တာတောင် ၁၀ ကြိမ်၊ ၁၁ ကြိမ် ရှိနေပြီ၊ အခုကျမှပဲ ဒါကို သိရတယ်ခင်ဗျ။ ကျနော်တို့ကလည်း အချိန် မှီဖြစ်အောင်ကို ပါဝါတင် ကြိုးစားပြီးတော့ သူတို့အမှုအတွက် ရင်ဆိုင်ပေးမယ် ဆိုပြီးတော့ မနေ့ကမှ ပါဝါတင်ဖြစ်တယ်ခင်ဗျ။”

ဟုတ်ကဲ့၊ ဦးဖိုးဖြူရေ အခုလို ရှင်းပြပေးတာ ကျေးဇူး အများကြီးတင်ပါတယ်နော်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG